Wednesday, October 14, 2009

ဘူတာအမှတ် - ၄၅

စာမိတ်ဆွေ
ဒီဝတ္ထုတိုလေးက ရေးဖြစ်ခဲ့တာ ခုဆို ဆယ်စုတစု တိုင် တော့မယ်။ မှတ်မှတ်ရရ ဒီဘက် လွတ်မြောက်နယ်မြေကို ရောက်ပြီး ပထမဆုံးရေးဖြစ်တဲ့ ၀တ္ထုလေးပါ။ ဒေါင်းအိုးဝေမှာ ရေးဖြစ်ခဲ့တာပါ။ ကိုယ်ရေးဖြစ်ခဲ့တာလေးတွေပြန်စုရင်း စာ ဖတ်သူကိုလည်း ဖတ်ကြည့်စေချင်တာနဲ့ ပြန်လည်တင် ဆက်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်
စာရေးသူ

ဘူတာအမှတ် - ၄၅

ခရီးသည်သည် ဘယ်၍ဘယ်မျှ မိန်းမော သို့မဟုတ် တွေဝေ သို့မဟုတ် လွင့်မျော၊ အိပ်ပျော် ... စသဖြင့် စိတ်နှင့်ကိုယ် ကင်းလွတ်နေခဲ့လေသည်မသိ။ ရထားကြီး ... အင်းလေ ... ရထားကြီးတစီး ဟုသာ ဆိုပါစို့။ သည်ရထားကြီး ဘယ်အချိန်ဘယ်လောက်စ၍ သည်နေရာသို့ဘယ်လိုပုံ ဘယ်လို နည်းဖြင့် ရောက်ရှိလာမှန်းမသိလိုက်ဘဲရှိနေခဲ့ရာမှ တဆိတ်စာလေးမျှ သူ့ကိုယ်သူ သတိထားမိ လိုက်ချိန်လေးတွင် နံဘေးပြတင်းပေါက်ကိုကျော်၍ အပြင်ကို အမှတ်မထင် ကြည့်မိလိုက်ခြင်းသာ ဖြစ်၏။

ဘူတာအမှတ် - ၄၅
မခမ်းနားလိုက်ရုံမက မှုန်ကုပ်ကုပ် ညိုမှိုင်းမှိုင်း ဖြစ်နေသေးသည့် ဘူတာအဆောက်အဦလေး အ တွင်းရှိ ချောင်ကျကျတနေရာတွင် ထိုဆိုင်းဘုတ်လေးကို သူသတိထားမိလိုက်ခြင်းဖြစ်၏။

“ သြော် .. ဘူတာအမှတ် ၄၅ တဲ့ ”

ခရီးသည်က သူ့တကိုယ်ကြားအသံဖြင့် နှုတ်မှ ရွတ်ဖတ်လိုက်၏။ ထိုရွတ်ဖတ်သံသည် တိုတောင်း တိုးဖွလွန်းသော်လည်း သူ့အတွက်မူ ရှည်လျားဟိန်းထသွားသည့်ပမာ သူ့လိပ်ပြာကို လှုပ်ရှားနိုး လန့် သွားစေတော့၏။

ထိုခဏတွင် သူ့အဖြစ်က မေ့မြောကမ်းတင် လွင့်စဉ်နေခဲ့ရာမှ ရုတ်ခြည်းသက်ဝင် ထထိုင်လိုက် သည့် လူတယောက်သဖွယ်သာဖြစ်နေခဲ့ရာ ညိုမှိုင်းမှုန်ကုပ်နေတော့သည့် ဘူတာရုံလေးမှာ ထိုအဖြစ်အား စိုးစဉ်းမျှမသိလေသည့်ဟန်နှင့် ပို၍သာ ငြိမ်ဆိတ်မှုန်ကုပ်သွားလေတော့သည်။



အစဉ်လိုက်အစီလိုက်၊ အလွှာလိုက်အကန့်လိုက်တော့ မရနိုင်တော့ပြီ။ ဟိုတစက် သည်တကွက် မှိန် သည့်နေရာ မှိန်၊ လင်းသည့်နေရာ လင်း၊ သို့တိုင်အောင် အလျဉ်းမေ့လျော့နေခဲ့သည်တို့ကသာ ပို၍ များမည် ထင်၏။

