Wednesday, October 21, 2009

စာမိတ်ဆွေ
ဒုက္ခသည်စခန်းလေးတခုမှာနေနေရတဲ့ ကျနော့်အခြေအနေ အရ စာရေးဖြစ်တဲ့အခါ အဲဒီ့အငွေ့အသက် အဲဒီ့ရိုက်ခတ်မှု တွေပဲ များနေတတ်ပါတယ်။ အခုလဲ အဲဒီလိုတွေထဲက တခု ပါ။ ခုတလော မိုးများလွန်းလို့ အပြင်လေးဘာလေးတောင် ထွက်မရဘဲနေခဲ့ရတာ လနဲ့ချီပြီးကြာလာတော့ မိုးပါးသွား တဲ့တနေ့ စခန်းဘေးက တခုသောနယ်စပ်လမ်းပေါ်မှာ နေ ပူဆာထွက်လှုံရင်း ခံစားမှုတခုဖြစ်လာတာနဲ့ ကျနော် ဒီစာ ကိုရေးဖြစ်ပါတယ်။ စုတ်ချက် ကြမ်းသွားရင် အားလုံးကို တောင်းပန်ပါရစေ။ အဲဒီ့ ခဏ ခံစားမှုဆိုတာကိုတော့ ထပ်ပြီး အလေးအနက် ပြောပါရစေ။
ကျေးဇူးတင်ပါတယ်။
စာရေးသူ

မလှသောလမ်းပေါ်မှ စူပါမုန်တိုင်းရက်စွဲများ

ဒီမနက်မှာတော့ ကျနော်တို့လျှောက်နေကျလည်းဖြစ် ကျနော်တို့တွေရဲ့ တခုတည်းသောလည်း ဖြစ် တဲ့ လမ်းလေးဟာ ဖြီးသင်ပြီးခါစအပျိုမလေးတယောက်လို နေခြည်အလင်းမှာ ရွှေရည်အဆင်းနဲ့ လှ တပတ ဖြစ်လို့နေပါပြီ။

တကယ်တော့ မနေ့ကတဲက သူ့ခမျာ ကျော့ကျော့မော့မော့ ဟန်ရေးတကြွယ်ကြွယ်နဲ့ သူ့အလှ သူ ပြချင်နေရှာတာပါ။

ဝါလကင်းလွတ် သီတင်းကျွတ်တဲ့ လပြည့်ညကို သူ့အလှ သူ့သဘာဝနဲ့နှင်းဆက်ပြီး တမိုးလုံး တွင်း အောင်းသလိုနေခဲ့ရတဲ့ ကျနော်တို့တွေအပေါ် ဖော်ဖော်ရွှေရွှေ မျက်နှာလုပ်ချင်နေရှာတာကလား။

ဒါပေမယ့် တမြန်မနေ့ကမှ အရှေ့အာရှကစပြီးမွှေလာတဲ့ စူပါတိုက်ဖွန်းမုန်တိုင်းကြီးက မိုင်ပေါင်း များစွာဝေးတဲ့နေရာကနေ လမ်းလေးရှိရာရောက်အောင်ကိုပဲ အဖျားခတ်ခဲ့လေတော့ သူ့ခမျာ မှုန်နံ့ သာခြယ်ကာသပြီး စုံပ၀ါဘယ်ညာချကာနဲ့ ကလိုက်မဟဲ့လို့ အားခဲထားရှာတဲ့ ကချေသည်မလေး တဦး မိုးဖျက်လို့ပွဲပျက်ခဲ့သလိုမျိုး ကျနော်တို့များရဲ့အဖော်ပြုရာ တခုတည်းသောလမ်းလေးဟာ လည်း မိုးကြား လေကြား မုန်တိုင်းကြားမှာ သူ့အလှတရားကို မပြအားခဲ့ရရှာပါဘူး။

