Tuesday, July 5, 2011


မိတ်ဆွေများရောင်းရင်းများ ခင်ဗျ

နောက်နှစ်ဆိုရင် ဇူလိုင် ၇ အဖြစ်ဟာ နှစ်ပေါင်း ၅၀ တင်းတင်းပြည့်တော့မှာပါ။ အဲဒီ့အချိန် ပူပူနွေးနွေးကာလ (၇)လခန့်အကွာမှာ ထုတ်ဝေခဲ့တဲ့ နောင်တော် အစ်မတော်တို့ရဲ့ ဥဒါန်းမကြေအမည်ရ စာစောင်တစောင်ဟာ (ကဗျာစာစောင်ပါ) အိုမင်းဆွေးမြေ့ ဇရာလက္ခဏာအပြည့်နဲ့ ကျနော့်ဆီမှာ သိမ်းထားမိဆဲ ရှိနေပါသေးတယ်။ (ကျနော့်လက်ထဲမှာပဲ ၃၆ တိုင်ရှိပါပြီ) အဲဒီ့စာစောင်ကို လာမယ့် ၂၀၁၂ ခုမှာ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အဖြစ် ပြန်လည်ထုတ်ဝေရင်တော့ဖြင့် တစုံတရာသော အကျိုးရလဒ်များ ရနိုင်မလားဘဲ ထင်မှတ်မိပါတယ်။ စွမ်းနိုင်သော ပုဂ္ဂိုလ်များ ၀ိုင်းဝန်းကြိုးပမ်းကြဖို့ပါခင်ဗျာ အဖုံးလေးကို နမူနာ ပြမယ်ပေါ့ဗျာ နော်

လေးစားစွာဖြင့်

ခင်လွန်း


မွေးမေမေသို့ …

ဒီနေ့ဆိုရင် မေမေနဲ့တကွ အမိကျောင်းတော်ကြီးနှင့် သူငယ်ချင်းများကိုခွဲခွာသွားရတာ ၇ လ ရှိပါပြီကောမေမေ။ ခွဲခွာသွားရတာ ဆိုပေမယ့် ပညာသင်ကြားဘို့ မွေးရပ်မြေကိုစွန့်ခွာခြင်းမျိုးမဟုတ်ဘူးမေမေ။ ပညာသင်ကြားရင်းနဲ့ အမိကျောင်းတော်ကြီးမှ မေမေတို့ကို တသက်လုံး စွန့်ခွာသွားရတဲ့ စွန့်နည်းမျိုးပါမေမေ .။

သားမောင် စွန့်ခွာလာခဲ့တဲ့ ဇူလိုင်လ ၇ ရက် ၁၉၆၂ ခုနှစ်ကိုတော့ မေမေ့တသက်တာလုံး မေ့ပျောက်လို့ ရမှာမဟုတ်ဘူးဆိုတာကိုတော့ သားမောင် ယုံကြည်ပါတယ်။ မေမေနဲ့တကွ ကျောင်းတော်သူ ကျောင်းတော်သားတွေရဲ့ နှလုံးသားထဲမှာ စွဲကျန်ခဲ့တဲ့ နေ့ကြီးပေါ့။

မေမေ။

သားမောင်မရှိတော့လို့ သားကိုလွမ်းသပြီး စိတ်ဆင်းရဲမနေပါနဲ့မေမေရယ်၊ သားတို့ရဲ့ နောင်တော်ကြီး ကိုအောင်ကျော်ကျဆုံးစဉ်က ကိုအောင်ကျော်ရဲ့ မိခင်ကြီးပြောခဲ့သလို ကျမသားသေလို့ ၀မ်းနည်းရမှာထက်၊ ကျမသားလိုသားမျိုး နောက်ထပ် မမွေးနိုင်တာကို ပိုပြီး ၀မ်းနည်းပါတယ် …” ဆိုတဲ့ စကားမျိုးသာ ကြားစမ်းပါရစေမေမေ။

သားတို့ကို သတ်တဲ့လူယုတ်မာကောင်တွေကို သားတို့ဆယ်သက် မကျေဘူးမေမေ။ သူတို့ဟာ သားတို့ရဲ့ အသက်ကို လက်နက်အားကိုးနဲ့သာ သေအောင်သတ်နိုင်တာပါမေမေ။ သားတို့ရဲ့ ခိုင်မာလှတဲ့ စိတ်ဓာတ်နဲ့ နှလုံးသားကိုတော့ ဘယ်တော့မှ မသတ်နိုင်ဘူးမေမေ။ သားရဲ့ ကိုယ်စားဝိညာဉ်ဟာလဲ မေမေ့ထံပါးနဲ့ အမိတက္ကသိုလ်မှာဘဲ စွဲကျန်လျက်ပါမေမေ။

နေ့စဉ်နေ့တိုင်း မေမေနဲ့ ကျောင်းတော်သူ ကျောင်းတော်သားတွေက သားနဲ့တကွ ကျဆုံးသွားတဲ့ ကျောင်းသားတရာကျော်အတွက် ကောင်းရာသုဂတိလားစေဘို့ ဆုတောင်းနေကြတာကို ထပ်လောင်းပြီး စကောလောက်မှ စောက်မနက်တဲ့ လူယုတ်မာ၊ လူမသမာ လူသတ်ကောင်တွေကို ဘ၀ဆက်တိုင်း လက်စားချေရစေရန် ဆုတောင်းပေးပါတော့ မေမေရယ် .။

အစဉ်ရိုသေစွာ ကန်တော့လျက်

သားမောင်

မွေးမေမေသို့ .. စာစုသည် ၁၉၆၂ ခု ဇူလိုင် (၇) အရေးအခင်းအပြီး လတ်လတ်ဆတ်ဆတ် ကြီးဖြစ်နေသေးသည့် ကာလ (၇) လအကြာ ရန်ကုန်တက္ကသိုလ် ဒဂုံဆောင် သဟာယနှင့် စာဘတ်အသင်းသစ်မှ ထုတ်ဝေခဲ့သော ဥဒါန်းမကြေဟု အမည်ပေးထားသော စာစောင်မှ ကောက်နုတ်တင်ဆက်လိုက်ပါသည်။ မူရင်းသတ်ပုံအတိုင်း ဖြစ်ပြီး ကလောင်အမည်ဖော်ပြထားခြင်း မရှိပါ

ဥဒါန်းမကြေစာစောင်

စာမျက်နှာ - ၆ မှ

Read More...

Sunday, May 1, 2011



ဒီနှစ်မှာ
သားလေး ဂျင်ပေါက်တတ်ပြီ

ဂျင်ဟာ လေထဲမှာ ဝဲပျံလာရာက
သူ့ခြေရင်းမှာ မွှတ်နေအောင်လည်ရင်း
အသုံးတော်ခံနေရသလိုပေါ့


ဂျင်ပေါ်က ဆေးစက်က အပြာရောင်
ဂျင်ကြိုးကိုကိုင်ထားရင်းက
နောက်တကြိမ် ဂျင်လည်အောင်ပေါက်ဖို့
စိတ်စောနေတဲ့မျက်လုံးကနက်မှောင်
မနှစ်ကဆို သူ့ခမျာ
ဂျင်ကြိုးမပတ်တတ်လို့
လူတကာကိုအပူကပ်ခဲ့ရ
ဂျင်ကိုလည်း “ကျင်ကလေး” “ကျင်ကလေး” တဲ့
စကား မပီရှာသေးဘူး
ပြီးတော့လည်း
ဒီဂျင်ကလေးလည်ဖို့
မိန်းမထိုး ထိုးတော့တာပဲ
ဒါတောင်
ဂျင်က မိုးပေါ်ထောင် ပြောင်းပြန်လည်သေး
အချိန်တန်တော့လည်း
သူ့ဟာနဲ့ သူ့အထာနဲ့
သားလေးဟာ
ဂျင်ပေါက်သမား ဖြစ်သွားတော့တာပါပဲ

တခုရှိတာက
ဂျင်သမားပေမယ့်
ဂျင်ဂျင်လည်ပေအုံးမှပဲ
စည်းဝိုင်းထဲမှာလည်မှာလား
စည်းအပြင်မှာလည်မှာလား
ဘာပဲဖြစ်ဖြစ် ဂျင်မှန်ရင်
ခံဘက်ကချည်းပဲလည်းမဟုတ်
နှံဘက်ကချည်းပဲလည်းမဟုတ်

လောကကြီးရေ
သားလေးဟာ သူ့ဂျင်ကြိုးကိုတင်းတင်းပတ်ပြီး
အားကုန်လွှဲပေါက်ပစ်တော့မှာ …။ ။

ခင်လွန်း
ဧပြီ၊ ၁၄၊ ၂၀၁၁
ညနေ- ၃း၄၅ နာရီ

မြန်မာ့နှစ်သစ်ကူး ဧပြီလ ၁၇ ရက်နေ့က အသက် ၈ နှစ် ပြည့်သွားပြီဖြစ်တဲ့ သားငယ် ဂူးဂူးနဲ့ ကျနော်တို့များရဲ့ မျိုးဆက်သစ်များ သို့ …

သရုပ်ဖော် - အောင်ထက်

Read More...

Monday, March 14, 2011

အောင်ဆန်း တဲ့ စုကြည်
အောင်ဆန်းဆို ဗိုလ်ချုပ်သမီး
ကြီးမြတ်ဂုဏ်ရည်။

အာဇာနည်
မြန်ပြည်ရဲ့ချစ်သမီး။

ယနေ့အရေးမှာဖြင့်
ဖအေ့သွေးပီပီမို့
ဘာမထီ ခေါင်းဆောင်စိတ်ကယ်နဲ့
မြန်မာပြည် ဒေါင်းတောင်နိမိတ်တွေနဲ့
ကျောင်းခေါင်ရိပ် အနီးမှာလ
ကောင်းအောင် ဟိတ်ကြီးပါဘိ
ခေါင်းဆောင်ထိပ်သီး။

တင်မိုး
၁၁၊ ၁၂၊ ၈၈ နံနက်ခင်း

၁၉၉၀၊ ဇွန်လ ၁၉ ရက်နေ့က ထုတ်ဝေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) မန္တလေး အရှေ့တောင်မြို့နယ်၊ မဟာအောင်မြေ အရှေ့ ရဲ့ ပို့စကဒ်မှ

Read More...

Sunday, September 5, 2010

ပုံမှန်အတိုင်းဆိုရင်တော့ သစ်ခက်သံလွင်ဟာ ကိုယ်တိုင်ရေးများကိုသာ စုဆောင်းရာနေရာလေး အဖြစ် စိတ်ကူးတည်ဆောက်ထားတာပါ။

ဒါပေမယ့် အခုနောက်ပိုင်း ကိုယ်တိုင်ရေးတွေအပြင် ကိုယ်နှစ်သက်တဲ့ စာတွေကိုလဲ တင်ဖြစ်လာပါ တယ်။ အခုလဲ အဲဒီလိုထဲက တပုဒ်ကို ကျနော် စာဖတ်သူများပါဖတ်ရအောင် တင်ဆက်လိုက်ပါ တယ်။
ကျေးဇူးတင်ပါတယ်။

ခင်လွန်း



မလွတ်မြောက်သော ၀ိညာဉ်များနှင့် အိမ်အမှတ် ၂၆၃

ပရင့်စန့်ကရာလမ်းမကြီး (Prinsengracht) က အင်္ဂလိပ် လို Princess Canal ဟု အဓိပ္ပာယ်ရ သည်၊ မင်းသမီး တူးမြောင်းလမ်းဟု မြန်မာမှုပြုနိုင်မည်။ မနက်စာစားနေ ရင်း ပရင့်စန့်ကရာလမ်း။ အိမ်အမှတ် ၂၆၃ သွားရန် နော်နို ရင်းကို အဖော်စပ်ရသည်၊ လွန်ခဲ့သော ၃ ရက်က အိမ် ရှေ့က လမ်းဖြတ်လျှောက်ခဲ့ပေမင့် ညသန်းခေါင်ကျော်နေပြီမို့ ပြတိုက်က ပိတ်နေပြီ။ အမှောင်ထဲမှာ ဓာတ် ပုံရိုက်ပြီး ပြန်ခဲ့ကြသည်။ ယနေ့ စနေနေ့ဖြစ်တာရယ်၊ အလုပ် မယ်မယ်ရရ မရှိတာရယ်ကြောင့် ပြ တိုက်ဆီနောက်တခေါက် သွားဖို့ ဆုံးဖြတ်လိုက်သည်။

“ ပြတိုက်က ဘာပြတိုက်မို့လဲ ”

အသင့်ပါလာသော The Diary of a Young Girl စာအုပ် ကို ပြရင်း “ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာတပ်တွေ ဒီမြို့ကိုသိမ်းတော့ ဒီစာအုပ်ထဲက ကောင်မလေးနဲ့ သူ့တို့ မိသားစု ပုန်းခဲ့တဲ့ အိမ်ပါ။ ၂ နှစ် လောက်ပုန်းနေပြီး သူက နေ့တိုင်း မှတ်တမ်းရေးတယ်။ အဲဒါ ဒီစာအုပ်ပဲ၊ ကမ္ဘာ ကျော် စာအုပ်ပေါ့။ ဘာသာအမျိုးမျိုးနဲ့ ဘာသာပြန်ခဲ့ကြတယ်လေ။ မြန်မာလိုတော့ ဆရာ တက္က သိုလ်နေ၀င်း ဘာသာပြန်တာရှိတယ်။ အဘဦးဝင်းတင်တို့ အမ်စတာဒမ်မှာ သတင်းစာပညာသင် တန်းလာတက်တုန်းက ဒတ်ခ်ျဘာသာသင်တော့လည်း ဒီစာအုပ်က ပြဋ္ဌာန်းစာအုပ်ပဲ။ အခုပြ တိုက် လုပ်ထားတဲ့ အိမ်ဘက်လည်း ညနေတိုင်း လမ်း လျှောက်ဖြစ်တဲ့အကြောင်းအဘဦးဝင်းတင်ရေးတဲ့ ဆောင်း ပါးတပုဒ်မှာ ဖတ်ဖူးတယ်”

ဒီလောက်ဆို စည်းရုံးရေးခရီး အောင်မြင်သွားပါပြီ။ နှစ်ယောက်သား မြေပုံတချက်နှင့် လမ်း လျှောက်သွားကြသည်။ ရာသီဥတုက နေသာနေသည်။ သို့သော် အာရှ သားများအဖို့ နွေးရုံသာ။

နာရီဝက်ခန့်လမ်းလျှောက်ပြီး လူတန်းရှည်ကြီး စီနေသော နေရာကို လှမ်းတွေ့သဖြင့် အိမ်အမှတ် ၂၆၃ ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်မှန်း သေချာသွားသည်။ အံ့သြစရာ ကောင်းလောက်အောင် လမ်းတချက်မှမမှားခဲ့သဖြင့် နော် နိုရင်းက လက်မထောင်နေသည်။