ဖြစ်နိုင်လျှင် ဘူတာအမှတ် ၄၄၊ ၄၃၊ ၄၂ စသည်ဖြင့် တဖြည်းဖြည်းချင်း နောက်ပြန်ရစ်ကာ သူ စဉ်းစား မှတ်မိချင်သည်။ သို့သော် ပေါ်မလာ။ ရှိစေတော့ဟု သဘောထား၍ ရနိုင်သလို မှတ်မိသမျှ မိမိကိုယ်မိမိ တူးဖော်ရှာဖွေကြည့်ရေးသာ အကောင်းဆုံးဟု သူသဘောပိုက်ရသည်။ နေပါဦး၊ လို အပ်မည်လား။ လွန်ခဲ့ပြီးသောမိုင်တိုင်များစွာက ခရီးလမ်းတလျှောက် အဖြစ်သနစ်များသည် ယခု လိုအခါမျိုးမှာ သူ့အတွက် လိုအပ်မှာလား။ မိမိခရီးက ပင်လယ်ကမ်းစပ် သဲသောင်လွလွတွင် နှင်ခဲ့ ရလေသည်မဟုတ်။ နှင်ခဲ့ရသည့်တိုင် ထင်ကျန်ရစ်မည့် မိမိခြေရာများသည်ကော ဒီရေအတက် လှိုင်းဂယက်တွင် ကျေပျက် ပြယ်လွင့်မသွားဘဲနေမည်လား။

မိမိခြေရာမိမိခရီးလမ်းကို ပြန်လည်တမ်းတရှာဖွေရသည်မှာ ကောင်းကင်မှာ ငှက်ခြေရာကိုရှာလိုသူ သူရူးတယောက်နှယ် ဖြစ်မနေဘူးလား။ ဟော .. ငှက်ခြေရာဟုဆိုလိုက်၍ သူသည် ငယ်ငယ်တုန်း က တည နေ၏ နေဝင်ရိုးရီအချိန်လေးကို သတိရလိုက်မိ၏။

ဆောင်းနှောင်းညနေတခုများလား။ ဒါတော့ မရေရာ။ မှတ်မိနေသည်မှာ လူကြီးတွေက ပေါင်းမြက် ခင်း ကြီးတခုကို မီးရှို့နေကြတာ။ ထိုပေါင်းမြက်တောကြီးမှာ တော်တော်လေးကျယ်ပြောတာကို သူသတိရ၏။ လေတဟူးဟူးကြားတွင် ထိုပေါင်းပင်တောမှာ မှီကြခိုကြရရှာသည့် ဖလံပိုးအမျိုးမျိုး တို့သည် မီးဒဏ်ကြောင့် အော်ဟစ်ညည်းတွားရင်း လူးလားဆန်ခတ် ပျံဝဲပြေးနေကြတော့၏။ ခဏ ကြာတော့ ဖလံပိုးငယ်လေးတွေ ဆောက်တည်ရာမရပျံဝဲငိုကြွေးနေကြရာ မီးခိုးတွေမှိုင်းထအူတက် နေသည့် ထိုနေရာသို့ ဘယ်ကဘယ်လို ရောက်လာမှန်းမသိရသည့် ငှက်ငယ်တအုပ် ရုတ်ခြည်း ပေါက်ချလာ၏။

“ ဟေး ..ပျံလွှားတွေကွ၊ ပျံလွှားတွေ အများကြီးပဲ ... ပျော်စရာကြီး”

သူတို့ကလေးအုပ်ထဲက ဘယ်သူမှန်းမသိတော့သည့် ကလေးတကောင်က ထအော်မှ ငှက်တွေကို ပျံလွှားလို့ခေါ်မှန်း သူသိရသည်။ ထိုကောင်လေးသည် လက်ထဲမှာလည်း ခဲလုံးတလုံးကိုကိုင်ထားကာ ပျံလွှားငှက်တွေ ဝဲပျံနေသည့် အမြင့်နေရာကို လှမ်း၍လှမ်း၍ ပစ်နေလေသည်။ ပျံလွှားဆိုသည့် အမြီးနှစ်ခွနှင့် ငှက်ကလေးများမှာလည်း လျင်လွန်းမြန်လွန်းလှပါဘိတောင်း။ မီးခိုးတွေထဲမှာ ပြေး လွှားပျံသန်းရင်း ပိုးဖလံလေးတွေကို ထိုးသုတ်နေကြရာ ဝဲပျံလာသည့်ခဲလုံးတလုံးကို အမှုပင်ထား လိုက်ကြဟန်မရှိ။