ဒါက ဒီမနက်မှာတော့ ရွှေမှုန်တွေကြဲချနေလေရော့သလားထင်ရတဲ့ နေရောင်အောက်က လမ်း လေးပေါ်မှာ ကျနော်ဟာ အတန်ကြာအောင်ရပ်နေရင်း လမ်းလေးရဲ့ဘ၀နဲ့အလှကို တဒင်္ဂခံစား တွေးတောနေမိတာ ဖြစ်ပါတယ်။ ကျနော်ရပ်နေရာကနေ ဟိုးအဝေးဆီကို တဖြည်းဖြည်းချင်း ဦး မော့လို့ပြေးတက်သွားတဲ့ လမ်းကလေးရဲ့မြင်ကွင်းအဆုံးထိတိုင်အောင်လည်း အတန်ကြာတဲ့အထိ ရပ်ကြည့်နေမိပါတယ်။ ပြီးတော့မှ နောက်ကျောဘက်ဆီကနေ ကျနော်ရပ်နေရာ တောင်ကုန်းကမူ လေးအထိ ကွေ့ကာဝိုက်ကာ သူပြေးတက်လာပုံကိုပါ သမင်လည်ပြန် ပြန်လှည့်ကြည့်ဖြစ်ပါတယ်။ ကျနော်ရပ်နေရာကို ဗဟိုထားပြီး လမ်းလေးရဲ့အစွန်းနှစ်ဘက်ကိုကြည့်မယ်ဆိုရင် ကျယ်ပြောလှတဲ့ တောအုပ်စိမ်းစိမ်းထဲ အရှိန်နဲ့ ထိုးဝင်သွားတော့သလိုပါပဲ။

လမ်းကလေး ကွေ့ကောက်ပြေးထွက်လာခဲ့ရာ မြင်ကွင်းအစနဲ့အဆုံးကို သတိထားမိရင်တော့ တော ကြီးမျက်မည်းထဲမှာ မြွေနက်ကြီးတကောင် တွန့်လိမ်ခေါက်ကွေး ပြေးလွှားနေပုံနဲ့ ဆင်ဆင်တူနေ မ လားဘဲ။ နောက်တမျိုးခံစားကြည့်ရင်တော့ တောစိမ်းစိမ်း တောင်စိမ်းစိမ်းကြားမှာ အနက်ရောင်ဖဲ ကြိုး ခပ်ရှည်ရှည်တချောင်း လူးကာလွန့်ကာလွင်ြ့ဖာထွက်နေပုံမျိုးလည်း ဖြစ်နေလိမ့်မယ်ထင်ပါ တယ်။

ပြန်တွေးကြည့်တော့ လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကမှ ဒီလမ်းလေး သက်ဝင်လူးလွန့်လာတာ ကို ကျနော် အသေအချာမှတ်မိနေပါတယ်။ သည့်မတိုင်မီ ဒီနေရာကို ကျနော်ရောက်ခဲ့ဖူးတုန်းက နီ ကျင်ကျင် မြေသားစပ်စပ် လူသွားလမ်း ခပ်ရေးရေးလေးကိုသာ ကျနော်တွေ့ခဲ့ရဖူးတာလေ။ ခုတော့ သူ့ကျောပေါ်မှာ ၀န်တင်ကားတွေ၊ လူစီးယာဉ်တွေ ဟိုမှသည် ဥဒဟိုသွားလာလို့ပေါ့။ ရံဖန်ရံခါမှာ တော့ အလျဉ်စလို အမြန်နှုန်းနဲ့မောင်းနှင်သွားကြတဲ့ စစ်မော်တော်ယာဉ်တန်းတွေ၊ ရေးကြီးသုတ် ပြာနိုင်လှတဲ့ အလုံပိတ်ကုန်တင်ယာဉ်နဲ့ လူစီးကားတွေ .. စသဖြင့် လမ်းလေးဟာ သက်ဝင်တွင် ကျယ်လို့ နေပါပြီ။

