Wednesday, October 7, 2009













မိုးကောင်းပုံများ
အကျယ်ချုပ်ထဲက
တဲမိုးကုပ်ကုပ်အောက်မှာ
ခြေချုပ်ထပ်ကျသလို
ဟိုသွားမရ ဒီသွားမရ
ငါ့နဲ့ ....။

ရေဒီယိုလေး
အိုလှပြီ
မပီမသ တဂျီဂျီတဂျဂျနဲ့
ငါ့မိတ်ဆွေလေးပြောသဗျ။

ဆူမားတြားမှာ
ငလျင်ဝါးသွားပြန်ပြီ
လူရာချီသေ သိန်းချီအိုးမဲ့အိမ်မဲ့
လာအို ဗီယက်နမ် ကမ္ဘောဒီးယား
ငါတို့အိမ်နီးချင်းများအဖြစ်စုံကြားရ
ဖိလစ်ပိုင်မှာ နှစ် ၄၀ အတွင်း
မိုးပြင်းထန်ပုံများ
လူတွေသေကြကျေကြ
အိုးအိမ်စွန့်ခွာ ပြေးကြရသတဲ့
အရှေ့တောင်အာရှ
ကြားကြားရသမျှ
ဒုက္ခတွေချည်းပါလား။

ဒုက္ခသည်စခန်းထဲမှာ
ငါနေပါတယ်
ငါ့ဒုက္ခထက်ကြီးမားမှုတွေ
ငါကြားနေရ
မကူနိုင်မကယ်နိုင်တဲ့ ဘ၀နဲ့။

တော်ပေသေးရဲ့
မစ္စတာ တိုက်ဂါးဝုဒ်ခင်ဗျား
FedEx Cup မှာ
ခင်ဗျားဗိုလ်စွဲ
ချန်ပီယံစစ်စစ်ပေပဲဗျား
အားကစားလောကမှာ
ပထမဆုံးဘီလျံနာ
ခင်ဗျားသာမဖြစ်ခဲ့ရင်
ဒီမနက်သတင်းတွေထဲ
သက်ပြင်း တချချ
ရင်ဘတ် တမမနဲ့
ဒုက္ခသည်စခန်းထဲက
ဒုက္ခသည်တယောက်ရဲ့ဘဝ
အသက်ရှူလို့တောင် မ၀တ၀။

ထိုင်းသွေးပါတဲ့
မိတ်ဆွေကြီး မစ္စတာ တိုက်ဂါးဝုဒ်ခင်ဗျား
ခင်ဗျားအောင်မြင်မှုသတင်းကြားရတဲ့အတွက်
ခြံခတ်ထားခံနေရတဲ့ ထိုင်းနိုင်ငံတနေရာ
ဒုက္ခသည်စခန်းကနေ
ကျနော် ဂုဏ်ပြုသ၀ဏ်လွှာ ရေးသားပေးပို့ပါကြောင်း။ ။

ခင်လွန်း
နေ့- ၂း၄၅ နာရီ အောက်တိုဘာ၊(၂)ရက်။ ၂၀၀၉
☻FedEx Cup- ဂေါက်သီးပြိုင်ပွဲ

0 Comments:

Post a Comment