သူသည် မီးခိုးများ၊ ပိုးဖလံငယ်များ မနည်းမနောများပြားလှသည့် ပျံလွှားငှက်ငယ်များကိုကြည့်ရင်း စောစောကကောင်လေးလုပ်သလို လိုက်လုပ်မိတော့၏။ သည်လိုနှင့် တချက်မှတော့ ပျံလွှားငှက်ငယ် တကောင်သည် သူ့လက်ချက်ကြောင့် မထင်မှတ်စွာ မြေပြင်ပေါ်သို့ ဖုတ်ခနဲ ပြုတ်ကျလေ တော့၏။

“ ဟေး .. ထိသွားပြီကွ၊ ဟိုးမှာ .. ဟိုးမှာကျလာပြီ မြင်လား ”

ငှက်လေးသည် မြေပြင်ပေါ်သို့ကျလာသည့်တိုင် သူ့အတောင်လေးများကို ခတ်ကြည့် ယက်ကြည့် လုပ်နေသေး၏။ ထိုနေရာသို့သူရောက်သွားချိန်ထိ ငှက်လေးမှာတောင်ပံတဖျတ်ဖျတ် ခတ်လျက်ရှိ တုန်း။ သို့သော် ခဏအကြာမှာပင် သေသည်။ သူသည် သက်မဲ့ပျံလွှားငှက်ငယ်၏ တောင်ပံဖျား နှစ်ဖက်ကို ဆန့်ထုတ်ကာဖြန့်ကားလိုက်ရင်း သူ့ထက်အရင် ငှက်တွေကိုပစ်ဖမ်းနေသည့် ကောင် လေးဘက်သို့ လှမ်း၍ ဂုဏ်ယူစွာ ပြလိုက်၏။

“ ဒီမှာတွေ့လား၊ ငါ့လက် ဘယ်လောက်ဖြောင့်လဲ ”

ကောင်လေးသည် သူ့လက်ထဲမှ ငှက်ကိုတချက်၊ သူ့ကိုတချက်လှမ်းကြည့်လိုက်ပြီး ...
“မင်းအမေကတော့ ရိုက်တော့မယ်”
တကယ်ပင် ထိုညက သူအရိုက်ခံရ၏။



ဆိုကြပါစို့။
ကလေးဘဝကို သူမှတ်မိနေသည်မှာ သည်လောက်ပါပဲ။ သာမန်ပါပဲ။
ငမျောက်ငခြောက်လေး တကောင်လိုသာ သူကြီးပြင်းလာခဲ့။
ဒီ့ထက်နည်းနည်းမှတ်မိတာတွေကလည်း အဖေနဲ့အမေ့အကြောင်း တကွက်တလေမျှ။ အဖေအ ရက်မူးလာတိုင်း အမေ့ကိုရိုက်တာ။ အဖေနဲ့အမေတို့ သတ်ကြပုတ်ကြတာ။ နောက်နေ့များမှာဆို ရင်တော့ အမေ့မျက်နှာတွင် ဖူးရောင်ညိုမည်းလျက် သူတွေ့ရလေ၏။

ထိုအဖြစ်အပျက်များဖြစ်ပြီးနောက် အမေသည် အဖေ့အနားကို သိပ်မကပ်တော့ဘဲ တရှောင် ရှောင်ဖြစ်နေခဲ့ရာမှ သူသတိမထားမိလိုက်သောတချိန်တွင် အမေနှင့်အဖေသည် ပြန်၍ပြေလည် သွားတတ်မြဲ။ ထို့ နောက် အဖေက မူးလာမြဲ။ အမေ့ကိုလည်း နှိပ်စက်လေမြဲ။

သူ့ကိုရှင်ပြုကြတော့ အဖေရောအမေပါ ပျော်တပြုံးပြုံးဖြစ်နေကြပုံ။ သူ၏ကလေးဘဝသည် ထိုမျှနှင့် သာ မှိန်ဝါးသွားတော့၏။ ရှင်သာမဏေလေးဘဝမှာ နှစ်ညအိပ် သုံးရက်ကြာသော်လည်း သူ ကောင်းကောင်းမမှတ်မိ။