နယ်စပ်လမ်းကလေးပီသလှတဲ့ သူ့ဥပဓိဟာလဲ အသွေးအမွေးအဆင်တန်ဆာအမျိုးမျိုးနဲ့ စုံလို့ လင် လို့ပါ။ နယ်စပ်တကြောမှာတွေ့ရလေ့ရှိတဲ့ တိုင်းရင်းသွေးနှောသူတွေကို ဒီလမ်းပေါ်မှာ အများဆုံး တွေ့ရတတ်ပြီး အများအားဖြင့် ပါးလေးတွေနီထွေးနေတဲ့ ဖိုးမူလေးတွေရယ်၊ ကွမ်းသွေးတွေ ရဲဗ လောင်း ထနေတဲ့ အမိုးတို့၊ ဖထီးတို့ အကျော်တို့ ဖိုးခွားတို့တွေရယ်ကို ရိပ်ခနဲဖြတ်သွားတဲ့ ကားတ စီးစီးပေါ်မှာဖြစ်စေ တဂျောင်းဂျောင်းမြည်သံပေးရင်း အော်လာတတ်တဲ့ ထော်လာဂျီတစီးပေါ်မှာ ဖြစ်စေ အုံနဲ့ကျင်းနဲ့ တွေ့ရတတ်ပါတယ်။ ခွန်ထိုင်းလို့ခေါ်တဲ့ ဒေသခံနိုင်ငံသားတွေကိုတော့ မှန်လုံ ကားတွေထဲမှာသာ ရိုးတိုး ရိပ်တိတ် ဖြတ်သွားဖြတ်လာ တွေ့ရတတ်တာပါ။

အဲဒီလိုအခါများမှာ ကျနော်တို့က သူတို့တွေကို လမ်းဘေးတဖက်ကရပ်ရင်း ငေးရီကြည့်မော နေမိ တတ်သလို သူတို့တွေကလဲ တခုသောနယ်စပ်လမ်းရဲ့တဖက်ခြမ်းမှာ နယ်သတ်ခြံစည်းခတ်ပြီးနေ ကြရတဲ့ ကျနော်တို့ တဲအိမ်စုစုလေးတွေဆီကို အကြည့်တမျိုးနဲ့ ကြည့်သွားတတ်ပါတယ်။ ဒီအ ကြည့်တွေထဲမှာ သူတို့ဘာသာစကားနဲ့ ဘယ်လိုအသံထွက်မယ်မဆိုနိုင်ပေမယ့် သေချာတာက တော့ ကျနော်တို့ အပေါ်သတ်မှတ်ထားတဲ့ “ဒုက္ခသည်” ဆိုတဲ့ ၀ိသေသအဓိပ္ပာယ်ကို သူတို့နား လည်ပြီးသား ဖြစ်နေလိမ့် မယ်လို့ ကျနော် ထင်နေမိပါတယ်။

ကျနော်တို့က ဒုက္ခသည်တွေမဟုတ်လား။ ဒုက္ခသည်ကို ဒုက္ခသည်လို့မခေါ်ချင်ရင် ကိုယ့်တိုင်း ပြည် မှာ ဘယ်လိုမှနေမရတော့လို့ တိုင်းပြည်က စွန့်ခွာထွက်ပြေးလာသူများလို့ခေါ်ရင်ရော နားကြားရ သက်သာသွားလေမလား။ ဝေါဟာရပညတ်တွေကိုအသာထားပြီး သေချာတာကိုပြောရရင်တော့ တော ကြီးမျက်မည်းထဲက ဒီနေရာလေးဟာ ကမ္ဘာမြေကြီးဆီကနေ ကျွံကျပြုတ်ထွက်လာတဲ့ အ စိတ်အပိုင်း တခုလို ဖြစ်နေရသလားဆိုတာကို ငြင်းပယ်ချင်မိတာပါပဲ။

ဘယ်လိုပဲဆိုပါစေ ကျနော်ရပ်နေရာ နေရောင်အောက်ကလမ်းလေးဟာလည်း ကမ္ဘာမြေပေါ်က လမ်းကလေးတခုပေပဲမဟုတ်လား။ လူသိနည်းလှဦးတော့ ဒီလမ်းကလေးကို ကျနော့်ဘ၀တသက် တာလုံး မေ့နိုင်မယ်မထင်တော့ပါဘူး။ မေ့လွယ်ပျောက်လွယ်တဲ့ ဘ၀ရဲ့အကြောင်းအရာမြောက်မြား စွာထဲမှာ ဒါမှမဟုတ် တမင်မေ့ဖျောက်ပစ်ချင်စရာကောင်းလှတဲ့ အကြောင်းအရာတွေထဲမှာ ဒီလမ်း လေးဟာ ကျနော့်အတွက်တော့ ဘယ်တော့မှမမေ့ဖျောက်နိုင်စရာပဲလို့ ကိုယ့်ကိုယ်ကိုယ် ယုံနေမိပါ တယ်။