အရင်ရောက်နှင့်နေသော လူ ၁၀၀ ခန့်၏နောက်မှာ တန်းစီလိုက်ကြသည်။ ၀င်ကြေးတယောက် ရှစ်ယူရိုခွဲပေးပြီး နောက် အိမ်ကြီးထဲ ရောက်သွားသည်။ အိမ်က ခပ်မှောင်မှောင်။ မီးလုံးလေးများ နှင့် အလင်းရောင် ဖျော့ဖျော့ ထွန်းထားသည်။ အလင်းရောင်ထဲမှ အလင်းအားနည်းသော အိမ်ထဲ ရောက်သွားသဖြင့် ကြမ်းခင်းများကို သတိထားပြီး လျှောက်သွားရသည်။ ၀င်ဝင်ချင်း အန်ဖရန့်၏ ဘ၀ဇာတ် ကြောင်းကို ရုပ်ရှင်ပြထားသည်။ ရှေ့မှာ ဖုန်းခွက်များချထားပြီး အင်္ဂလိပ်ဘာသာ၊ ပြင် သစ်၊ ဂျာမန်ဘာသာတို့ဖြင့် နားထောင်နိုင်အောင် စီစဉ်ပေးထားသည်။ ထိုခန်းမကနေ ညာဘက်သို့ ကွေ့ဝင်သွားသောအခါ နံရံမှာစာသားတချို့ ရေးထားတာကို ဖတ်ရသည်။

“ဒီဆိုးရွားလှတဲ့ စစ်ပွဲကြီးတနေ့တော့ ပြီးသွားမှာပါပဲ၊ ဂျူးရယ်။ ဒတ်ခ်ျရယ်၊ အင်္ဂလိပ်ရယ်၊ ဘာလူ မျိုးရယ်ဆိုပြီး မရှိဘဲ လူတွေအားလုံး လူပြန်ဖြစ်မယ့်အချိန် တနေ့တော့ ပြန်ရောက်ရမှာပေါ့၊” (ဧပြီ ၉။ ၁၉၄၄)

အိမ်၏လွှမ်းမိုးမှုကြောင့်ဖြစ်မည်။ အိမ်ထဲမှာ လူတရာခန့် ရောက်နေသောလည်း ဘာသံမှမထွက်၊၊ တိတ်တိတ်ဆိတ်ဆိတ် သွားလာနေကြသည်။ အိမ်အကြောင်း အနည်းနှင့် အများသိကြမည်။ က လေးတွေကအစ မျက်နှာမကောင်း ကြပေ။ နံရံပေါ်က စာသားများကလည်း အကြောက်တရား သာ လွှမ်းမိုးနေသည်။

“ကြောက်လိုက်ကြတာ မပြောပါနဲ့တော့။ အိမ်နားက လူတွေ ငါတို့ကို မြင်သွားမှာ။ ငါတို့အသံကို ကြားသွားမှာကို သိပ်ကြောက်တာပဲ …. ”

“မနေ့ညတုန်းက ငါတို့မိသားစု ၄ ယောက်၊ သီးသန့်ရုံးခန်း ထဲဆင်းပြီး ရေဒီယိုနားထောင်ကြတယ်၊ ကြောက်လိုက် တာ … ”

မတ်စောက်သော လှေခါးများအတိုင်း တထပ်ပြီးတထပ် တက်သွားကြသည်။ တတိယထပ်မှာ လည်း ရုပ်ရှင်ပြထားသည်။ အန်ဖရန်၏ဖခင်က မျက်ရည်ဝဲရင်းစကား ပြောနေသည်။

“သူ့မှတ်တမ်းထဲမှာ မကျေနပ်တာတွေ ခံစားချက်တွေ အများကြီးရေးထားတယ်၊ သူ့မျက်နှာပေါ်မှာ တခါမှ မတေရတာတွေကို မှတ်တမ်းဖတ်မှာပဲ သိရတော့တယ် ”

ရပ်ကြည့်နေသူတွေ အားလုံး မျက်နှာ မကောင်းကြပေ။ အမျိုးသမီးကြီးတယောက် မျက်ရည်ဝဲ နေသည်။ နံရံမှာ မိသားစု ၄ ယောက်၏ ဓာတ်ပုံများလည်း ပြထားသေးသည်။ ပုံ၏အောက်ခြေတွင် မွေးနေ့ရက်များလည်း ဖော်ပြထားသည်။ နေ့စဉ်မှတ်တမ်း လက်ရေးမူရင်းတချို့ မီးထွန်းထား သော မှန်အိမ်ထဲမှာ တွေ့ရသည်။ ဒတ်ခ်ျဘာသာ ဖြစ်မည်။ ဖျက်ရာများနှင့်။ အန်ဖရန့်က ငယ်စဉ် ကတည်းက ကြီးလာလျှင် စာရေးဆရာမကြီး၊ သတင်းထောက်မကြီး ဖြစ်ချင်သူ။

“ဒီနေ့က အန်ဖရန့်ရဲ့မွေးနေ့ပဲ၊ ဇွန်လ ၁၂ ရက်နေ့လေ၊ အသက်ရှိနေရင် ဒီနေ့ ၈၁ နှစ်ပြည့် မွေး နေ့ပဲ ”

“ ဟုတ်လား၊ တိုက်တိုက်ဆိုင်ဆိုင် ”

ဓာတ်ပုံအောက်က မွေးနေ့တွေကို ဖတ်ခဲ့ပေမယ့် အတွေးက ဟိုရောက်ဒီရောက်ဖြစ်နေသဖြင့် သ တိ မထားမိ။ နော်နိုရင်း ပြောမှပဲ ဆက်စပ်မိတော့သည်။ အသက် ၈၁ နှစ်ဆိုသဖြင့် အကယ်၍ ၁၉၄၅ မတ်လမှာ နာဇီ အကျဉ်းစခန်းထဲ ရောဂါနှင့်မဆုံးပါးသွားလျှင် ဒီနေ့ ၈၁ ပြည့်မွေးနေ့ ကျင်း ပနေပေမည်။

သို့ဆိုလျှင် သူ့မှတ်တမ်းက ကမ္ဘာကျော်ပါ့မလား။ အိမ်ကရော ပြတိုက် ဖြစ်နေပါ့မလား။ ဒါမှမဟုတ် အော့စ၀ှစ် အကျဉ်းထောင် မှတ်တမ်းတခု ထွက်ပေါ်လာဦးမလား။ တွေးနေမိသည်။ ကမ္ဘာကျော် အော့စ၀ှစ် အကျဉ်းစခန်း ရောက်ခဲ့ပေမယ့် အသက်မသေကျန်ခဲ့သူ ဖခင်အော်တို ဖရန်၏ မှတ် ချက်များလည်း နံရံပေါ်မှာ တွေ့ရသည်။

“ခွဲခြားဆက်ဆံမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ အကြောက်တရားတွေကို ဆန့်ကျင်ပြီး ပိုပြီးကောင်း မွန်တဲ့ ကမ္ဘာကြီး တည်ဆောက်ဖို့ အထောက်အပံ့ပစ္စည်းတခုအဖြစ် အန်ဖရန်အိမ်ကို ရည်ရွယ် တယ်” (အော်တိုဖရန့်။ မတ် ၂၄။ ၁၉၅၉ )

၁၉၆၀ ကတည်းက အိမ်ကိုပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သဖြင့် နှစ်ပေါင်း ၅၀ ကျော်ပေပြီ။ အထူးအ ဆန်း ပစ္စည်းများကို ဖွယ်ဖွယ်ရာရာ ပြသထားရာမဟုတ်သော်လည်း နှစ်စဉ် လူရာပေါင်းများစွာ လာရောက်လည်ပတ်သည်ဟု သိရသည်။ သာမန် လူနေအိမ်တအိမ်တွင် တွေ့ရမည့်အသုံးအ ဆောင်များ၊ စာပွဲ၊ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်း၊ ရေအိမ်။

သို့သော် အိမ်၏အမှောင်ထောင့်တိုင်းတွင် ချုပ်ခြယ်ခံရသော လူသားဝိညာဉ်များ လွတ်လပ်မှုကို ငံ့ လင့်နေသော လူသား ၀ိညာဉ်များ။ အကြောက်တရား လွှမ်းမိုးခံထားရ သူတို့၏ ၀ိညာဉ်များ ယခု တိုင် ကူးစက်ပျံ့လွင့်နေဆဲဟု ခံစားမိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့၏စစ်ဖိနပ် အောက်မှာ တချို့ အဆိပ်ငွေ့လွှတ် သတ်ပစ်ခံခဲ့ရသည်။ တချို့ နာဇီအကျဉ်းစခန်းမှာ ရောဂါနှင့် သေကြရသည်။ အန်ဖရန်၊ သူ့အစ်မ၊ မိခင်၊ ချစ်သူပီတာ၊ တအိမ်တည်း ပုန်းဖော်ပုန်းဘက် ရှစ် ယောက်ထဲက ၇ ယောက်သည် ထို ဒဏ်များကြောင့် ရှေ့ဆင့်နောက်ဆင့် အသက်ဆုံးကုန်ကြ သည်။ စိတ်မူမမှန်သော ဟစ်တလာဆိုသော အာဏာရှင် ကြီးတယောက်ကို မတားဆီးနိုင်ခင်မှာ ကံဆိုးမိုးမှောင် ကျ သွားရသူတွေထဲက မိသားစုက မနည်း၊ သန်းချီသည်။ သူ တို့ဘ၀တွေ၊ အိပ်မက်တွေ၊ အနာဂတ်တွေ၊ ရည်မှန်းချက် တွေ၊ ချစ်ခြင်းမေတ္တာတွေ သက်သက်မဲ့ တဘက်သတ် ဖျက်ဆီးခံလိုက်ရသည်။

“ကရင်ပြည်နယ်ထဲမှာ ဒီလိုဘ၀မျိုးတွေအများကြီးရှိတယ်။ သူက မှတ်တမ်းနဲ့ရေးထားလို့သာ”

နော်နိုရင်း ပြောတာကို ကျနော်နားလည်ပါသည်။ သူကိုယ်တိုင်က ကရင်ရွာတရွာ၊ နောက် ဒုက္ခ သည်စခန်းတခု ရောက်ခဲ့ရသူ။ မြန်မာပြည်အရှေ့ပိုင်းဒေသမှာ စစ်ဘေးကြောင့် အိုးအိမ်ပစ်ဒုက္ခ သည် သန်းတ၀က်ခန့် ရှိနေသည်။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် ၁ သိန်းခွဲရှိနေသည်။ ရန်ကုန်လို မြို့ကြီးမှာပင် မိမိအိမ်မှာနေရင်း ထောက်လှမ်းရေးတွေ၊ သတင်းပေး တွေက အချိန်မရွေးတံခါးလာခေါက်ပြီး၊ ဘာပုဒ်မမှန်းမသိဘဲ ဘယ်မှာမှန်းမသိ၊ ဘယ်လောက်ကြာ ကြာမှန်းမသိ ဖမ်းခေါ်သွားနိုင် သည် မဟုတ်လား။ ယခုထိလည်း နိုင်ငံရေးယုံကြည်ချက် ကြောင့် လူ ၂ ထောင်ကျော် အကျဉ်းကျခံနေရသည်။ ၂၀ ရာစု နာဇီလက်အောက်က ဂျူးသန်းပေါင်းများ စွာ၏ ဘ၀ နှင့် ၂၁ ရာစု မြန်မာပြည်သားများ၏ ဘ၀များကို နှိုင်းယှဉ် စဉ်းစားနေမိသည်။

“ အနာဂတ်တည်ဆောက်ဖို့ အတိတ်ကို သိထားရမယ် ”
(အော်တိုဖရန်။ ၁၉၆၇)

သမိုင်းသည် ဖျောက်ဖျက်လို့ရကောင်းသည့် အရာမဟုတ်ပေ။ ဖက်ဆစ်အာဏာရှင်ဖြစ်စေ၊ စစ်အာ ဏာရှင် ဖြစ်စေ၊ တနေ့တော့ ကျဆုံးရမည်သာ၊ သို့သော် ထိုတနေ့မတိုင်ခင် … ။

နေသွင်
ဇွန် ၁၄၊ ၂၀၁၀

Read More...

Thursday, July 29, 2010











မွေးနေ့မှာ
မိုးရွာနေတယ်
မနေ့ကလည်း ရွာတာပဲ
ဖွဲဖွဲ။

ငယ်ကဆို
မိုးသည်းထဲပြေးလွှားဆော့ကစားပျော်
ကျနော် .. သူငယ်ချင်းများ .. လွမ်းဖွယ်
ခုတော့ မိုးသက်လေပြင်းများနှယ် မေးခွန်းက
“တန်အောင်နေမလား
ခံအောင်နေမလား …”

ကမ္ဘာကြီးပူနွေးလာမှုစိုးရိမ်ဖွယ်ရေမှတ်
အမုန်း၊ အာဃာတ၊ စစ်ပွဲ၊ ကပ်ဆိုက်မှု
သေချာတယ်
၅၃ နှစ်တာ စိမ်းစိုဖူးပွင့်ခဲ့မှု
ကိုယ်ပိုင်တေးကိုဆိုခဲ့သူပါ
ငါ့ဥယျာဉ်နဲ့ငါ
နှစ်ရှည်ပင်တွေစိုက်ပျိုးလို့
ခုန လက်လိုက်တဲ့လျှပ်စီးထဲ
မျက်နှာဝှက်ထားခဲ့
ပုံပြင်လေးကတော့ ဒါပါပဲ။ ။

ခင်လွန်း

၂၅၊ ဇူလိုင်၊ ၂၀၁၀
နံနက် - ၉း ၃၀ နာရီ

Read More...

Saturday, July 24, 2010

ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်လှုပ်ရှားခံစားမှုတွေ ဝေေ၀ဆာဆာ ထွေထွေကာကာနဲ့ အုန်းအုန်း ထထ လှုပ်လှုပ်ရွရွဖြစ်ခဲ့ကြရတဲ့ ၂၀၁၀-ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲ ကြီးကတော့ “ပြီးပါပြီ” စာ တမ်းထိုး တစခန်းသိမ်းသွားခဲ့ပြီပေါ့ဗျာ။ တစီစီညံနေတဲ့ ဗူဗူဇီလာနှဲဟွန်း မှုတ်သံတွေကြားမှာ ရွှေ ရောင်တဖိတ်ဖိတ်လဲ့ထနေပြီး အစဉ်အလာနဲ့ ဂုဏ်သိမ်ကြီးမားလှတဲ့ ကမ္ဘာ့ဖလားကြီးကို ဥရောပ တိုက်က စပိန်အသင်း ထိုက်ထိုက်တန်တန် ကိုင်မြှောက်ပြီး အောင်ပွဲခံ ချန်ပီယံကြီး ဖြစ်သွားခဲ့ပါပြီ။

စပိန်အသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စတင်ကျင်း ပခဲ့တဲ့ ၁၉၃၀-ခုကနေ အခု ၂၀၁၀-ခု (၁၉) ကြိမ်မြောက်အထိ တခါသားကမှ ဖလားကိုင်ခဲ့ဖူးခြင်းမရှိလို့ ချန်ပီယံ အသစ်စက်စက်လို့လည်း ဆို နိုင်တာပေါ့။

ဒါကိုက တခါလာ မဲပြာပုဆိုးဆိုသလို ဘောလုံးအင်အားကြီး အင်အားလွန်တွေလို့တောင် ဆိုရမယ့် ဘရာဇီးတို့၊ အာဂျင်တီးနားတို့၊ အီတလီ၊ ဂျာမဏီတို့ အစရှိသည်ဖြင့် ဖြစ်နေကျကိစ္စတခုလို မြင်နေ ကျမောင်တွေ တွေ့နေကျ မျက်နှာဟောင်းတွေ မဟုတ်တော့လို့ ဒီတကြိမ် ချန်ပီယံ အသစ်စက်စက် စပိန်အသင်းကို ကျနော်တော့ တော်တော် နှစ်ထောင်းအားရ ဖြစ်မိသဗျ။
[ချန်ပီယံဆိုတာလည်း ဆက်တိုက်လိုဖြစ်ပါများရင် “အီ” လာတတ်တယ်ထင်ပါရဲ့။ (ဤကား စကားချပ်)]