သူ့စိတ်အစဉ်သည် ဘူတာအမှတ် ၄၂၊ ၄၃- ကာလတို့ကို လွှားခနဲကျော်၍ သတိပြန်ဝင်၏။ သူ့စိတ် က အရှင်ပဏ္ဍိတဆိုသည့် ရဟန်းဘဝကို ဆိုက်ကပ် ငြိတွယ်လာပြန်သည်။ ထိုရဟန်းဘဝတွင် က လေးဘဝကို ပြန်ပြောင်းမတွေးဖြစ်တော့ရာ သူ့ကြောင့် ပျံလွှားငှက်လေးတကောင် သက်သက်မဲ့ ပျက်စီးခဲ့ခြင်းကို အမှတ်မထားဖြစ်တော့။ သူ၏ရဟန်းဘဝသည် မထင်မှတ်ဘဲ ကြာတောင့်ကြာရှည် ဖြစ်ခဲ့၏။

ထိုစဉ်ကာလက ခြောက်ခြားအရိပ်များသည် သူ့စိတ်သူ့ကိုယ်ကို အစဉ်လွှမ်းအုပ် ချည်နှောင်ထားနေခဲ့ သလိုမျိုး။ ဝါတော်ရင့်အိုလာပြီဖြစ်သည့် ဆရာတော်ကြီးက သူ့အရိပ်လက္ခဏာကိုကြည့်ကာ အမြဲပင် တရားမှတ်ခိုင်းတတ်၏။ မိမိမှာဖြင့် တရားနှင့်ကိုယ်က စိန်းစားနိုင်လွန်းလှတာတွေ သူပြန်တွေး မြင်နေမိ ခဲ့၏။

မျှော်လင့်ထားပါလျက် ကြိုတင်တွေးဆထားပါလျက် မမျှော်လင့်မထင်မှတ်ပါဘဲ ဖြစ်မြဲဖြစ်တတ်သည့် လောကအကြောင်းတို့ကို ထိုတညတွင် ဗြုန်းစားကြီး ကြုံလာရတော့၏။
ဘာတွေဖြစ်ကုန်ပြီလဲ .. ။
သေချာတာတခုကိုတော့ အမြန်ဆုံးပင် သူ အဖြေရှာနိုင်ခဲ့၏။ အရာအားလုံးကို တနေရာမှာ သေချာ စွာ မြှုပ်နှံသင်္ဂြိုဟ်ပစ်ဖို့ပင်။

ထိုညက သူသည် အရိပ်မည်းများနှင့် ပြေးတမ်းလိုက်တမ်းကစားခဲ့ကြရာ တရေးရဖို့ပင်နေနေသာသာ တဒင်္ဂကျောခင်းစရာ နေရာလေးပင် မရခဲ့။ မိမိအရိပ်က မိမိကိုပင် ပြန်ခြောက်လန့်စိုးထိတ်နေ ခဲ့ရသည် ကိုမှတ်မိ၏။

ဒါဖြင့် သူတို့ကရော ... ။ သားရဲထူပြောလှသည့် တခုသောအမှောင်ချောက်ကမ်းပါးကြီးထဲ၌ ငရဲအ ထပ် ထပ်သည်ရှိ၏။ သူကောင်းတို့၏လမ်းသည် ယခုလို မိစ္ဆာဒိဋ္ဌိတွေသာအတိပြီးသည့် နေရာဌာန မဟုတ်ခဲ့ သော်လည်း ထိုအဖြစ်သည် အဘယ်ကြောင့်များ တည်ရှိခဲ့ရပါသလဲ။

“တယောက်ယောက် တခုခုဖြစ်သွားရင် ... ကျန်တဲ့လူက အမြန်ဆုံးလွတ်အောင်ရုန်း၊ နောက်ဆံမငင် နဲ့၊ သူတို့ကလက်တန်ရှည်တယ်၊ ... နေရာအနှံ နှိုက်လို့ရတယ် ”