လွန်ခဲ့တဲ့နှစ်ကာလ လေးငါးနှစ်တွေအတွင်း ကမ္ဘာမြေပေါ်က တချို့သောလမ်းများဟာ မှိန်ဝါး ပျောက်ကွယ်သွားနိုင်သလို အချို့သောလမ်းများကတော့ ပီသထင်ရှားလာရုံမက ခန့်ညားထယ်ဝါ သွား တာမျိုးတွေလည်း ရှိနိုင်မယ်ထင်ပါရဲ့။ ဒါဆိုရင် လူတယောက်ရဲ့ဘ၀မှာလည်း သူတို့လျှောက် လှမ်းခဲ့ဖူး တဲ့လမ်းပေါင်းများစွာအနက် တချို့သောလမ်းများဟာ လွန်ခဲ့တဲ့လေးငါးနှစ်တွေအတွင်း ဘ၀ထဲကနေ ပျောက်ချင်းမလှ ပျောက်သွားနိုင်ခဲ့တာမျိုးရှိနိုင်သလို အချို့သောလမ်းများကျတော့ လည်း သစ်လွင်ပေါ် ပေါက်လာနိုင်တာမျိုး၊ ဆိုလိုတာက အစမှာ မှုန်ပျဝိုးဝါးနိုင်လွန်းရာကနေ ပီပြင် ထင်ရှား အားကောင်းလာ နိုင်တာမျိုးတွေ ရှိနိုင်တာပေါ့လို့ ကျနော်တွေးမိပြန်ပါရော။

လမ်းတွေ လမ်းတွေ ကမ္ဘာမြေပေါ်က လမ်းတွေ။
ကျနော်ဟာ နေရောင်အောက်မှာလင်းလက်နေတဲ့ အဝေးမြင်ကွင်းတွေကို လမ်းလေးပေါ်ကနေ မျက်စေ့စွမ်းအားနဲ့ မြင်နိုင်စွမ်းသမျှ ကြည့်မောနေမိပြန်ပါတယ်။ တမိုးတွင်းလုံး မြူလိုလို မိုးနှင်းလို လို တောင်ခိုးလိုလို တိမ်လိုလိုအုံ့ဆိုင်းထားတာနဲ့ မြင်ကွင်းကပျောက်နေတဲ့ တောတွေတောင်တွေ ဟာလည်း ဆေးသားကြည်ကြည်ကဲပြီးရေးထားတဲ့ ပန်းချီကားတချပ်လို စိမ်းထနေအောင်ကိုပဲ ထင် ထင်ရှားရှားမြင် နေရပါတယ်။

တကယ်က မြင်နေရတဲ့ရှုခင်းက လှတယ်လို့တော့မဆိုနိုင်ပါဘူး။ ကျနော့်ကို အဲ့ဒီနောက်ခံရှုခင်း ထဲ မှာထည့်ပြီး တခြားလူတဦးရဲ့အမြင်အဖြစ်ပြောင်းပြီး အစားထိုးကြည့်လိုက်မယ်ဆိုရင်ရော ဘယ်လို ဖြစ်သွားလေမလဲ။

တခါက ကဗျာဆရာမောင်အောင်ပွင့် နှစ်ရှည်ထောင်ဒဏ်က လွတ်လာပြီးပြီးချင်း အိမ်အပြန် လမ်း ပေါ်မှာတင် မီဒီယာတခုကမေးတာကို ပြန်ဖြေသွားတာလေး ကျနော်ပြန်ကြားယောင်နေမိပါတယ်။ “ဆရာ အခု ထောင်ကထွက်လာတော့ ဘာထူးခြားတာတွေ မြင်လဲတဲ့”။ ဆရာမောင်အောင်ပွင့်က သူ ထောင်ထဲမှာနေစဉ် ပြင်ပကမ္ဘာမှာ ပြောင်းလဲသွားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ အဆောက်အဦတွေ ကိုမြင်ပြီး ပြောလိုက်တာလေးက သိပ်လှ သိပ်တာ သွားပါတယ်။ ဆရာပြောလိုက်တာလေးက “ရှုခင်းတွေက လှပြီး လူတွေက မလှဘူးတဲ့”။ ဘ၀တွေက ပိုတောင်ဆိုးဝါးလာတယ်လို့ ဆရာဆိုလို လိုက်တာကို တန်းခနဲကို သိနိုင်ပါတယ်။