ဒီနေရာမှာ သာမန်ဘောလုံးဝါသနာအိုးတွေမပြောနဲ့ ကမ္ဘာ့ထိပ်သီး ဘောလုံးဂုရုကြီးတွေကအစ ကွာ တားဖိုင်နယ်လို့ခေါ်တဲ့ (၈) သင်း ရှုံးထွက်အဆင့်ရောက်တော့ ထင်ကြေးတွေ တစ်ကြိုဟောကိန်း တွေထုတ်ခဲ့ကြတာ တက်တက်စင် လွဲပါကြရောလားခင်ဗျာ။ ဒီတကြိမ်ကမ္ဘာ့ဖလားကတော့ ဥရောပ ကိုဆန်ပြီး တောင်အမေရိကားကို ပါသွားတော့မတဲ့။ အင်း! တကယ်ကိုဆိုရလောက်အောင်လည်း အ ဆင်က လှခဲ့တာကိုးဗျ။ ဘောလုံးမှာ ဘုရားထူးရ လောက်တဲ့ စူပါပါဝါ ဘရာဇီးတို့၊ ဘောလုံးရာဇာ အာဂျင်တီးနားတို့၊ ချန်ပီယံနှစ် ကြိမ်ဖြစ်ဖူးခဲ့တဲ့ ဥရုဂွေးနဲ့ နောက် ပါရာဂွေးတို့တွေ ကွာတာဖိုင်နယ် အဆင့်ထိ အုံနဲ့ကျင်းနဲ့ အုပ်စုဖွဲ့ပျံသန်းလာကြတာကိုး။ ပြီးတော့ ကမ္ဘာ့ဖလားပွဲကို ကိုယ်တိုင်ကစား သမားအဖြစ်ပါဝင်ဆင်နွှဲပြီး ဖလားကိုင်မြှောက်နိုင်ခဲ့ကြတဲ့ ဘရာဇီးက ဒွန်ဂါတို့၊ အာဂျင်တီးနားက ကမ္ဘာ့ဘောလုံးပရိတ်သတ်များ အသည်းစွဲ စူပါစတား မာရာဒိုနာတို့က အသင်းမန်နေဂျာကြီးတွေ အ ဖြစ်နဲ့ ပါနေကြလေတော့ ထင်ကြေးတွေ တင်ကြိုဟောကိန်းတွေက တောင်အာဖရိကတိုက်ဘက်ဆီ ကို သာသာ ထိုးထိုးလေး တွက်ခဲ့ကြသပေါ့ဗျာ။

မာရာဒိုနာကြီးဆိုရင် သူ့အသင်းကမ္ဘာ့ဖလားပိုက်လာလို့ကတော့ အာဂျင်တီးနားရဲ့မြို့တော် (Buenos Aries) မှာ ကိုယ်တုံးလုံးချွတ်ကြီးပြေး ပြီးအောင်ပွဲခံမယ်ဆိုပဲ။ ဒါပေမဲ့ သူဝမ်းသာလုံးဆို့ အောင် ပွဲခဲ့မယ့်ပုံကို မြို့တော်စောင့်နတ်မင်းကြီးကပဲ မကြိုက်လေသလား ကမ္ဘာ့ဖလားကိုစောင့်ကြပ်တဲ့ နတ် ဘုရားများကပဲ မနှစ်မြို့ လေသလားတော့မသိ၊ အာဂျင်တီးနားနိုင်ငံသားတွေ စိတ်နုလုံးမချမ်းမသာ မျက်စေ့နောက်ရမဲ့ဘေးက သက်သာရာ ရသွားခဲ့ရသဗျ။ သို့ပေတဲ့လို့ ကိုယ့်နိုင်ငံအသင်း ကမ္ဘာ့ဖ လားကြီးပိုက်ပြီး အောင်ပွဲဆင်မြန်းလာမှာကိုတော့ ဘယ်သူမမြင်ချင်ဘဲ ရှိပါ့မလဲပေါ့ဗျာ။

ပါရာဂွေးနိုင်ငံက အသက် ၂၄ နှစ်သာရှိသေးတဲ့ အတွင်းခံ ဖက်ရှင်မယ်မယ်လေး Larissa Riquel ဆို တာကလည်း သူတို့အသင်းသာ ကမ္ဘာ့ဖလားရရင် အ၀တ်မပါဘဲ ၀စ်လစ်စလစ် မိမွေးတိုင်းဖမွေးတိုင်း အလှနဲ့ လမ်းမပေါ်မှာ ခုန်ပေါက်အောင်ပွဲခံပြမယ်လို့တောင် ကတိပေးခဲ့သတဲ့။ ကမ္ဘာ့ဘောလုံးပွဲ ပရိတ်သတ်ကြီး အလယ်မှာ ခန္ဓာကိုယ် အပေါ်ပိုင်းအလှကို တ၀က်မကဖော်ထားပြီး ရင်နှစ်မွှာအစုံ ကြား လက်ကိုင်ဖုန်းညှပ်ထားတဲ့ သူ့ရဲ့အော်ဟစ် ခုန်ပေါက်အားပေးနေဟန်က မီဒီယာမျက်နှာစာမှာ ဘောလုံး ပွဲနဲ့အပြိုင် ရင်ဖိုစိတ်လှုပ်ရှားစရာ။ ဘောလုံးပွဲကိုတိုက်ရိုက် တီဗွီရိုက် ထုတ်လွှင့်ပေးနေတဲ့ ကင်မရာမင်းများကလည်း ရုပ်မြင်သံကြားပရိတ်သတ်အတွက် အဖက်ဖက်က အာရုံခံ စားစေချင်တဲ့ စေတနာနဲ့ပြကြထင်ပါရဲ့။ ဒီလိုဆိုတော့ ပါရာဂွေးကို ဖလားရစေချင်တဲ့သူများရှိနေရင်တောင် စာနာ ချင်သလိုလိုတော့ ဖြစ်မိသားဗျာ။

ပြောမယ့်သာပြောတယ်၊ ဒီနှစ်ကမ္ဘာ့ဖလားဘောလုံးပွဲက မဖြစ်စဖူး အာဖရိကတိုက်မှာ ကျင်းပခဲ့လို့ လားတော့ မဆိုနိုင်ဘူး။ ထူးထူးထွေထွေဖြစ်ရပ်တွေ ကြားရသိရတာအများသား။ မီဒီယာတွေရဲ့ အား ကောင်းချက်ကြောင့် ပေလားတော့မသိ။ စိတ်လှုပ်ရှားစရာအဖြစ်တွေက အများသားနဲ့ပါဗျာ။ ကျနော် တို့ချစ်ကြည်ညိုတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင်ကြီးနယ်လ်ဆင်မင်ဒဲလားကို ကမ္ဘာ့ဖလားဘောလုံးပွဲ အဖွင့်နေ့မှာ ပြုံးပြုံးကြီးကျေနပ်ပီတိ ဖြစ်နေမှာကို မျှော်လင့်နေမိပေမယ့် ပွဲမစမီနေ့မှာ သူ့မြေးမလေး ကားမတော် တဆဖြစ်မှုနဲ့ သေဆုံးသွားခဲ့လေတော့ ဖွင့်ပွဲအခမ်းအနားကို သူ့ခမျာ မတက်လိုက်နိုင် ရှာဘူးလေ။ ဒီလွဲချော်မှုက အသက် (၉၂) နှစ် ရှိပြီဖြစ်တဲ့ ကမ္ဘာ့ဂုဏ်ဆောင် ကမ္ဘာပြည် သူတို့ရဲ့ မေတ္တာခံပုဂ္ဂိုလ်ကြီး နောင်တကြိမ်ပြန်မရနိုင်တော့ တဲ့ အဖြစ်ကိုးဗျ။

နောက်တခုက တောင်အာဖရိကဆိုတာ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးကံကြမ္မာနဲ့ယှဉ်တွဲပြီး ရင်းနှီးရင်း စွဲ ရှိနေခဲ့ပေမယ့် အာဖရိကတိုက်သားတွေ ဘောလုံးပွဲကိုအားတက်သရော အားပေးနေပုံတွေက ကျနော်တို့မြင်ကွင်းမှာ ထူးပေ့ဆန်းပေ့ဆိုတာမျိုးလည်း ခံစားရသဗျ။ ဒီပွဲကြီးမစမီက အကြမ်းဖက်သ မားတွေရဲ့အန္တရာယ်က စိုးရိမ်ရတယ်လို့ တွက်ဆထားပေမယ့် အာဖရိကသားတွေ တခြားနိုင်ငံသား တွေနဲ့အပြိုင် လွတ်လပ်မြူးတူးပြီး အားပေးနေကြပုံက ကျနော်တို့လို မလွတ်လပ်မှုအပေါင်းနဲ့ အသား ကျနေရတဲ့လူများအဖို့ အားကျစရာပါဗျာ။ ဘူဘူဇီလာတွေကိုမှုတ်ရင်း၊ ဆေးရောင်စုံကြောင်ကြောင် ကျားကျားတွေ မျက်နှာနဲ့ခန္ဓာကိုယ် အနှံ့မှာ သုတ်လိမ်းခြယ်သရင်း၊ သူတို့ခန္ဓာကိုယ်ကြီးတွေကို မနား တမ်းယိမ်းနွဲ့လှုပ်ယမ်း ကခုန်နေကြပုံဟာ အာဖရိကဗုံသံတွေတောင် အတိုင်းသားကြားလာရတဲ့ အ ထိ။ သူတို့အားပေးမှုက မသကာ ကွင်းထဲက ဘောသမားတွေလောက် မပင်ပန်းရင်တောင် အတော် ကို တက်တက်ကြွ ကြွ အပင်ပန်းခံ အားပေးကြတာကလားဗျာ။

ကျနော် စိတ်ဝင်တစားအဖြစ်ဆုံးတခုကတော့ မြောက်ကိုရီးယား ဘောလုံးအသင်းခင်ဗျ။ လတ်တ လော ကမ္ဘာ့ရေးရာတွေမှာ တရွာလုံးနဲ့တယောက်ဆိုတာမျိုးဖြစ် နေရတဲ့ ငပွကြီးပေါ့၊ ပြိုင်ပွဲမစမီ ဆိုင် ရာ ကစားသမားတွေဟာ ကိုယ့်နိုင်ငံတော်အလံရှေ့မှာ သီချင်းဆိုကြရတယ် မဟုတ်လား။ ဒီနေရာမှာ မြန်မာပြည်တွင်းက လေးဇီး ကလပ်မြူးဇစ်ဘန်က ဂစ်တာအကျော်အမော် ကိုနိုင်ဇော် ပြောတာလေး သဘောကျမိသဗျ။

မြောက်ကိုရီးယား ရှေ့တန်းတိုက်စစ်မှူး တယောက်ဟာ (မြောက်ကိုရီးယား ၀ိန်းရွန်နီလို့ တင်စားကြ တဲ့ နံပါတ် ၉ ထင်ပါ့ဗျာ) မျက်ရည်စီးထွေကျနေရင်း နိုင်ငံတော်သီချင်း ဆိုနေပုံကို သူစိတ်အလှုပ်ရှား ဆုံးပဲတဲ့။ ဒီမှာ ကျနော်နဲ့ တိုက်ဆိုင်လိုက်ပုံများ။ ကျနော်ဟာ မြောက်ကိုရီးယားကို နအဖရဲ့ နျူကလီး ယားအရေးမှာ အဓိကပါဝင်ပတ်သက်နေတာကြောင့် မလိုစိတ်ကြီးကြီးမားမားရှိနေပေမယ့် အဲဒီ့ က စားသမား မျက်ရည်တွေတွေကျပြီး နိုင်ငံတော်သီချင်း ဆိုနေပုံကိုမြင်ရတော့ ကြက်သီးဖြန်းဖြန်း ထ မိတော့တာပဲဗျာ။

မြောက်ကိုရီးယားဟာ တံခါးပိတ်ဝါဒနဲ့ အထီးကျန်ဖြစ်နေ တဲ့နိုင်ငံဖြစ်တာနဲ့အမျှ ကမ္ဘာ့ဘောလုံးဖြစ် စဉ်မှာ မျက်နှာပန်း မလှခဲ့ရပါဘူး။ ဇာတိသွေးဇာတိမာန်နဲ့ မနည်းကြိုးစား ခဲ့ကြပေမယ့် တပွဲတလေမှ အောင်မြင်မှု မရခဲ့ရှာပါဘူး။ ပေါ်တူဂီအသင်းနဲ့ပွဲမှာဆို (၇) ဂိုးလောက်အသွင်း ခံလိုက်ရတော့ မြောက်ကိုရီးယားကစားသမားတွေ ငိုတော့မတတ် မျက်နှာလေး ငယ်နေရရှာပုံဟာ စစ်အကျဉ်းစ ခန်းတခုထဲမှာ သုံ့ပန်းတွေ အညှဉ်းဆဲခံနေရတဲ့ပုံထက် မလျော့ပါဘူး။ ဒီကြားထဲ ဘောလုံးပွဲအတူ ကြည့်တဦးက ဒီကောင်တော့ သူ့နိုင်ငံပြန်ရောက်ရင် စစ်ခုံရုံးတင်ပြီး သေဒဏ်အပေးခံရ မယ်ထင် တယ်။ ပြိုင်ပွဲကို လွှတ်လိုက်ကတဲက (၃) ဂိုး အထက်ရှုံးရင် သေဒဏ်လို့အမိန့် ပေးထားပုံရတယ်လို့ အရွှန်းဖောက်နေသေးတော့ အာဏာရှင်လက်အောက်က အားကစားသမားသမားတဦးရဲ့ဘ၀ကို ပြေးမြင်ယောင်မိ လိုက်ပါသေးတယ်။

တကယ်တော့ ကမ္ဘာနဲ့ယှဉ်ပြီး ပြိုင်ကြဆိုင်ကြရတဲ့ပွဲမှာ ပရိတ်သတ်ဆိုတာကလည်း အရေးပါဆုံး နေ ရာက ပါ ပါ တယ်။ သူတို့ခမျာ လူသိန်းသောင်းချီ ဆူညံ့အော်ဟစ် ခုန် ပေါက်အားပေးနေကြတဲ့ အ ထဲမှာ စုပေါင်းလိုက်မှ ဆယ်ဂဏန်းမရှိတရှိ လူစုလေးနဲ့ လူပုံအလယ်မျက်စေ့ သူငယ်နဲ့ အားပေးကြရ တာပါ။ ဒီကြားထဲ ကိုယ့်အသင်းက ၀က်ဝက်ကွဲအရှုံးကြီးရှုံးပြန်တော့ ငြိမ်ပြီးကုပ်နေကြပုံဟာဖြင့် မြင်ရ ရင်နင့်စရာပါ။

တကယ်တော့ အစိုးရတရပ်မကောင်းလိုက်တာနဲ့ အဲဒီ့ နိုင်ငံ အဲဒြီ့ပည်သူတွေဟာ အလိုလို မျက်နှာ ငယ်ကြရတာပါ။ အားကစားသမားတယောက် အမိနိုင်ငံတော်သီချင်းဆိုပြီး မျက်ရည်ကျတာဟာ နိုင် ငံချစ်စိတ်ကြောင့်လို့ ဆိုနိုင်တာမှန်ပေမယ့် ကိုယ့်နိုင်ငံသားတွေ ကမ္ဘာပုံအလယ်မှာ အခုလို အစစအ ရာရာ မျက်နှာငယ်နေရတာကို အခြားကမ္ဘာ့နိုင်ငံက ပြည်သူတွေနဲ့နှိုင်းယှဉ် မြင်တွေးမိပြီး ကြေကြေ ကွဲကွဲ မျက်ရည်ကျနေတာများလားလို့လဲ မဆိုနိုင်ပေဘူးလား။ သူ့အာရုံထဲရှိနေတာကိုတော့ ဘယ် သူပြောနိုင်မှာလဲ။