တချိန်က သူတို့သစ္စာဖက်သူချင်း တီးတိုးပြောခဲ့ကြစဉ် လမ်းဆုံးလိုက်နာရန် အမှာစကား။

ထိုရက်များအားလုံးလိုလိုပင် သူဘယ်လိုအိပ်၊ ဘယ်လိုစား ဘယ်လိုသွားလာနေခဲ့ရသည်ကို မမှတ် မိတော့။ အချိန်တိုင်းအချိန်တိုင်းတွင် သူ့အတွက်မျှော်လင့်မှုမဲ့လျက် မျှော်လင့်ချက်ထားနေရသူသာ ဖြစ်ခဲ့၏။ လမ်းဟောင်းနေရာဟောင်းများဆီသို့ သူ့မလှည့်ရဲ။ ကွန်ယက်သဖွယ်ဖြန့်ခင်းထားတော့မည့် ထောင်ချိုင့်များထဲသို့ ယောင်မှားအားကိုးစွာဖြင့် ခြေလှမ်းရန်ဟန်ပြင်လိုက်ခြင်းသည် မိမိကိုယ်ကို ကံဆိုး မိုးမှောင်ကျဖို့ရာ စီရင်ချက်ချလိုက်ခြင်းတမျိုးသာ။

သူ့မှာ ငွေသားလက်ကျန်မရှိတာကိုလည်း သတိထားဖြစ်၏။ အဝေးဆုံး ... အဝေးဆုံးအဝေးဆုံးတနေ ရာဟာ ဘယ်မှာလဲ ... ။ ဒီကာလအတွင်း မိမိဘယ်လိုဖြတ်သန်းမှာလဲ ...။ ငွေက ဘယ်မှာလဲ ...။

ယခင်က မိမိကိုယ်ကိုအယုံကြည်ဆုံးသူအဖြစ် တပြည်တလျားလုံး အနှံအပြားလျှောက်သွားခဲ့ဖူးတာ တွေ မှတ်မိ၏။
ဘူတာအမှတ် (၃ဝ) သည် သူ၏ခရီးသွားနှစ်။ မိတ်ဆွေဟောင်းတွေ၊ မိတ်ဆွေသစ်တွေ၊ ချစ်သူ ဟောင်းတွေ၊ ချစ်သူသစ်တွေနှင့်ဆုံရ တွေ့ရ၊ ခွဲရခွာရ သည့်နှစ်။ ထိုနှစ်ကခရီးတွင် သူသည် “သက် ဝင်ကမ္ဘာသစ်” တနေရာကို ရှာဖွေကြည့်ခြင်းသာ။ သို့သော် သူမျှော်မှန်းရာကမ္ဘာသစ်သည် နီးလျက် နှင့် မရောက်နိုင်ခဲ့ရသည့်အဖြစ်။

အခုတော့ မိတ်ဆွေဟောင်း၊ ချစ်သူဟောင်းတို့ကိုလည်း ထားခဲ့ရပြီ။ သူသည် သက်ဝင်ကမ္ဘာသစ် ရှိရာကို အနှေးနှင့်အမြန်ရောက်ဖို့သာ လျှောက်လှမ်းရပေတော့မည်။ သူ့အဖို့ တိုင်ပင်အားထားရာ သစ္စာသမားတို့ကလည်း မရှိကြတော့ပြီ။ တခါက ကျယ်ပြောလှသည်ဟုထင်စားခဲ့ရသော ကမ္ဘာ လောကကား ခုတော့ သူတယောက်တည်း သက်သက်နှင့်သာ တည်ဆောက်ထားသည့်ပမာ။

ထို့နောက်ပိုင်းမှာတော့ မထင်ရှားလှသည့်ကျောင်းသင်္ခမ်းလေးတခုဝယ် ရဟန်းဘဝနှင့် သူမှီခိုနေခဲ့ရ ၏။ မြတ်ဗုဒ္ဓ၏အရည်ကိုခြုံ၍ တဒင်္ဂခဏတာလွတ်မြောက်ရေးကို ခုတုံးပြုခဲ့ရဟန်ရှိသော်လည်း ထို ကာလသည် သူ့အဖို့ အတန်အသင့် ငြိမ်းချမ်းမှုရရာရကြောင်း ရှိခဲ့သည်မှာ အမှန်ဧကန်ပင်။ လော ကဓံသည် မိမိတွေးထင်ထားတာမျိုးမဟုတ်ဘဲ ဆန့်ကျင်စွာရောက်ရှိလာခဲ့သည့်တိုင် တစုံတရာ သောတရားသည် သူ့ကိုယ်မှာ တည်၏။ သူ့နှလုံးမှာ စွဲ၏။ မြတ်သောတရားသည်သာ သူ့အတွက် ခိုင်ကျည်အားထားရာ လက်နက်ကောင်းအဖြစ်ယုံကြည်၍ အခါမလပ်ဝင်ရောက်နိုင်သည့် ရိုင်းပြ သော ကံကြမ္မာကို ရင်ဆိုင်ရန် အသင့်ရှိခဲ့၏။