အခုလဲ ကျနော်ဟာ ရှုခင်းတခုထဲမှာရပ်နေပေမယ့် ဘ၀က မလှပပါဘူး။ ဒုက္ခသည်ဆိုတဲ့ ဝေါဟာရ နဲ့ လိုက်ဖက်လျော်ညီလှအောင်ပဲ ဘ၀ကအကျည်းတန်နေတယ်လို့ ကိုယ့်ဖာသာ ခံစားနေဖြစ်ပါ တယ်။ ဒါဟာ ပျိုမြစ်နုနယ် လန်းဆန်းလှပ လတ်ဆတ်တက်ကြွနေတဲ့ငယ်ဘ၀ကို တမ်းတလွမ်းမော နေ လို့မဟုတ်ဘူးဆိုတာကိုတော့ ဖာသာပဲ သိနေပါတယ်။ ဒါဆို ကျနော်ဘာဖြစ်လို့ အကျည်းတန် တဲ့ဘ၀ ရောက်နေပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေရတာလဲ။ ဒီမေးခွန်းဟာ တိုတောင်းပြီး ရှင်း လင်းလွန်းလှပေမယ့် ဖြေရမယ့်အဖြေကိုတော့ ၀ါကျတကြောင်းလောက်တောင် ချမရေးနိုင်ခဲ့သေးပါ ဘူး။

မနက်ခင်းနေရောင်က ကျနော့်ကိုယ်ပေါ်ကို ပူနွေးရုံမျှမက ပူလောင်လာတဲ့ထိအောင်ပဲ ထိုးကျ လာ နေပါပြီ။ အဝေးမှာမြင်နေရတဲ့အမည်မသိတောင်တန်းတွေရဲ့နောက် ဟိုးတဖက်မှာရှိတဲ့ ကျနော်တို့ မွေးရပ်မြေရဲ့အငွေ့အသက်ဟာ ကျနော့်အာရုံကို နာကြင်လွမ်းဆွတ်ဖွယ် တိုးဝှေ့ဝင်ရောက်လာနေ ပါတယ်။ ကျနော်ဟာ ချစ်လှစွာသောမွေးရပ်မြေကို စွန့်ခွာခဲ့ရလေသူ။ ကျနော်ဟာ ချစ်လှစွာသော မိခင်နဲ့တကွ တအူတုံဆင်း ညီအကိုမောင်နှမများကို ခွဲခွာခဲ့လေသူ။ စိတ်တူကိုယ်တူ သူငယ်ချင်း မိတ်ဆွေများစွာကို ထားရစ်ခဲ့ရလေသူ။

အဲ့ဒီတုန်းကတော့ ကျနော့်ရဲ့ ခွဲခွာခဲ့ခြင်းမှာ စွန့်လွှတ်အနစ်နာခံမှုတွေ ရောဖက်ပါဝင်နေခဲ့သေး တယ်လို့ ကျနော်ကိုယ်ကျနော် ယုံကြည်လျက်နဲ့။ ကျနော်တို့အားလုံးရဲ့ တခုတည်းသော တူညီမှုကို ရယူနိုင်ဖို့အတွက်။ ကျနော့်ဟာ တိုက်ပွဲရဲ့အချက်အချာနေရာကို ပြောင်းရွှေ့နေရာယူခဲ့သူအဖြစ်နဲ့။ ဒါဟာ ကျနော့်နဲ့အားလုံးအတွက် ဂုဏ်ယူအားတက်ဖွယ်ရာပဲ မဟုတ်လား။ ကျနော့်စိတ်ကူးမျှော် လင့်မှုတွေ ယုံကြည်မှုတွေဟာ ပြောင်ထွန်းတောက်ပနေခဲ့တာပဲမဟုတ်လား။