ကျနော်ယုံပါတယ်။ တကယ်တော့ အာဏာရှင်စနစ်တခု အောက်မှာ အားကစားသမား၊ အနုပညာ စာပေ ပညာရှင်၊ အခြားအခြားသော နယ်ပယ်အသီးသီးက အတတ်ပညာရှင်၊ အသိပညာရှင် စသ ဖြင့် ဘယ်သူမဆို ကမ္ဘာပေါ်က ဘယ်နေရာမှမဆို မျက်နှာပန်းမလှရုံမျှမက မျက်ရည်ကျ လောက် အောင် အားငယ်ရကြ ရှာမှာပါ။ ဒီနေ့ကမ္ဘာ့နိုင်ငံ အသီးသီးကို ကျနော်တို့နိုင်ငံသားတွေ နည်းလမ်း အဖုံဖုံ၊ ဘ၀ရပ်တည်ပုံအထွေထွေနဲ့ ရောက်နေကြပေမယ့် မျက်နှာမော်ကြွား နေနိုင်ခဲ့ကြရဲ့လား။ ကျနော်တော့ ဘ၀တူ ပြည်သူချင်းအဖြစ်နဲ့ မြောက်ကိုရီးယားဘောလုံးသမားတွေကို စာနာနေမိတာ ပါပဲ။

ကဲ ကျနော်တို့ဆိုရင်လည်း ကျနော်တို့အမိနိုင်ငံတော်ရဲ့ သီချင်းကို မူရင်းအနှစ်သာရ အစစ်အမှန် အတိုင်းနဲ့ လှိုက်လှိုက်လှဲလှဲမဆိုကြရတာ ဘယ်လောက်များ ကြာခဲ့ပြီလဲ။ ကျနော်ဖြင့် ကမ္ဘာပုံအ လယ်မှာ ထည်ထည်ဝါ၀ါ ၀ံ့ဝံ့ကြွားကြွားနဲ့ ကိုယ့်နိုင်ငံတော်သီချင်းကို ကိုယ့်နိုင်ငံသားတွေနဲ့ အတူ သံပြိုင်သာအော်ဟစ် ဆိုချင်နေမိတော့တာပါပဲ။ အာဏာရှင်စနစ်အောက် အမြန်ဆုံးလွတ်မြောက်ပြီး နိုင်ငံ တော်သီချင်းမူရင်းအတိုင်း မဖြတ်မတောက် မသုတ်သင်ထားဘဲ မိတ်ဆွေတို့ ကျနော်တို့ သံပြိုင် ဆိုကြဖို့ အချိန်တန် ရုံတောင်မကတော့ဘူးမဟုတ်လားဗျာ။ မျက်ရည်တွေတွေ ကျနေရင်တောင် စီး ပလေစေ မောင် မသုတ်လိုက်နဲ့ ပေါ့။

ခင်လွန်း
ဇူလိုင်၊ ၁၁ ရက်။ နေ့ - ၂း၁၅ နာရီ
...

Read More...

Saturday, May 15, 2010


မျက်ရည်ကျတတ်ရင်
အမှန်တရားက နောက်ဆုတ်ရတဲ့ နေ့လည်ခင်းတွေအတွက်
ကိုယ့်အသားကိုယ် ပြန်လှီးထုတ်စရာမလို…။
သစ္စာတရားမှာ ရက်အကန့်အသတ်မရှိ
တကယ်ချစ်ရင် မလွမ်းနဲ့
လာ နမ်း လှည့် ပါ။

ဆက်ဝေမိုး
၇.၅.၂၀၁၀
မနက် ၉ နာရီ ၁၅ မိနစ်

နေ့သစ် ... မှ

Read More...

Friday, April 23, 2010

မြစ်ဝကျွန်းပေါ်သား ငါ
မွေးကတည်းက ရေကူးတတ်တယ်
မြစ်လယ်မှာ ကိုယ်ကိုဖော့ မျက်နှာလေးဖော်
ကောင်းကင်းပေါ်မော်ကြည့်ရင်း အကြာကြီး နေနိုင်တယ်။
နားနှစ်ဖက် ရေပြင်မှာ မြုပ်နစ်နေတဲ့ တချိန်လုံး
နွံဝါတွေ ပို့ချသံ တစ်စီစီ ကြားရတယ်။
ဒါ တပြည်လုံး မြစ်ချောင်းစိမ့်စမ်းတွေက
သယ်ဆောင်လာတာ
စိုက်ကြစမ်း ပျိုးကြစမ်း ရှင်သန်ကြစမ်း
ကျေးဇူးတော် ဖော်ကျူးသံတွေ။
အညာဒေသက တို့သွေး တို့သားတွေ
ရေကြည်ရာ မြက်နုရာ ရှာ လာ အခြေချကြတယ်။
ဘဝသစ်ရွာတွေ ဒီမှာ လာတည်ကြတယ်။
ကရင်စု၊ ရှမ်းစုတဲ့ တိုင်းရင်းသားအမည်နဲ့ ရွာတွေ ရွာတွေ
ဘယ်ကြည့်ကြည့် ရေရှိတယ် မြေဆီရှိတယ်
နာဂစ်တဲ့
သဘာဝဖောက်ပြန်တဲ့ဒဏ် ငရဲပွက်ပွက်ညံပကော
အကြွင်းအကျန် ဒီရေတောလေးက
ရွာတရွာကို အသက်ကယ်နိုင်ခဲ့သတဲ့
မုန်းမှ ကျိုက်လတ် ဒေးဒရဲ
မုန်းမှ ကာလီဖိုးနီးယား ယဉ်ကျေးမှုချင်း
ဘယ်လောက်ဝေးသွားလဲ။
တို့ ဘိုးဘေးဘီဘင်တွေနဲ့ အခု တို့မျိုးဆက်တွေ
ယဉ်ကျေးမှုချင်း ဘယ်လောက် ဝေးသွားလဲ။
နာဂစ်ဟာ
ငါ့ရင်ထဲ အခုထိ ဝင်မွှေနေတုန်းပဲ။

မောင်အောင်ပွင့်

မေရဲ့ ပန်းပွင့် သို့မဟုတ် ကမ်းပါးပေါ်က ကျွံကျသွားခဲ့သော
နာဂစ်နေ့ နာဂစ်ည နာဂစ်အလွန် ခံစားမှုကဗျာများထဲမှ တင်ပြပါသည်။

Read More...

Friday, March 26, 2010

အံဝှက်


လထဲမှာ ခွေထားတဲ့
ဝင်ကစွက်အလွမ်းတွေက
ညညဆို ပါးပျဉ်းထတတ်လွန်းလို့
တွန်သံကို ထူးခပ်ခဲ့ရပြီ။

ခင်လွန်း
၂၆ မတ်လ ၂၀၁၀
နေ့- ၃း ၃၀ နာရီ

Read More...

Tuesday, March 9, 2010

စာဖတ်သူများသို့..
ရေးထားတာက ကြာပါပြီ။ ပြည်ပ မှာ ထုတ်ဝေနေတဲ့ ဂျာနယ်တခု အတွက် ရေးခဲ့တာပါ။ အခြေအနေ အရပ်ရပ်နဲ့ ဘလော့ပေါ် တင်ဖို့ နောက်ကျခဲ့တာကို နားလည်ပေး စေချင်ပါတယ်။ တချို့ အကျအ ပေါက်လေးတွေ နည်းနည်းတို့ထိ ပြင်ဆင်ထားတဲ့အတွက် ဂျာနယ် မှာပါတဲ့ မူနဲ့ ကွဲလွဲပါလိမ့်မယ်လို့ ပြောပါရစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်
စာရေးသူ





စကားပြောခန်းမပါတဲ့ ငြိမ်းချမ်းရေးဝတ္ထု

ဟူးခနဲမြည်အောင်ကို သက်ပြင်းမောကြီး မှုတ်ထုတ်လိုက်မိတယ်။ သွားပြီ မမီတော့ဘူး။
ငါ့ကိုက ညံ့လွန်းချာလွန်းပါတယ်လေလို့လဲ ကိုယ့်ကိုယ်ကိုယ်ပဲ သတ္တုချလိုက်ရတာပေါ့။ ရက် သိပြီး သားပေမယ့် ပြက္ခဒိန်ဆီ အကြည့်ရောက်တယ်။ ၁၈ - ရက်။ ၁၅ - ရက်ဖြစ်လိုက်ပါတော့လား။ ၈- ကို အမြီးရှည်ရှည် အကောက်လေးထည့်လိုက်ရင် ၁၅ - ရက် ဖြစ်သွားမှာ။ ဒါပေမယ့် သူချိန်းထားတဲ့ ၁၅-ရက် ကတော့ ပြန်ဖြစ်မလာတော့ပါဘူး။ ၃ - ရက်လွန်ခဲ့ပြီ။

ဝတ္ထုတိုကောင်းကောင်းလေးတပုဒ်လောက် ချီးမြှင့်ပါဗျို့။ “ကောင်းကောင်းလေး”တဲ့။ “ချီးမြှင့်” ပါတဲ့။ ငါ့နဲ့။ သူကတော့ တလေးတစားပါပဲ။ အယ်ဒီတာလဲ အယ်ဒီတာ၊ ကိုယ်တိုင်လဲ စာရေးကောင်း၊ သူ့လို စာရေးဆရာအယ်ဒီတာဆီက စာမူပေးဖို့တောင်းလာတဲ့စာပါ။ “ချီးမြှင့်” ပါဆိုတဲ့စကားက အယ်ဒီတာ တွေသုံးရိုးသုံးစဉ်လို့ ပြောနိုင်ကောင်းပေမယ့် “ကောင်းကောင်းလေး” ဆိုတဲ့ စကားအသုံးအနှုန်းက ကိုယ့်ကို တာဝန်ကြီးသွားတာပေါ့နော။ စာတပုဒ် “ကောင်းကောင်းလေး” တိတိကျကျပြောရရင် “ ဝတ္ထု တိုတပုဒ် ကောင်းကောင်းလေး” ဖြစ်ဖို့က တော်တော်ဒုလ္လဘဆန်တာပဲ။ ငါလိုကောင်ကရော တကယ် “ကောင်းကောင်းလေး” ရေးတတ်ပါရဲ့လား။ အလဲ့.. ဘယ်ဆိုးမလဲ။ ငါ့ဆီက “ကောင်း ကောင်းလေး” ရနိုင်မယ်လို့မျှော်လင့်တာကိုက ကိုယ့်ကိုယ်ကိုယ် ဘဝင်ကျစရာ အထင်ကြီးစရာ လို့တွေးရင်ရော မရ တတ်လား။

ဒါပေမယ့် ဒီအတွေးက သက်ဆိုးမရှည်ဘူး၊ ခဏလေးပဲ ရပ်သွားတယ်။ “ကောင်းကောင်းလေး” ဖြစ်ဖို့ အသာထား။ ဒီမှာ ဝတ္ထုတိုတပုဒ် ရေးလို့မရဘူး ဖြစ်နေတယ်။ ဒါလဲ မဟုတ်သေးဘူး။ ရေးလက်စ အ တိုလေးသုံးပုဒ်ရှိတယ်။ ရေးချင်နေတာလဲ သုံးပုဒ်မကရှိတယ်။ ရေးလက်စကို အနားလုံး (အချောကိုင် ပြီး) ပို့လိုက်ရင်ရော။ ဒါဆို စာမူပို့ဖို့ (၁၅- ရက်နေ့နောက်ဆုံးထား ချီးမြှင့်ပါ) ရက်သတ်ထားတာကို မီ မှာ။ ခက်တာက ဒီသုံးပုဒ်လုံးနဲ့ သူတို့ဂျာနယ်က သိပ် ဟာမိုနီမဖြစ်ဘူး။ အတိုလို့ဆိုပေမယ့် ကိုယ့်စာက စပေ့ (Space) နဲနဲများနေတယ်၊ ရှည်နေတယ်။ အကြောင်းအရာပိုင်းလဲ ပါတာပေါ့။ ချုံ့လိုက်ရင်လဲ ဝန် မင်းပုဆိုး ကြွက်ကိုက်ထားသလို ဖြစ်သွားလိမ့်မယ်၊ မမိုက်ဘူး။

ဒါနဲ့ပဲ ခေါင်းထဲမှာ အပြင်ထွက်ချင်လို့ကဆုန်ပေါက်နေတဲ့ အမီနာကျီ့အကြောင်း ရေးရကောင်း မလား စိတ်ကူးမိတယ်။ ရန်ကုန်ဆင်ခြေဖုံးက နို့ကုလားမတယောက်အကြောင်း။ စတီးရောင်ပြေးနေတဲ့ နို့ ပုန်းတွေကိုခေါင်းပေါ်ရွက်ပြီး ရန်ကုန်မြို့ လေဟာပြင်ဈေးနားက နို့ဈေးကို နေ့စဉ်နို့ပို့နေတဲ့ မြန်မာပြည် ပေါက် အိန္ဒိယသူပေါ့။ နားပေါက်အကျယ်ကြီးမှာ ကြေးကွင်းကြီးတွေတဖက်တချက်နဲ့။ နှာသီးဖျားမှာလဲ အပေါက်ဖောက်ပြီး နားမှာပန်သလို ကျောက်နီနှာကပ်ပန်လို့။ အဲဒါကို ဘာခေါ် လဲမသိဘူး။ (ရေးသာ ရေးချင် မလေ့လာမိခဲ့)။ ထားပါတော့၊ နားမှာကပ်ပန်ထားတာကို နားကပ် လို့ခေါ်ရင် နှာခေါင်းမှာ အပေါက်ဖောက်ကပ်ထားတဲ့ဟာကို နှာကပ်လို့ပဲ ရေးမယ်။

အဲဒီ့အမီနာကျီက စာဖတ်တယ်။ ပေါ့ပေါ့တော့မထင်နဲ့။ မောင်စိန်ဝင်း (ပုတီးကုန်း) တို့၊ နွမ်ဂျာသိုင်းတို့၊ ငြိမ်းကျော်တို့ကိုမှ ဖတ်တာ။ ဖတ်တာမှ နွားကျောင်းရင်းနဲ့ဖတ်တာ။ နွားတွေကိုစားကျက်ထဲမှာ လှန် ထားပြီး သူက နေရိပ်ကောင်းကောင်းလေးမှာ အမှီရှာပြီး ဝတ္ထုဖတ်တော့တာ။ ဗမာစာ ဘယ်နှတန်း တတ်တယ်မသိဘူး။ သူ့လက်ထဲမှာ ဝတ္ထုစာအုပ်ကတော့ ပြတ်တယ်ကိုမရှိတာ။