ထိုကာလခဏတာနှင့် သံသရာသည်ခရီးကို ပြီးမြောက်ဖို့ သူမစဉ်းစားနိုင်သေး။ သူနှင့်ပြုခဲ့ကြသည့် သစ္စာသမားတို့၏ကတိစကားကို ဆုံးခန်းတိုင်ရန်မဖြစ်သည်ကို အမြဲပင် စွဲမှတ်ထား၏။ သူတို့သစ္စာ လူစုသည် သက်ဝင်ကမ္ဘာသစ်ဆီသို့ ပျံသန်းကြရဦးမည်မဟုတ်လား။



ဘူတာအမှတ် (၄၄) ကို မည်သို့မည်ပုံကျော်လွန်ခဲ့လေသည်ကိုပင် မသိတော့။ ယခုမူ သူသည် ဘူတာ အမှတ် (၄၅) ဆီသို့ ဆိုက်ရောက်နေလေပြီ။
သည်ခရီး သည်လမ်းကား မှတ်မှတ်ထင်ထင်ရှိခဲ့သည်တို့လည်း ရှိ၏။ မေ့လျော့ဝေရီ ဖျော့တော့စွာ မှုန် ဝါးသွားသည်တို့ကမူ အများသား။

ဟိုတစက် .. သည်တကွက်၊ တချို့အလင်း .. တချို့အမှောင်။
တချို့ကား သက်ဝင်လှုပ်ရှား ... တချို့သက်ငြိမ်။

ဘူတာရုံလေးကား သက်ငြိမ်ပန်းချီကားတချပ်နှင့်ပင် တူသေးတော့။
ဆေးသားပါးလျရသည့်အထဲ အလင်းက နုဖျော့ဖျော့ မပီဝိုးဝါး။
သူနှင့် သူ၏သစ္စာလူစုတို့ စိတ်တူကိုယ်မျှရေးဆွဲခဲ့ကြသည့် တခုသောပန်းချီကားချပ်မှာ ယခုတိုင် လက်စမသတ်နိုင်ကြသေး။

သူတို့သည် နှစ်ပေါင်းများစွာ ပေါင်းတောထနေခဲ့သည့်မြက်ရိုင်းပြင်ကြီးကို မီးရှို့သုတ်သင်ကြရဦးမည် မဟုတ်လား။ ထိုအခါ ပျံလွှားငှက်ကလေးများဝဲပျံရောက်ရှိလာလျှင်တော့ တစုံတဦးမျှ မနှောင့်ယှက် မဖျက်ဆီးနိုင်ရန် သူကိုယ်တိုင်က ကာကွယ်တားဆီးဖို့ တာဝန်ယူရဦးမည်လေ။
ခင်လွန်း
ဒေါင်းအိုးဝေ၊ ဇူလိုင်၊ ၂ဝဝ၂

2 Comments:

  1. မဆုမွန် said...
    မီးလောင်တိုက်သွင်းခံလိုက်ရတဲ့ ...
    ဖလံပိုးငယ်လေးတွေ ဆောက်တည်ရာမရပျံဝဲငိုကြွေးနေကြရာ ...ပျံလွှားတစ်အုပ်ရောက်လာပြီး...

    ဦးခင်လွန်းရေ တကယ့်ကို စာလုံးတွေနဲ့ မြင်ကွင်းကို အသက်ဝင်အောင် ပြနိုင်တယ်...

    မဆုမွန်လဲ မိုင်တိုင်အမှတ် ၃၀ကျော်လို့ ၃၁စွန်းပြီ...နောက်ပြန်လှည့်ကြည့်မိတိုင်း နာကျင်လွန်းလို့ မျက်စိကို စုံမှိတ်မိတယ်။.
    hakemgaffney said...
    Titanium Flask Recipes | iTanium Arts
    › recipe › camillus titanium knife recipe titanium wedding ring Iron Flask Recipes · Recipe by Titanium titanium jewelry piercing Crafts · Recipe by Iron Flask Recipes · Recipe by Ice Crafts hypoallergenic titanium earrings · Recipe by Iron Flask Recipes titanium belt buckle

Post a Comment