ခုတော့ ကျနော်ဟာ ပြောင်းပြန်ထိုးဆင်းလာတဲ့ မြားတစင်းလို ခေါင်းငိုက်စိုက်ချရင်း တစတစ ပူလောင်လာတဲ့နေရောင်အောက်မှာ အသေကောင်ခြောက်လို လမ်းလေးပေါ်မှာပေပြီး ရပ်နေမိဆဲ ပါ။ ဒါဟာ အကျည်းတန်တယ်ဆိုတဲ့ စကားထက် ပိုပြင်းထန်မယ့် ဖြစ်ရပ်မဟုတ်လို့ ဘယ်လိုဆိုနိုင် သေးလဲ။ ကျနော်ဟာ လမ်းပေါ်မှာ ပေရပ်လို့။
မနက်ခင်းဟာ အိုရင့်လာခဲ့ပြီ။ ရက်ပ်ပါတွေလို ဘောင်းဘီအင်္ကျီပွပွကြီးတွေ ၀တ်ထားတဲ့ကောင် လေးတသိုက် ပေါ့ပေါ့ပါးပါးပဲ ကျနော့်ကိုကျော်လွှားပြီး လမ်းလေးရဲ့ခေါ်ရာအတိုင်း အုပ်စုလိုက် လျှောက် လှမ်းသွားကြလို့။ သူတို့ရဲ့ပါးစပ်ထဲမှာ အမေရိကားတိုက်ကိုရွက်လွှင့်နိုင်ဖို့ ပုံပြင်တွေကို နှုတ်တိုက်ရွတ်ဆိုလို့။ သူတို့လေးတွေ ဘာအကြောင်းတွေနဲ့များ ဒီနေရာလေးထိအောင် လွင့်လာ ကြရတာလဲ။ ဘယ်လိုမုန်တိုင်းမျိုးတွေက ဒီလူငယ်လေးတွေကို ဒီနေရာအထိရောက်အောင် တိုက် ခတ်သွားထိုးမွှေသွားခဲ့သလဲ။ ကျနော်တို့တိုင်းပြည်မှာ ကြမ်းရိုင်းလှတဲ့မုန်တိုင်းကြီးတွေ အတောမ သတ်နိုင်တော့ဘူးတဲ့လား။ ဒါမှမဟုတ် ဒီလမ်းလေး ဒီနေရာလေးရဲ့အကြောင်းကို သူတို့လေးတွေ ဆီရောက်သွားအောင် ဘယ်လိုမုန်တိုင်းမျိုးတွေက သယ်ဆောင်သွားခဲ့ရတာလဲ။ သူတို့လေးတွေစီ မှာ ဒီနေရာရဲ့အကြောင်းတွေ ဘယ်လောက်များစိမ့်ပြန့်စီးဝင်နေပြီလဲ။ ဒါဟာ ငယ်ရွယ်သူတို့ရဲ့ အားအင်ကိုပေးဆပ်ရာ နေရာတခုပေပဲလား။

သေချာတာကတော့ ဒီလမ်းလေးဆီကနေ ကျနော့်လို မွေးရပ်မြေကို စွန့်ခွာလာကြသူတွေထဲက တချို့လည်း သမုဒ္ဒရာအစင်းစင်းကိုဖြတ်လို့ ကမ္ဘာတဖက်ခြမ်းဆီ ရောက်သွားခဲ့ကြ။ ရုပ်ဝတ္ထုပစ္စည်း တွေ တိုးတက်ဖွံ့ဖြိုးလွန်းတဲ့ အဆောက်အဦတွေ သိပ်လှသိပ်ဆန်းကျယ်တဲ့နေရာတွေဆီကို ကျနော် တို့တွေထဲကတချို့တွေဟာ ဒီလမ်းလေးဆီက တဆင့်ရောက်သွားခဲ့ကြပေါ့။ တခါက ကဗျာဆရာတ ယောက်ကတော့ ပြောခဲ့ဖူးရဲ့။ အဆောက်အဦတွေ ရုပ်ဝတ္ထုတွေက လှတယ်၊ လူတွေက မလှဘူး တဲ့။ အို ဘ၀တွေ ပိုလှပသွားကြမှာပါလား။ အင်း ဘ၀အဓိပ္ပာယ်တွေကတော့ရော နည်းနည်းပါးပါး တိမ်းစောင်း ယွန်းယိုင် မသွားနိုင်ပေဘူးလား။