ညနေညနေ နွားသွင်းချိန်ရောက်ရင် အမီနာကျီ့ခြေလှမ်းက စားကျက်ထဲက စပိုးနင့်ပြီးပြန်လာတဲ့ သူ နွားအုပ်လိုပဲ ခြေလှမ်းတွေ လေးတိလေးကန်နဲ့။ သူကတော့ အစာဝ (အဲလေ) တခုခုစားလာလို့တော့ မဟုတ်ဘူး။ မော့လာလို့။ မောလာလို့မဟုတ်ဘူးနော်။ မော့လာလို့။ သူနွားကျောင်းရင် ယူယူသွား တတ်တဲ့ လွယ်အိတ်ထဲမှာက ငုံဖို့ကွမ်း၊ သောက်ဖို့ရေဗူး၊ ဝတ္ထုစာအုပ်နဲ့ ပုလင်းပြားလေးတပြားဗျ။ ကွမ်းလေးငုံ၊ ဝတ္ထုလေးဖတ်ပြီး ညနေစောင်းလို့ နွားတွေ စားကျက်ထဲက ခေါင်းတမော့မော့ဖြစ်လာပြီ တောင်တောင်အီအီတွေ (အစာဝတော့ ဘာဖြစ်တယ်ဆိုလားဗျာ) ဖြစ်လာပြီဆိုရင် သူကလဲ ချိန်သား ကိုက် ပုလင်းပြားလေးကို ဖွင့်ပြီ။ အရက်တကျိုက်၊ ရေတကျိုက်။ နွားတွေချည်တိုင်ပြန်ပြီဆိုမှဖြင့် အမီ နာကျီ့ခြေလှမ်းကလဲ ဟိုလူ့ဝင်တိုက်တော့မလို၊ ဒီလူ့ ဝင်တိုက်တော့မလို ဒယီးဒယိုင်။ တနေကုန် နွား စားကျက်ထဲ မပြောခဲ့ရတဲ့ ပါးစပ်ကလဲ ဘာတွေပြောလာဆိုလာသလဲ မသိ။ ဆဲတာလား ဆိုတာလား မကွဲဘူး။ ဆို တယ်ဆိုတာ သီချင်းကိုပြောတာ၊ ဗမာသီချင်းလား၊ ကုလားသီချင်းလား လေလုံးက မကွဲ တော့ဘူး။

အမီနာကျီဘာကြောင့်အရက်သောက်တာလဲဆိုတော့ ကိုယ်လဲမသိဘူး။ ကုလားမတယောက်မို့ပါလို့ ပြောရင် ကိုယ်တို့လမ်းထိပ်က ပန်းရောင်းတဲ့ ဒေါ်လှမြင့်ကြီးလဲ အရက်သောက်တာပဲ။ ကုလားမတွေ ဗမာမတွေနဲ့တော့ အရက်သောက်တာမဆိုင်ဘူး ထင်တာပဲ။

ဒေါ်လှမြင့်ကြီး ထွေလာမူးလာပြီလားဆို ရင် …
“ငါ _ီး တဲ့ မှ ပဲ” ဆိုတဲ့
သူ့မရှိတဲ့ဟာနဲ့ တိုင်းထွာဆဲတော့တာမှ မိုးမွှန်နေရောပဲ။ အမီနာကျီ ကတော့ ဆဲတာလား ဆိုတာလား ဆိုတာကို ကိုယ်လဲမသိဘူး။

ကိုင်း အမီနာကျီ့အကြောင်း ဘယ်လောက်ရေးဖို့ကောင်းသလဲ။ ခေါင်းထဲမှာ စီထားပြီးသား။ ဟို ရေး လက်စ သုံးပုဒ်ကိုလှည့်မကိုင်သေးဘဲ အမီနာကျီ့အကြောင်းရေးလိုက်ရင် မကောင်းဘူးလား။ ၁၅ ရက် နေ့မီအောင် ဝေါခနဲရေသွန်လိုက်သလို ချရေးလိုက်ရင် ရမှာ။

ဒါပေမယ့် သူတို့ဂျာနယ်နဲ့က မကိုက်ပြန်ဘူးထင်တယ်။ ပြီးတော့ အမီနာကျီအကြောင်းက ဟိုး လွန်ခဲ့ တဲ့ အနှစ် ၂ဝ- အစိတ်က။ ခုနေပြန်ကြည့်ရင် ဝတ္ထုတော့ဖြစ်ကောင်းဖြစ်မယ်။ အယ်ဒီတာမင်းပြော တဲ့ “ကောင်းကောင်းလေး”တော့ ဖြစ်မှာမဟုတ်ဘူး။ ကိုယ်တွေဘက်ကတော့ ရေးရင်ကောင်းမှာပဲ ဆိုပြီး ရေးကြတာပါပဲ။ ကောင်းခြင်းမကောင်းခြင်းဆိုတာကတော့ စာဖတ်သူရဲ့မနှောနဲ့“ဟပ်မိ”မှ ဖြစ်ရတာ မျိုး မဟုတ်လား။ နောက်ပြီး ကိုယ်စဉ်းစားမိတာက လတ်တလောကိုယ်နေနေရတဲ့ ဘဝပတ်ဝန်းကျင် အငွေ့ အသက်ကိုရေးတာကမှ ပိုကောင်းမလားထင်မိတယ်။ လက်ရှိကိုယ့်ဘဝက တောကြီးမျက်မည်း ထဲရောက်နေရတဲ့ ဒုက္ခသည်တယောက်လေ။ အဲဒီ့အကြောင်းတွေရေးရင် ပိုကောင်းမှာပေါ့။ တာဝန် လဲ ရှိတယ်လေ။ စာရေးသမားဆိုတာ ကိုယ်နေတဲ့ဘဝဝန်းကျင်ကို ထပ်ဟပ်ရိုက်ခတ်နိုင်မယ်ဆိုတယ် မဟုတ်လား။

ဟုတ်တယ်။ ဒုက္ခသည်စခန်းထဲက ဘဝပုံရိပ်တွေလဲ ကိုယ့်မှာရေးချင်တာတွေအများကြီး။ ရေးဖို့ မောင်းတင်ထားတာတွေမှ တကယ့်ကို အများကြီးပဲ။ ဒီက ဘဝတွေလဲ စာဖတ်သူတွေ သိစေချင် တယ်။ ကိုယ်တို့တတွေဟာ ဘဝတလျှောက်လုံး ဘယ်စဉ်ကမှ သဲ့သဲ့လေးတောင် မစဉ်းစားဘူးတဲ့ “ဒုက္ခသည်” ဆိုတဲ့ဘဝကို ရောက်နေတာရတာကလား။ ရိုးရိုးပဲ စဉ်းစားကြည့်ပေါ့။ ကျနော်ကြီးလာ ရင် ဒုက္ခသည်လုပ် စားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်သူမှ စာစီစာကုံးတပုဒ် ရေးခဲ့ဖူးမယ် မထင် ပါဘူး။ ခက်တာက ခုပြန်ကြည့်တော့ ဒို့ ဒုက္ခသည် သွားလုပ်ကြမယ်၊ ဒါမှ အမေရိကားတို့ ဘာတို့ ရောက်မှာဆိုတဲ့ မျှော်မှန်း ချက်နဲ့ လာတဲ့လူတွေလဲ တွေ့လာရတော့ ပြောရခက်ကြီးပဲ။ ဒုက္ခသည် လာလုပ်ဖို့ ငွေပုံငွေရင်းနဲ့လာတဲ့ လူတွေ ရှိလာသဗျ။ တချို့ ကိုယ်တို့ဆီမှာ ဒုက္ခသည်လာလုပ်တဲ့ လူ တွေကိုကြည့်လိုက်ရင် မိုးကြိုးပစ်ရ ပါစေရဲ့ ဒုက္ခသည်ပါဗျလို့ ကြိမ်ပြောရမလောက်ပဲ။ ကြေးရတတ် တွေ၊ လူကုံထံတွေ၊ ပညာတတ်လေးတွေ၊ ရွှေ တွဲလွဲ ငွေတွဲလွဲ။ တချို့ ငွေစက္ကူအစိမ်းတွေဘာတွေ ကိုင်ပြီးသုံးနိုင်တဲ့လူတွေ။ ဝတ်ပုံစားပုံ တွေကလဲ မခေကြပါခင်ဗျ။ စကပ်ပေါင်တိုအကွဲ၊ ဘောင်းဘီ ထည်လဲ၊ ဘွတ်တွေ ရွှတ်တွေအမျိုးမျိုး။ လူ ဒီဇိုင်းမျိုးစုံ အရွယ်ကလဲ မျိုးစုံပဲကိုဗျာ။ ဒုက္ခသည်စခန်းထဲ မှာ သူတို့က ကိုယ်ပိုင်ကွန်ပျူတာ လက်ပတော့တွေ နုတ်ဘုတ်တွေ ကိုယ်စီကိုယ်စီနဲ့။ ဇာတ်လမ်း သဘောနဲ့ပြောရရင် တောခန်းတောင်ခန်းထဲ ရောက်နေတာတောင် ကိုယ်ရောင် ကိုယ်ဝါတွေက တ ညီးညီး တဝင်းဝင်းနဲ့ပါ။

ဆိုတော့ နှစ်ပိုင်းခွဲပြောရမယ်ထင်တယ်။ ဒုက္ခသည် တကယ်ဖြစ်ရမှာမို့ ဖြစ်လာတာရယ်၊ ဒုက္ခသည် ဖြစ်ချင်လွန်းလို့ ဒုက္ခရှိရာနေရာကို တမင်ဒုက္ခရှာလာတဲ့သူရယ်လို့။ ဒီနှစ်ခုပေါ့နော။ ဒီလို အတန်းအ စား နှစ်ခုခွဲကွဲတယ်။ ဒါတွေကို ကိုယ်စာရေးချင်တယ်။ ရေးလို့ကိုမဆုံးနိုင်အောင် ရေးချင်စရာတွေပဲ။ ဘယ်လိုပဲဆိုစေ လူတွေစုဝေးနေရင် လူ့အဖွဲ့အစည်းတရပ်ဖြစ်လာတယ်။

လူအဖွဲ့အစည်းဆိုတာတိုင်းမှာ လူမှုပဋိပက္ခတွေမကင်းဘူး။ မတူညီတဲ့ အတန်းအစားနှစ်ခုကြောင့် ပြ ဿနာတွေရှိနိုင်သလို အတန်းအစားတခုချင်းမှာလဲ လူမှုပဋိပက္ခတွေဆိုတာ ရှိတာပဲ။ အစုလိုက်အ ဖွဲ့လိုက် ပြဿနာကြီးငယ်ရှိသလို တဦးချင်းတမိသားစုချင်းဆီမှာလဲ ပြဿနာရှိတာပဲ။ ပြီးတော့ သူတို့ တွေ ဘာလို့ဒုက္ခသည်ဖြစ်လာကြရတာလဲ။ ပြဿနာ အများကြီးရှိတယ်။ ပြောစရာတွေအများကြီး။ ဆုံး နိုင်မယ်တောင်မထင်ဘူး။

ဆိုတော့ ဒုက္ခသည်စခန်းအကြောင်းပဲပြောကြမယ်။ စခန်းထဲမှာလဲ ပြဿနာတွေရှိတာပေါ့။ အဓိကအ ကျဆုံး အခြေခံပြဿနာကတော့ စား၊ ဝတ်၊ နေရေး ပြဿနာ။ ဒါ အဓိက အကျဆုံး။

ကြည့်၊ ကိုယ်ဆိုရင်ပဲ သက်ဆိုင်ရာကနေရာချထားပေးတဲ့ အိမ်ကလေးက (တကယ်တော့ တဲအိမ် လေးပါ) ယိုင်ရွဲ့နေပြီ။ ဘေးကိုစောင်းပြီး ရှေ့ကိုငိုက်ကျနေပြီ။ ဒါက တဲရှေ့က အမြင်။ နောက်ဘက် ကကြည့်ရင် နောက်ဖေးအဖီက ပယ်တယ်တယ်ဖြစ်နေပြီ။ ပြိုကျလုကျခင်ပဲ။ မဖြစ်ခံမလားဗျာ။ တနှစ် နေရမယ့် တဲကို သုံးနှစ်သုံးမိုးမက နေနေရတာမဟုတ်လား။ ခေါင်ယိုရင် ခေါင်တက်ဖာ၊ တိုင်ဆွေးရင် တိုင် ဆွေးနဲ့ပြန်ဆက်။ ကြမ်းကျိုးရင် ရှိတာနဲ့စပ်။ ဒီလိုစခန်းသွားနေရတာမဟုတ်လား။ ကိုယ့်အိမ်ဆို တိုင်ခြေတွေအားလုံးပြတ်ပြီး မြေကြီးပေါ်တင်ရုံလေး တင်နေတော့တာ။ အိမ်ပေါ်တက်လိုက်လို့ များဖြင့် ငြိမ့်ခနဲ သိမ့်ခနဲ။

ယူအဲန်အိပ်ခ်ျစီအာရ်လို့ခေါ်တဲ့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီးမှာက ရန်ပုံငွေ ပြတ်နေပြီ တဲ့။ ဒုက္ခသည်စခန်းမှာက ဒုက္ခသည်တွေ တနေ့တခြား တိုးတိုးလာ။ ကိုယ်တို့ဆို ပြီးခဲ့တဲ့ မိုးဦးအစမှာ အိမ်ပြန်ဆောက်ဖို့ဆိုပြီး ယူကလစ်တိုင် နှစ်တိုင်၊ အင်ဖက်မိုးက (၁ဝဝ) လား၊ (၁၅ဝ) လား၊ ပြီးတော့ ဝါးက အလုံး (၄ဝ-၅ဝ) ယူအဲန်က ပေးတယ်။

အိမ်တအိမ်လုံးက ပစ်ရနေပြီ။ ဒါနဲ့ပြန်ဆောက်ရမယ်ဆို တော့ .. အင်း တိုင်နှစ်လုံးနဲ့ အိမ်တအိမ် ဘယ်လို အင်ဂျင်နီယာမျိုးက ဆောက်တတ်လေမလဲဆိုတာတော့ စဉ်းစားသာကြည့်ပေတော့။ ဒါပေ မယ့် အကျိုးတော့မယုတ်ဘူးဗျ။ ဝါးတို့တိုင်တို့ အင်ဖက်မိုးတို့ လက်သိပ်ထိုးဈေးကွက်လေးဖြစ် သွား တာပေါ့။

တတ်နိုင်တဲ့လူတွေက မတတ်နိုင်တဲ့လူတွေဆီမှာ လိုတာဝယ်ကြ။ ပြီးတော့ မြေကွက်လပ်လေးတွေ ရှိ ရာမှာ အိမ်သစ်လေးတွေဆောက်ကြ။ စခန်းမှာ တရားဝင် သတ်မှတ်ထားတဲ့အိမ်တွေအပြင် နံပါတ်ပွား အိမ်ကလေးတွေ ဟိုနေရာက ဘွားခနဲ ဒီနေရာက ဘွားခနဲ ပေါ် ပေါ်လာတာပေါ့။ မိုးဦးကျ မှိုလေးတွေ လိုပေါ့ဗျာ၊ နော။

အိမ်တအိမ်ဆို အေ ဘီ စီ ဆိုပြီး အိမ်နံပါတ်တွေ ပွားယူလိုက်တာ လက်ဆယ်ချောင်းတောင် ရှိဆိုပဲ။ ဖက် ဝါး ရောင်းလိုက်ရတဲ့ လူတွေအဖို့ကတော့ ခရိုး ခယိုင်တဲကုပ်လေးတွေထဲမှာ နေမြင်လမြင် ဖြစ် သလိုနေပြီး တတိယနိုင်ငံတခုခုကို မြန်မြန် ရောက်ရပါစေကြောင်း ဘုရားမှာသာ ပုဆိန်ပေါက်ဆု တောင်းကြပေရော့။

အင်း..၊ ဒါတွေကိုကျော်ပြီး အမီနာကျီရဲ့ “အရက်ချို အချစ်ခါး” အကြောင်းရေးပြန်ရင် မကောင်းဘူး ထင်တယ်။ စာရေးသူဆိုတာ လက်တွေ့ပစ္စက္ခ ဘဝအခြေကိုပိုပြီး စူးစူးရှရှပြတ်ပြတ်သားသား မြင်ပြ ရေးပြဖို့ တာဝန်ရှိတာကလား။ ခက်တာက ဒါတွေချည်းရေးပြနေလို့က ဒုက္ခသည် ညည်းချင်းတွေပဲ ဖြစ် နေမလား။ ဘယ်သူမပြု မိမိမှု ဆိုသလို ကိုယ့်အဖြစ်နဲ့ကိုယ် ဒီလမ်းကိုရွေးချယ်ခဲ့တာကိုပဲ ရိုးမယ်ဖွဲ့ ရေး နေရတာလဲ လမ်းမကျသေးပါဘူး။ တကယ်ပဲ ဒုက္ခသည်စခန်းတနေရာမှာ ကိုယ်တို့တွေက ဘဝကို ရေစုန်မျောနေကြပြီလား။ ရေစုံမျောလိုက်ကြပြီလား။ အားမဲ့မာန်မဲ့ အဓိပ္ပာယ်မဲ့ကုန်ကြ ရော့သလား။

ဒါလဲ မဟုတ်သေးဘူး။ ဟောကြည့်။ ကိုယ် ၁၅-ရက်နေ့အမီ စာမူပို့ပေးပါလို့ အကြောင်းကြား လာတာ ကို မီအောင်မရေးလိုက်နိုင်တာကပဲ ရေစုန်မျောနေလို့မှမဟုတ်ရတာ။ အဓိပ္ပာယ်ရှိတဲ့အလုပ် တခုကို တာဝန်အရ ခံယူမှုအရ လုပ်နေရတာကြောင့်ပဲဟာ။ ဟုတ်တယ်။ ကိုယ်တို့ ဒုက္ခသည်စခန်းမှာ ရေရှည် အကျိုးရှိမယ့် အလုပ်တခုကို ကိုယ်ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲလုပ်နေလို့ပဲလေ။ ဒါက ချဲ့ရင် ချဲ့ သလို ကြီးကျယ်တဲ့ရေရှည်အကျိုးစီးပွား။ တိုင်းရင်းသားတွေအချင်းချင်းကြား တဦးအပေါ်တဦး ယုံကြည်နား လည် ချစ်ကြည်ပေါင်းစည်းနိုင်ဖို့ မျှော်မှန်းချက်။ ဒါကိုပြောနေကြတာကြာပြီ။ အစည်းအဝေးခန်းမတွေ မှာ မိန့်မိန့်ကြီးထိုင် လက်ပိုက်ပြီး အတည်အခန့်ပြောချင်ပြောမယ်၊ ရှေ့တန်းစစ်မျက်နှာတွေမှာ သေ နတ်ကိုပိုက် တိုက်ပွဲတွေဆင်နွှဲပြီး ပြောကောင်းပြောနေမယ်။ တခုမှမမှားဘူး။ သူ့နည်းနဲ့သူ အဟုတ် ချည်းပါပဲ။ ကိုယ်တို့ကတော့ ဒါကို ဒုက္ခသည်စခန်းတနေရာမှာ လုပ်နေကြတာဆိုတော့ တမျိုးကြီးများ ဖြစ်နေ မလားပေါ့။

စခန်းထဲမှာ စစ်စစ်ပေါက်ပေါက် သတိထားမိတော့ တိုင်းရင်းသားလူမျိုးစုံသလောက်ရှိတယ်။ ကရင်လူ ထုက အများဆုံး။ နောက် ဗမာ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ဘိတ် (မြိတ်) ထားဝယ်၊ ကယန်း။ ပြီး တော့ ပအို့ဝ်း။ စုံမှစုံပဲ။ ယုံကြည်ကိုးကွယ်ရာ ဘာသာပေါင်းကလဲ စုံတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ ဘာသာ အစုံရှိကြတာပါ။ လူဦးရေကလဲ သောင်းဂဏန်း။ ကလေးလူကြီးပေါင်း နှစ်သောင်းဝန်းကျင် ရှိ မယ်။ လူမျိုးဘာသာခြားသလို ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတွေကလဲ စုံတယ်။ ဘဝနယ်ပယ်အရ ကြည့် ရင်လဲ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဘာသာရပ်ဆိုင်ရာ မဟာဘွဲ့ယူထားတဲ့လူတွေ၊ အိုင်တီနည်း ပညာတတ်မြောက်ကျွမ်းကျင်သူတွေ၊ ဂျပန်၊ ကိုရီးယား စတဲ့ ဘာသာစကားတတ်မြောက်သူတွေ၊ ပြီး တော့ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ ပန်းချီဆရာ စုံလိုက်သမှ။ ပန်းပုဆရာတောင်ပါသေး။

ဒါကို ကရင်အမျိုးသားကြီးတဦးက သတိပြုမိတယ်။ သူက အရင်ကတော့ လက်နက်ကိုင်တိုက် ပွဲဆင်နွှဲ လာတဲ့ ခေါင်းဆောင်တဦးပေါ့။ ဒီဖထီးက တခါတော့ စခန်းထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုမျိုး စုံကို ဖိတ်ပြီး ဒုက္ခသည်ဘဝတူချင်း ဒီနေရာကနေစပြီး အချင်းချင်းကြား တဦးနဲ့တဦး နားလည်မှုတည် ဆောက်ကြရအောင်လား။ ချစ်ကြည်မှုတည်ဆောက်ကြည့်ရအောင်လားဆိုပြီး အဆိုပြုတယ်။ အနိမ့် ဆုံး မျှော်မှန်းချက်အဖြစ် စခန်းထဲမှာ လူမျိုးတမျိုးနဲ့ တမျိုး ခိုက်ရန်ဖြစ်ပွားမှု ထိန်းသိမ်းနိုင်လိမ့်မယ် ပေါ့။ လုံခြုံရေးအရလည်း ပါတယ်ပေါ့။ ဒီ့ထက် လူမျိုးတမျိုးနဲ့ တမျိုး ခြားနားကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အပြန်အလှန်နားလည်အောင် လုပ်ကြည့်ကြရအောင်လားပေါ့။

ကိုယ်တော့ ဒီအဆိုကို သဘောကျသွားတယ်။ ဟုတ်တယ်။ ဒါ သိပ်အခြေခံကျတာပဲ။ လက်တွေ့ ဘဝ နဲ့လဲ စပ်ဟပ်တယ်။ တတိယနိုင်ငံ တနိုင်ငံကိုထွက်ခွာဖို့ ဆုံးဖြတ်လာခဲ့တာမှန်ပေမယ့် စခန်းထဲမှာ အ လကားမတ်တင်းနေမယ်ဆိုတဲ့စိတ်မျိုး ကိုယ်မထားနိုင်ဘူး။ ကိုယ်တို့တတ်နိုင်သမျှ မျှော်ရည်ခဲ့တဲ့ အ လုပ်တွေထဲမှာ ကိုယ့်လူထု ကိုယ့်နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း ရတဲ့ဒေါင့်ကနေလုပ်ဖို့ မမေ့ မ လျော့တဲ့စိတ် အမြဲရှိတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်ကြောင့် နေရာတကာမှာ နိမ့်ကျနေခဲ့ရ တဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေအတွက် ကိုယ်တို့မှာလဲ တာဝန်မကင်းဘူးလို့ ခံယူတယ်။ ဒီတော့ ဒီ ဖထီးအဆိုပြုလာတဲ့အပေါ် ကိုယ်နိုင်တဲ့ဘက်ကနေ တက်တက်ကြွကြွပဲ ဝင်လုပ်ခဲ့တယ်။

ခုဆိုရင် ဒုက္ခသည်အချင်းချင်းကြားမှာ တယောက်ရဲ့အားသာချက်ကို တယောက်ကိုဝေမျှတဲ့ ပညာရပ် ဆိုင်ရာဖလှယ်တဲ့ (သင်ကြားတဲ့) သင်တန်းတွေ၊ ကွန်ပျူတာအင်တာနက်လို အိုင်တီနည်းပညာနဲ့ ပတ် သက်တဲ့သင်တန်းမျိုးတွေ၊ အင်္ဂလိပ်စာ စကား။ ဂျပန်စာ စကား၊ ကိုရီးယားစာ စကား စတာတွေ သင် ဖို့ တိုင်းရင်းသားသင်တန်းကျောင်း ငြိမ်းချမ်းရေးရင်ပြင်ဆိုတာကို ဖွင့်လှစ်ပြီး ကိုယ့်အားကိုယ့်မာန်နဲ့ ကိုယ်တို့ လှမ်းလျှောက်ကြည့်နေကြပြီ။ အခက်အခဲတွေတော့ အများကြီးပေါ့။ ဒုက္ခသည်စခန်းဆို တော့ ရုပ်ဝတ္ထုပစ္စည်းကလဲ ရှားပါးသား။ ငွေကလဲ တွင်းနက်လိုက်သမှ။ ဒီကြားထဲ နှစ်ပရိစ္ဆေဒနဲ့ တည် အောင် ရှည်ကြာခဲ့တဲ့ တဦးအပေါ်တဦးသံသယစိတ်ကလဲ ချက်ချင်း ဘယ်အကင်းသေနိုင်ကြပါ့အုံး မလဲ။ ဒီလိုသင်တန်းတွေအပြင် တိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို တဦးနဲ့တဦး ကြား သိမြင်နားလည်လာဖို့ တပတ်တခါ အလှည့်ကျ ထုတ်ဖော်ဟောပြောပွဲလေးတွေလဲ လုပ်ကြဦး မှာ။ မိမိရိုးရာ ဂီတအဆိုအက၊ အတီးအမှုတ်၊ သီချင်း၊ စာပေ၊ အစားအသောက်တွေကအစ ဒါတွေ အားလုံးကို လုပ်ကြမှာလေ။

ဖထီးကတော့ပြောတယ်၊ ဒါ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွေ့ ကျတဲ့ စမ်းသပ်ကွင်းလေးတဲ့။ ငါတို့ ဒုက္ခသည်ရိက္ခာ ထိုင်စားပြီးနေတာထက် အဓိပ္ပာယ်တခုကို ယုံ ယုံကြည်ကြည်ဖော်ဆောင်နေတာ အရှုံးထဲက အမြတ်ရှာတာတဲ့။


ဟုတ်တယ်။ ကိုယ်တို့တွေဟာ အဲဒီ့ တိုင်းရင်းသားသင်တန်းကျောင်းရဲ့ ငြိမ်းချမ်းရေးရင်ပြင်ထဲမှာ တ ယောက်ရဲ့တယောက် အပြုံးချင်းဖလှယ်လာကြတယ်။ တယောက်ရင်ကိုတယောက် ရင်းရင်းနှီးနှီး ဖွင့် ဖတ်နေကြတယ်။ ယဉ်ကျေးမှုချင်း ဝတ်မှုန်ကူးကြတာလေ။ ဒီအခြေခံကနေန ချစ်ကြည်မှုကို တည် ဆောက်ကြရမှာ မဟုတ်လား။ အာဏာရှင်တယောက်ယောက်က အတင်းဇွတ်လုပ်ခိုင်းတာမဟုတ်တဲ့ ချစ်ကြည်မှုတွေ လတ်ဆတ်တဲ့အပြုံးတွေနဲ့ လက်ချင်းယှက်လို့။


အင်း ဒါလဲ ဝတ္ထုတပုဒ်လောက်ရေးမယ်ဆို ရေးလို့ရတာပဲ။ အယ်ဒီတာမင်းများ ကြိုက်မကြိုက် တော့မ သိ။ သူပြောတဲ့ ဝတ္ထုတိုကောင်းကောင်းလေးတပုဒ်တော့ ဖြစ်လာကောင်းရဲ့လို့ ထင်မိတာပဲလေ။ ငြိမ်း ချမ်းရေးဝတ္ထုတပုဒ်ပေါ့ဗျာ။ နော။

ခင်လွန်း
နိုဝင်ဘာ၊ (၁၉)၊ ၂ဝဝ၉
...

Read More...

Saturday, January 23, 2010

စာဖတ်သူများသို့...
စာရေးသူရဲ့ ငယ်ဘဝပုံရိပ် တစေ့တ စောင်းလှစ်ပြတဲ့အနေနဲ့ရော ငယ်သူ ငယ်ချင်းတယောက်ကို သတိရခြင်း များနဲ့ပါ ဒီစာကို ရေးဖြစ်ပါတယ်။

ဒီဝတ္ထုကိုရေးဖြစ်တော့ လွတ်လပ်ရေး နေ့မတိုင်မီကပါ။ လွတ်လပ်ရေးနေ့ အ မီ စာဖတ်သူများဆီ ကျနော် ပို့ပေး ချင်တာလေ။ ဒါပေမယ့် အကြောင်းအ မျိုးမျိုးတွေနဲ့ နောက်ကျသွားခဲ့ရပါတယ်။

ဒီဝတ္ထုက အကန့်အသတ်ဘောင်ကိုလွှတ်ပြီးရေးထားတော့ ပြည်တွင်းမှာတုန်းကဆို မဂ္ဂဇင်းဝတ္ထုရှည် လောက်ဖြစ်မယ်ထင်ပါတယ်။ ဘလော့တို့ဝက်ဘ်တို့ရေစီးမှာ “ကျနော့်ရဲ့ နှင်း” က အတော်ကို ကိုးလိုး ကန့်လန့် ဖြစ်နေမယ်ဆိုတာ ကိုယ်တိုင် သတိထားမိပါတယ်။ ခက်တာကဘယ်လိုမှ မတတ်နိုင်တော့ အောင် လက်ကျွံသွားခဲ့ ရပါပြီ။ စိတ်ရှည်လက်ရှည် ဖတ်ပေးမယ်ဆိုရင်ပဲ ကျေးဇူးတင်ရတော့မှာပါ။

ကိုယ်ရေးဖြစ်တဲ့စာလေးတွေ တစုတစည်းတည်းဖြစ်ချင်တာနဲ့ပဲ ဘလော့ပေါ်တင်ရလိုက်ရတာကို နား လည်ပေးကြပါလို့ပဲ ဆိုပါရစေ တော့ဗျာ။ ဝတ္ထုခေါင်းစည်းအတွက် ကူပေးတဲ့ “နေနေ” ကိုလဲ ကျေးဇူး တင်ရကြောင်း ထည့်ပြောပါရစေ။
စာရေးသူ


ကျောက်ဖြစ်သွားတဲ့ နှင်း

နှင်းများက ဒီဇင်ဘာ၏ ဝန်တာကိုထမ်းဆောင်ရင်း ဝန်းကျင်တခိုတွင် ဆိုင်း၍နေလေသည်။ လာမည့် လေးငါးရက်ဆိုလျှင် ကျနော်တို့ နိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ (၆၂) နှစ်တာ ကာလသို့ ရောက်ပေဦးတော့မည်။ အခြားအရာများ အသာထား၍ လွတ်လပ်ရေးနေ့” သို့ ရောက်လေတိုင်း ကျနော့်တွင် မှတ်မှတ်ရရ ရှိခဲ့ဖူးလေသော ငယ်သူငယ်ချင်းတယောက်ကို သတိရနေမိတတ်သည်။ ထိုသို့သတိရမိတိုင်းလည်း သူနှင့်ကျနော့် အကြားရှိခဲ့ဖူးလေသော ကတိစကားတလုံးကပါ တပါတည်း ပါလာတတ်ပါသည်။ ပြန်ပြောင်းတွေးကြည့်တော့ နှစ်ပေါင်း၃ဝ-ပင် ကျော်ခဲ့ပါပြီကော။ ယခုအချိန်၌ ကျနော့်သူငယ်ချင်း ခင်မောင်ထွန်းပင်လျှင် သည်လောက မြေမဟီတနေရာတွင် သက်ရှိထင်ရှား ရှိရှိ တော့ပါလေစ။ ထို့အတူ ခင်မောင်ထွန်းကလည်း တချိန်တခါလေးများ ကျနော့်အား သတိရနေ တတ် သေးလျှင် ဘဖေငြိမ်းတယောက် ဒီကမ္ဘာလောကကြီး၌ ရှိမှရှိပါလေတော့အံ့ဟု တွေးမိလိမ့်မည်ထင်ပါ သည်။

အော် .. သူငယ်ချင်း ခင်မောင်ထွန်း၊ လွတ်လပ်ရေးနေ့အခါသမယကိုရောက်လေတိုင်း မင်းကိုသတိရ နေ ပါသေးတယ် “လောကကြီး” ရေ။

.....