စူပါမုန်တိုင်း ကာလရက်များတုန်းကတော့ အဖျားခတ်ရုံမျှခံခဲ့ရတဲ့ ဒုက္ခသည်စခန်းလေးဟာ မိုး သည်းသည်းကြားမှာပိတ်မိနေသလို မည်းမှောင်ကျလို့နေခဲ့ရ။ ဒီနေ့မှ နေရောင်လေးပွင့်လင်းလို့လာ ခါစ။ ကျနော်က ဒုက္ခသည်စခန်းလေးဘေးမှာ အလျားလိုက်အတိုင်းတည်နေတဲ့ တခုတည်းသော လျှောက်စရာ လမ်းလေးပေါ်မှာ ရပ်မြဲရပ်ရင်း။ ဆို့ဆို့နစ်နစ် တင်းတင်းကျပ်ကျပ်ခံစားရမှုတွေနဲ့ ရပ် မြဲရပ်ရင်း။

“ပွမ်.. ပွမ်.. ပွမ် ”
နေရောင်အောက်လမ်းပေါ်မှာပေရပ်နေတဲ့ကျနော်ရှိရာကို အရှိန်နဲ့တက်လာတဲ့ မော်တော်ကား ကြီး တစီးက ဟွန်းသံရှည်ရှည်ကြီးပေးပြီး ပြေးဝင်လာခါမှပဲ ကျနော်လည်း လမ်းဘေးကိုအလန့်တကြား ခုန်ဆင်းလိုက်ရင်း ကိုယ့်လိပ်ပြာကိုယ် ပြန်ဖမ်းဆုပ်မိ။

ကိုယ့်ဘေးကနေ အရှိန်နဲ့ဖြတ်မောင်းသွားတဲ့ကားကြီးမော်ကြည်မိလိုက်တော့ ကားဘော်ဒီထဲမှာ ခြံ ခတ်လျက်သားပါလာတဲ့ နယ်စပ်က ခိုးဝင်လာနေကျ နွားတွေကျွဲတွေအပြည့်။
ကျနော် အာခေါင်တွေ ခြောက်လာလိုက်တာမှ မီးကျည်မီးခဲတွေ ထတောက်မတတ်ပါပဲလား။

ခင်လွန်း
၆း၃၀ pm
Oct,12,09

3 Comments:

  1. မဆုမွန် said...
    နေ့သစ်မှာဖတ်မိတဲ့ စာစုလေးကို ခံစားလိုက်ရလို့ သစ်ခက်သံလွင်ဆီကို လိုက်လာတယ်....

    စာအရေးအသားကို ဖတ်ရင်းနဲ့ ရင်ထဲမှာ တော်တော်ထိခိုက်နာကျင် ၀မ်းနည်းမိတယ်...

    တိုင်း ပြည်က စွန့်ခွာထွက်ပြေးလာသူများ ထဲမှာ ကျွန်မလဲ ပါတယ်....

    ဒါပေမယ့် ဘယ်လိုမှ နေမပျော်ပါဘူးရှင်...
    ကိုချစ်ဖေ said...
    အဲ့ဒီဒုက္ခတွေ က လက်ငင်းအရှင်လတ်လတ် ဒုက္ခတွေပါ
    ပဲဗျိုး.အိမ်မပြန်နိုင်သူချင်း ကိုယ်ချင်းလည်းစာပါတယ် ကိုခင်လွန်း အမေရိကားဖြစ်စေ ၾသစေတ်းလ် ဖြစ်စေ. ဗမာပြည်မဟုတ်တာလည်းသေချာပါတယ်. အသစ်သစ်
    သော ရင်ဆိုင်ရမှုများ.ဒုက္ခသည် စခန်းကျဉ်းလေးကနေ
    ဒုက္ခသည် စခန်းအကြီးကြီးဆီကို ချီတက်ရတာပါပဲဗျာ.
    ဒါပေမဲ့လည်း..ကျနော်တို့မှာ ရွေးချယ်ခွင့်ကောရှိလို့လား..
    k said...
    ကျနော့်စာလေးကိုဖတ်ပြီး ပြန်လည်ထင်ဟပ် ပြောပြလာသူ စာမိတ်ဆွေများကိုကျေးဇူးတင်ပါတယ်။
    အမြဲတမ်း ပုံမှန်မရေးနိုင်ပေမယ့် ကျနော်ရေးဖြစ်ရာလေးတွေတိုင်း မျှဝေခံစားနိုင်ဖို့ တင်ဆက်ပေးနေပါမယ်ဆိုတဲ့အကြောင်း ပြောပါရစေ။

    လေးစားလျက်
    ခင်လွန်း

Post a Comment