(၁)
ခင်မောင်ထွန်းမှာ ကျနော်နှင့် ကိုးတန်းဆယ်တန်း ၂ နှစ်ဆက်တိုက် တတန်းထဲတခုံထဲ အတူထိုင်ခဲ့ကြ သည့် အတန်းဖော်သူငယ်ချင်း ဖြစ်သည်။ ကျနော်တို့နှစ်ယောက်ထဲတော့မဟုတ်။ ဝင်းတင် ဆိုသည့် ခပ်အေးအေးခပ်ငေါင်ငေါင် သူငယ်ချင်းတယောက်လည်း တခုံထဲ အတူထိုင်ကြရာတွင် ပါပါသည်။ ကျောင်းတွင် ကျောင်းသားနှင့် စာသင်ခုံမလုံလောက်၍ နှစ်ယောက်စာခုံတန်းရှည်တွင် ကျနော်တို့ သုံး ဦး အတူထိုင်ကြရခြင်း ဖြစ်သည်။

ဒီနေရာတွင် ထူးခြားသည်မှာ တူရာတူရာစုတတ်ကြသည့် သဘောသဘာဝကြောင့်ပေလား၊ အခြားအ ခြားသော အကြောင်းကြောင်း များကြောင့်ပေလားတော့မသိ။ ကျနော်တို့ သုံးဦးသားက အတွဲညီလှ သည်ဟု ဆိုနိုင်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ ဥပဓိများမှာ တတန်းလုံးတွင် တော်တော်လေး မွဲတိမွဲပြာ စုတ်တိစုတ်ချာနိုင်လှခြင်း ဖြစ်သည်။ ကိုယ့်ဂုဏ်ကိုယ်ဖော်၍ ပြောဆိုရမည်ဆိုလျှင်တော့ ကျနော်တို့ ၉ တန်း (ဒီ) အခန်းထဲတွင် လူမွဲစာရင်းကောက်ယူမည်ဆိုပါက ကျနော်တို့သုံးဦး ရှေ့ဆုံး တန်းက စာရင်းပေါက်မည်မှာ အငြင်းပွားဖွယ်ရာမရှိနိုင်။ တိုတိုပြောရလျှင် ကျနော်တို့မှာ ခပ်မွဲမွဲမိ သားစုများက ဆင်းသက်လာရကြောင်း ရုပ်သွင်အရရော ဝတ်စားမှုအရပါ ထင်းထင်းကြီးပေါ်လွင်လှ သည်။ ကျနော်မှတ်မိသလောက် လက်သမားဆရာကြီးတဦး၏သား ခင်မောင်ထွန်း တွင် နွမ်းဖတ်ဖတ် ကော် လံကတုံးအင်္ကျီလေးတထည်၊ မိုးပြာရောင်လွင့်လွင့် ရှပ်လက်တိုလေးတထည်တို့သာ စာသင်နှစ် တနှစ်တာလုံး ထည်လဲဝတ်နေရလေ့ရှိပြီး ကျနော်ကလည်း ပခုံးစွန်းတွင် ဖာရာထေးရာဗလပွနှင့် တက် ထရွန် ရှပ်လက်တိုလေးတထည်၊ အမေ့မောင် ကျနော့် ဦးလေးအကျ အကွက်စင်းအင်္ကျီလေး တထည် တို့နှင့်သာ တနှစ်တာ စခန်းသွားခဲ့ရပါသည်။ ထိုနည်းနှင်နှင် သာမန်အစိုးရဝန်ထမ်း တဦး ၏သားဖြစ်သူ ဝင်းတင် မှာလည်း ကျနော်တို့နှင့် ပိန်မသာလိန်မသာအစားထဲကဖြစ်ပြီး သည်လို ပုံသည်လိုမျိုးနှင့် ကျနော်တို့၏ အထက်တန်းကျောင်း ကျောင်းသားဘဝကို ခရီးနှင်ခဲ့ကြရခြင်းကို မှတ်မိနေသည်။

စင်စစ် ကျနော်တို့သုံးဦးသားအနက် အသွင်တူဆုံးမှာ ခင်မောင်ထွန်းနှင့် ဝင်းတင် ဖြစ်သည်။ သူတို့နှစ် ယောက်က ပုံမှန်အားဖြင့် လူအေးများဟု ဆိုနိုင်ပြီး စကားနည်းကြပုံချင်းတူသည်။ ဝင်းတင်စကား ပြောလျှင် လေသံအေးအေးတိုးတိုးလေးပြောတတ်ပြီး ခင်မောင်ထွန်း က စကားထစ်သည်။ တော် တော်ပင် ထစ်ရှာသည်။ ဒါပေမင့် တာထွက်မှန်ပြီး အရှိန်ရသွားလျှင်တော့ ဖြောင့်သွားတော့၏။ ခင် မောင်ထွန်း စကားပြောဖို့ချီလျှင် “လောကကြီးကကွာ လောကကြီးမှာကွာ..” စသဖြင့် အစချီကာ ပြောလေ့ရှိရာ သူ ဘာပြောပြော လောကကြီးမပါဘဲ မနေတတ်။ ဒီတော့ သူ့ကိုကျနော်က “လောက ကြီး” ဟု အမည် ပြောင် ပေးထားသည်။

ပြောရလျှင် သူတို့နှင့်ကျနော်က အကွာကြီးကွာသည်။ ကျနော်က စကားများသော ကြွက်။ လူက လည်း သိပ်ငြိမ်ငြိမ်မနေတတ်။ ဆရာမရှိလျှင် စာသင်ခုံကို ဒရမ်လိုသဘောထားပြီး ခေါက်လား ခေါက် နေ တတ်သည်။ ဒါမှမဟုတ် သစ်သားစားပွဲခုံပေါ်တွင် ခဲတန်ချွန်သည့် ဓားဦးဖြင့် စိတ်ကူးတည့်ရာ ကနုတ်ပုံတခုခု ထွင်းကောင်း ထွင်းနေတတ်သည်။ တခါတလေ နှစ်ကြိမ်ဆက်တိုက် ဆရာများမလာ လျှင်တော့ ကျောင်းနံရံကို ကွန်ပါဒေါက်စူးဖြင့် ဓားပေါက်တမ်း ကစားတော့၏။ ဆိုပါတော့၊ ခင်မောင် ထွန်းနှင့် ဝင်းတင်တို့က အငြိမ်သမား။ ကျနော်က အလှုပ်။ တော်တော်လေးကိုလှုပ်တဲ့ အလှုပ်။ ဒီ တော့ ကျနော်လည်း နာမည်ပြောင်တခု ရလာသည်။

ကျနော့်အမည်က “မျောက်ညို” တဲ့။ ကာတွန်းဦးအောင်ရှိန်၏ ဇာတ်ကောင်များစွာအနက် နာမည် ကျော် ဦးစိတ်တိုနဲ့ မျောက်ညို ဇာတ်ကွက်ထဲမှ ဒေါသကြီးသည့် ဦးစိတ်တို၏ ငှက်ပျောတောကို အ လစ်ဝင်ဝင်ခိုးတတ်သော မျောက်တကောင်၏အမည်ကို ကျနော် ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ် သည်။ ဝင်းတင် အမည်ပြောင်ကိုတော့ သဲသဲကွဲကွဲ မမှတ်မိတော့။
.....

တခါသားမှာတော့ ခင်မောင်ထွန်းက စကားတခုဆိုလာသည်။
“ဟေ့ မျောက်..မျောက်..မျောက်ညို၊ လောကကြီးမှာ ဘာအရေးကြီးဆုံးလို့မင်းထင်သလဲ” တဲ့။

ထိုနေ့က ကျောင်းအစည်းအဝေးရှိ၍ အလှည့်ကျဆရာများမလာသဖြင့် ကျနော်က ဓားပေါက်တမ်း က စားရကောင်းမလား လုပ်နေစဉ် ခင်မောင်ထွန်းက ထိုစကားကို ဆိုလာခဲ့သည်။ မှန်တာပြောရပါက ထို အကြောင်းကို ကျနော်စိတ်မဝင်စားလှ။ ဒါပေမယ့် ကျနော့်ကို အလွန်တွယ်တာသည့် သူငယ်ချင်းမို့ အ လိုက်သင့်ဖြစ်ရန် ကျနော် ကြိုးစားရသည်။

“အများကြီးပဲကွ၊ ငါမပြောတတ်ဘူး”

“မဟုတ်ဘူးလေ၊ အရေးကြီးတယ်ဆိုတာ အများကြီး ဘယ်ရှိမလဲကွ အရေးပါဆုံးကိုပြောတာ”

တကယ်တော့ ထိုပြဿနာမှာ ကိုယ့်ရှူးကိုယ်ပတ်သည့် ပြဿနာဟုလည်း ဆိုနိုင်သည်။ ဖြစ်ပုံကို ကျနော် လင်းပြချင်သည်။ ကျနော်က အဆော့သန်ပြီး ဂဏှာမငြိမ်လှသော်လည်း တဖက်တွင် စာဖတ် ဝါသနာလည်း ထုံသလို ကဗျာလေးဘာလေးလည်း အရူးထပြီးရေးသည်။ ထိုစဉ်ထဲက ကျနော်ဖတ် သည့် စာများမှာ သခင်မြသန်းတို့ ဗန်းမော်တင်အောင်တို့ ဖြစ်နေပြီ။ နားလည်လှလို့တော့မဟုတ်။ ကိုယ့်ဘဝက ခပ်မွဲမွဲဆိုတော့ ငမွဲများကို ကိုယ်စားပြုသည့်စာများကို ကျနော် ကြိုက်တတ်သည်။ ဆရာ ဗန်းမော် တင်အောင်၏ အညတြကြက်တောတို့ ငသြတို့ကို သဘောကျသည်။ တခါတခါ ကြက်တော ဈာန်ဝင်နေသည့် ကျနော်က စာအုပ်ထဲကဒိုင်ကြောင်တွေ သူတို့ကို ပြောပြတတ်၏။ ကျနော်ဖတ်ဖူးခဲ့ လေသမျှ ဝတ္ထုထဲမှအလုံးတွေကို မနိုင်မနင်းအာလုပ်သွင်းကာ ပြောခြင်းဖြစ်သည်။ ဟဲဟဲ ရလဒ်က တော့ ဒီနှစ်ကောင်၏ လွှတ် အထင်ကြီးမှုကို ခံရခြင်း။

တခါတခါကျတော့လည်း ထိုအထင်ကြီးခံရမှုကပင် ပြဿနာဖြစ်တတ်ပြန်သည်။ ခုပင်ကြည့်။ လောက ကြီးမှ ဘာအရေးကြီးဆုံးလဲတဲ့။ ဓားဝိဇ္ဇာလုပ်ဖို့ဟန်ပြင်နေစဉ် “လောကကြီး” က ပြဿနာရှာလေပြီ။ သူ့မျက်နှာ ပေါ်တွင်လည်း ခါတိုင်း ကျနော် မမြင်ဖူးသည့် အရောင်တမျိုးကို မြင်လိုက်မိ၏။

ကျနော်က ကွန်ပါဒေါက်စူးချွန်ကို ခုံပေါ်တွင်တဒေါက်ဒေါက်လုပ်ရင်း “ဘာလဲ ငွေလား” ဟု ပြန်မေး တော့ ခင်မောင်ထွန်းက ခေါင်းကို လေးတွဲ့တွဲ့ ခါသည်။ မဟုတ်သေးဘူးဆိုသည့်သဘော။ ကျနော် ဘာများတတ်နိုင်ပါဦး မည်နည်း။


“ဒါဆိုလဲ မင်းပဲပြောတော့လောကကြီး၊ လူ့လောကကြီးမှာ ဘာအရေးကြီးဆုံးလဲ၊ ငွေမဟုတ်ရင် ဘာ လဲ”

“ငွေ..ငွေ..ငွေလဲ ပါ..ပါ..ပါတော့..ပါတယ်ကွ၊ ဒါပေမဲ့ ငွေထက် ဂုဏ်..ဂုဏ်..ဂုဏ်က ပိုအရေးကြီးတယ် သိ..သိ..သိလား”

သူ့မှာ အလေးအနက်တခုခုပြောချင်လာလျှင် ခုလိုပဲ ပိုထစ်ငေါ့နေလေ့ရှိရာ ကျနော်နားထောင်ရင်း မောနေသည်။ ထို့နောက်မှာတော့ သူတို့မိသားစု ပတ်ဝန်းကျင်၏အထင်သေးအမြင်သေး ခံရပုံတွေ၊ မျက်နှာငယ်ရပုံတွေ၊ ခွဲခြားဆက်ဆံခံရပုံတွေကို ကျနော့်အား ပြောပြသည်။ သူတစုံတရာသော ကိစ္စ နှင့် ခံစားနေရပုံပေါ်သည်။ ဒီတော့လည်း ကျနော်က ထုံးစံအတိုင်း ကျနော်တို့ဘဝများချင်း မကွာလှ ပုံ ခါးသီးလှသည့် လောကဓံရိုက်ပုတ်ချက်များ ခံနေရတာချင်း တူညီပုံတွေကို ပြောပြရသည်။

တကယ်လည်းမကွာခြားလှ။ သီတင်းကျွတ်ကျောင်းပိတ်ရက်များအတွင်း ခင်မောင်ထွန်းက သူ့ဖခင်၏ လက်သမားလုပ်ငန်းခွင်သို့ အကူလိုက်ရသလို ကျနော်လည်း ဦးလေးနှင့်အတူ ဈေးဆိုင်းထမ်း၍ လမ်း တကာလည် ရောင်းရသည်။ ကံဆိုးသည့်အခါများတွင် လူပျိုပေါက်ဖြစ်စ ကျနော့်မှာ အတန်းဖော် ကောင်မလေးများ၏အိမ်သို့ ဆိုက်ဆိုက်မြှိုက်မြှိုက်ကြီး ရောက်သွားတတ်ရာ မျက်နှာဘယ်လိုထား ရ မှန်းမသိအောင်အရှက်ရပြီး ကျောင်းဆက်တက်ရေးကိုပင် တော်တော်အားပြန်မွေးယူရသည်။

ဒါကို ကျနော်ကပြောပြတော့ ခင်မောင်ထွန်းဟူသော လောကကြီး၏မျက်နှာသည် သုန်မှုန်နေရာမှ နည်းနည်းကြည်လာ လင်းလာသလို။ ဒါပေမင့် သူက အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု လူအများနှုတ်မှာ ပြောဆိုကြသော်လည်း သူ့အဖေလို ရိုးသားစွာလက်သမားလုပ်စား သူတဦးအနေနှင့် နေရာတိုင်း အ ရာသွင်းခြင်းမခံရသလို အထင် အမြင်သေးမှုပါခံနေရ၍ သူဝမ်းနည်းရကြောင်းတွေ ဆက်ပြောသည်။

မှတ်မှတ်ရရ ထိုနေ့က စာသင်ချိန်ဆရာများပျက်ကွက်သော်လည်း ကျနော့်မှာ ခါတိုင်းလို ဓားပေါက် မကျင့်ခဲ့ရသည့်အပြင် ခင်မောင်ထွန်း ၏ ခံစားမှုဓားပေါက်ချက်များက ရင်ထဲသို့စူးဝင်စိုက်နစ်ကာ ကျန် ရစ်ခဲ့ရလေ သည်ကို မှတ်မိနေပါသေးသည်။

အော် .. လောကကြီးရေ။ သတိရမိပါသေးတော့ သူငယ်ချင်း။
.....

ခင်မောင်ထွန်းခေါ် လောကကြီးအပေါ် မှတ်မိနေသေးသည့် အခြားအကြောင်းလေးတွေလည်း ကျနော့် တွင် ရှိနေသေးသည်။

ကျောင်းကထိန်များရာသီတွင် ဖြစ်သည်။ အတန်းပိုင်ဆရာမက ပဒေသာပင်သီးရန် ကျောင်းသား တိုင်း ငွေနှစ်ကျပ်စီထည့်ရမည်ဟု အမိန့်တော်ချထားခြင်းကို ခင်မောင်ထွန်းက ငြင်းဆန်ခြင်းဖြစ် သည်။ သူ့ အကြောင်းပြချက်က ဒီလို။ သူ့အဖေတို့ လက်သမားဆိုက်တွင် လက်သမားများစုပေါင်း ကာ ဘုံကထိန်လှည့်ကြမည်။ ထို့ကြောင့် သူတို့မိသားစု ဒီကထိန်ရာသီတွင် အလှူတခုလှူပြီးဖြစ် သည်။ ဒါဆိုရ ပြီ။ သူလည်း အဖေ့ဆိုက်ထဲသို့ လိုက်သွားရမည်။ ငွေနှစ်ကျပ်မထည့်နိုင်။ ဒါပဲ။

ကျနော်တို့ အတန်းပိုင်ဆရာမကလည်း ဆရာမပီသလှပါသည်။ ပြောပုံကကြည့်အုံး။
“ နင်တို့က တော် တော်ပဲ မွဲသလား”..တဲ့။
ဟား ဟား..လောကကြီးမှာ လောကကြီးဟာ..စသည်ဖြင့် ခင်မောင်ထွန်း ပြောမြဲပြောတတ်သလိုသာ ပြောပြီး ကျနော် ရီပစ်လိုက်ချင်သည်။ ဒါပေမင့် ကျနော်တို့ အတန်းပိုင်ဆရာမမှာ လက်မရွံ့ဂိုဏ်းသား တဦးလို ကျောင်းသားတယောက်ကိုရိုက်ရန် အခါမရွေးတတ်သူဖြစ်ရာ ကျနော် ငြိမ်ကုပ်၍သာ နေ လိုက်ရသည်။ သို့သော် ခင်မောင်ထွန်း တိုက်ပွဲ အောင်သွားသည်။

ဆရာမကွယ်ရာရောက်တော့ ခင်မောင်ထွန်းကို ဂုဏ်ပြုသည့်အနေဖြင့် ချီးကျူးစကား ပြောဖြစ်၏။ ခင်မောင်ထွန်းက ဘဝဆိုတာ တိုက်ပွဲပဲလေကွာ နိုင်ရင်နိုင် မနိုင်ရင် ရှုံးပေါ့.. တဲ့။ ထိုစကား ကိုပြောခိုက် နည်းနည်းလေးမှ ထစ်ငေါ့နေခြင်းမရှိတာကို ကျနော်မှတ်မိနေသည်။ အော် လွမ်း လွမ်းမိပါသေးတော့ လောကကြီးရေ။
.....

သည်လိုနှင့်ရေစက်မကုန်သေးသည့် ခင်မောင်ထွန်းနှင့်ကျနော်သည် ဆယ်တန်း (ဘီ) အတန်းတွင် အ တူဆုံကြရပြန်သည်။ ဝင်းတင် နှင့်တော့ အတန်းချင်းကွဲသွားသည်။ ဝင်းတင်က ဆယ်တန်း(ဒီ)။

နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ခင်မောင်ထွန်းသည် သူ့အဖေ၏ လက်သမားဆိုက်တွင် တော် တော်ကြီးကူညီခဲ့ရပုံရှိရာ နေလောင်ထားသည့် ဒဏ်ကြောင့် နဂိုကမှညိုသောအသားမှာ မွဲခြောက် မည်းပြောင်နေသည်။ ဒါပေမင့် ယခင်ပိန်သွယ်သွယ်ကိုယ်ဟန်မှ ပိုအရပ်ထွက်လာသလို မနှစ်ကထက် ကျားကျားလျားလျားလည်း ဖြစ်လာသည်။

“ဟေ့ကောင် မျောက် မျောက် မျောက်ညို၊ မင်းအသားတွေမဲပြီး ထွားလာတယ်ကွ”
ခင်မောင်ထွန်းက ကျနော့်ကိုပြန်တွေ့တွေ့ချင်း ပြောသည့်စကား။

“ဟာ ငါကလဲ မင်းကို ဒီလိုပဲပြောမလို့၊ ဟားဟား လောကကြီးရေ ဒို့နှစ်ယောက်တိုက်ဆိုင်ပုံက တူလွန်း အားကြီးလှပါလား ဟားဟား”

“ဟား ဟား ”

သူကလည်း ကျနော့်လိုလိုက်ရီသည်။ သည့်နောက်မှာတော့ ကျနော်တို့နှစ်ယောက်သား ဝေးကွာနေခဲ့ သည့် နွေကျောင်းပိတ်ရက်ရှည် အတွေ့အကြုံများ ဖလှယ်ကြပြောကြသည်မှာ မမောနိုင် မပမ်းနိုင် အောင်ပင်။ ခင်မောင်ထွန်းက ကျောင်းပိတ်ရက်အတွင်း သူလည်း ကျနော့်နည်းတူ ဝတ္ထုများဖတ်ဖြစ် ကြောင်း၊ ဖတ်တိုင်း ကျနော့်ကို သတိရမိကြောင်း၊ ကျနော်ကလည်း ဂျာနယ်တစောင်တွင် ကဗျာတ ပုဒ် စတင်အဖော်ပြခံခဲ့ရ၍ ကြည်နူးမိကြောင်းတွေဖြစ်သည်။ ထိုနှစ်တွင် ကျနော်တို့ သိသိသာသာ ပြောင်းလဲလာမှုမှာ ကျနော်က ဆရာလစ်လျှင် ဓားပေါက်ဝိဇ္ဇာမလုပ်တော့ဘဲ ကဗျာတွေချည်း ထိုင် ရေးမိနေတတ်သလို ခင်မောင်ထွန်းမှာလည်း မနှစ်ကနှင့်မတူ ကျောင်းစာအပေါ် ပိုမိုအလေးထား လာ သည်ကို သတိထားမိသည်။

သို့သော်..သည်သို့သော်နောက်တွင် ခင်မောင်ထွန်းတယောက် ထူးထူးခြားခြား တခုခုတော့ လုပ် လိမ့် မည် ဟု စာဖတ်သူ ထင်ပါလိမ့်မည်။ မှန်ပါ့ခင်ဗျာ။

ထိုနှစ်သီတင်းကျွတ် ကျောင်းပိတ်ရက်များအပြီး ကျောင်းပြန်ဖွင့်သည့်အခါ အမြဲလိုခပ်နွမ်းနွမ်း ခပ်ညှိုး သာ နေလေ့ရှိသည့် ခင်မောင်ထွန်း တွင် မသိမသာထူးခြားမှုလေးများ တွေ့လာရသည်။ ဆံပင်ကို ခေါင်းလိမ်းဆီမွှေး တမျိုးမျိုးလိမ်းကျံကာ သပ်သပ်ရပ်ရပ် ဖီးသင်လာခြင်းနှင့် အင်္ကျီခပ်ကောင်း ကောင်းလေး နှစ်ထည်သုံးထည်ကို ပွဲထုတ်ရှိုးများလာခြင်းဖြစ်သည်။ ဒါလည်း သိပ်ထူးလှသည်ဟု မ ဆိုနိုင်သေး။

ကျနော်မသင်္ကာသည်က နေ့စဉ်ကျောင်း တက်ခေါင်းလောင်းမထိုးမီ အခြားအတန်းများရှိရာသို့ မ ယောင် မလည်သွားလုပ်တတ်ခြင်းနှင့် သူ့မျက်နှာတွင် ကျနော်အမျိုးအစားမခွဲခြားတတ်သည့် အပြုံး လိုလို ဘာလိုလို မျက်နှာပေးတမျိုးကို မြင်တွေ့လာရခြင်းတို့ပင်။

“ဟေ့.လောကကြီး၊ မင်းမျက်နှာကြီးက တမျိုးဖြစ်ဖြစ်နေတယ်လို့ငါထင်တယ်၊ မင်းဘာဖြစ်နေလဲ မှန် မှန် ပြောစမ်း”

တနေ့ အမှတ်မထင်ဗြုန်းစားကြီးမေးချလိုက်သည့်ကျနော့်စကားကြောင့် သူ ကြောင်တိကြောင်တောင် ခဏဖြစ်သွားသည်။ နောက်မှ မချိုမချဉ်မျက်နှာအဖြစ်သို့ တဖြည်းဖြည်းပြောင်းသွားကာ ...

“ မျောက် မျောက် မျောက်ညို မင်းငါ့ကို ကတိတခုပေး ”

“ ငါ ပေးနိုင်မှ ပေးမယ်ကွာ မင်းလဲ ပြောချင်မှပြော ”

ကျနော်က ဒီလိုဈေးကိုင်လိုက်တော့လည်း လောကကြီးသည် ဘာမှဈေးဆစ်မနေတော့ဘဲ ဖြစ် ကြောင်း ကုန်စဉ် ပြောပြတော့သည်။

“ ကဲ ထားပါတော့၊ အဲဒီ့ နီလာဆွေဆိုတဲ့ကောင်မလေးကရောကွာ မင်းအပေါ် ဘယ့်နှယ့် ..”

“ မင်း.. မင်း စဉ်းစားကြည့်လေ၊ ငါ..ငါ.. ငါပြောတာ အဲဒါ အမှန်..အမှန်..အမှန်တွေချည်းပဲ ”

လောကကြီးအဆိုအရ သီတင်းကျွတ်ကျောင်းပိတ်ရက်အတွင်း သူ့ဖခင်နှင့်အတူ တိုက်တလုံးပြန်ပြင် နေသည့် လက်သမားဆိုက်ထဲသို့ လိုက်သွားရရာ ထိုတိုက်မှာ ကျနော်တို့ကျောင်းမှ ကောင်မလေး တဦး၏ အိမ်ဖြစ်နေပြီး ကောင်မလေးမိဘများကလည်း အလွန်ဖော်ရွှေကြောင်း၊ ပိုက်ဆံချမ်းသာ သော်လည်း အဆင့်အတန်းမခွဲကြောင်း၊ နီလာဆွေဆိုသည့်ကောင်မလေးကမူ သူတို့ကိုနေ့စဉ်ပုံမှန် ကော်ဖီ ဖျော်တိုက်လေ့ရှိကြောင်း၊ ထိုမိသားစုသည် မကြာသေးမီကမှ တခြားနယ်မှ ပြောင်းရွှေ့လာ ကြသည်ဖြစ်ရာ ခင်မောင်ထွန်းအနေဖြင့် နီလာဆွေကို ညီမလေးလို သဘောထား၍ ကျောင်းတွင် အ စစအရာရာ ကူညီစောင့်ရှောက်ဖို့လည်း သူ့မိဘများကမှာကြားကြောင်း..စသဖြင့်။

“မင့်ဟာက ရုပ်ရှင်လိုလို ဝတ္ထုလိုလို ”

ထို့နောက် ကျနော့်ကိုမြင်ဖူးစေချင်သည်ဆို၍ နီလာဆွေတို့အတန်းဘက်သို့ လိုက်ကြည့်ရသေးသည်။ ကောင်မလေးက ခပ်မိမိခပ်ချောချောလေးထဲကဖြစ်ပြီး ကျနော်တို့နှင့်နှိုင်းယှဉ်ပါက တော်တော့်တော် တော် ချမ်းသာမည့်ပုံ။ ဒါပေမင့် အတန်းပြတင်းဝမှာရပ်နေသည့် ကျနော်တို့ကို ထိုကောင်မလေးပြန် ကြည့်လိုက်သည့် အကြည့်တချက်က စူးစူးစားစားနိုင်လွန်းလှသဖြင့် ကျနော်ပင် မျက်လုံးချင်း မဆိုင် ရဲတော့ဘဲ မျက်နှာလွှဲခဲ့ရ၏။

ကျနော်တို့လှည့်ပြန်လာစဉ် ခင်မောင်ထွန်းက နီလာဆွေအပေါ်ဘယ်လိုမြင်လဲဟု မရမကမေးလေရာ သားသတ်သမားတဦးက မြိနေအောင်သွေးထားသည့်သူ၏ဓားသွားကို နေရောင်မှာဝင့်၍ စစ်ဆေးနေ စဉ် အရောင်တလက်လက်ထသွားပုံနှင့် တူလွန်းလှသည့် ထိုကောင်မလေး၏ အကြည့်ကို ကျနော် ပြောမနေဖြစ်တော့ဘဲ..
“အေး .. တော်တော်တော့လှတယ် ကွ ”
ဟုသာ မယုတ်မလွန် ပြောလိုက်ရသည်။

ကျနော်ထင်ခဲ့သလိုပင် ကိုးတန်းတုန်းက အတန်းပိုင်ဆရာမကို ရင်ဆိုင်တိုက်ပွဲဝင်ရာ၌ အောင်ပွဲရခဲ့ဖူး သော ကျနော့်သူငယ်ချင်း လောကကြီးတယောက် နီလာဆွေနှင့်ပွဲတွင် အရှုံးကြီးရှုံး၍ မရှုမလှအထိနာ သွားခဲ့ရသည်ကိုလည်း ယခုအထိ ကျနော်မမေ့ဖျောက်နိုင်သေး။
.....

ဒီလိုနှင့် မတ်လဆယ်တန်းစာမေးပွဲကြီးက တဖြည်းဖြည်းနီးလာပြီဖြစ်ရာ တနေ့တော့ ခင်မောင်ထွန်း က ကျနော့်ကို တခုတောင်းဆိုလာပါသည်။

“ဟာကွာ ငါ အဲ့ဒီ့ကဗျာမျိုး မရေးတတ်ဘူးကွ၊ ရေးတတ်မှဖြင့် ငါလဲ စွန်နေရောပေါ့ ”

သူက ကျောင်းပိတ်ရက်တွင် ခွဲကြရတော့မည့်နီလာဆွေကိုပေးရန် ချစ်ရိပ်ချစ်ငွေ့ပါသည့် ကဗျာတပုဒ် ရေးပေးစမ်းပါဟု တောင်းဆိုလာ ခြင်းဖြစ်သည်။ သူ့ဟာက ရည်းစားစာလည်းမကျ သာမန်ခင်မင်မှု ထက်လည်း နည်းနည်းပိုပြင်းသည့် အဓိပ္ပာယ်ဆောင်ရမည်ဆိုတော့ ကျနော်လည်း မလုပ်တတ်တော့။

“မင်းရေးတတ်သလို ရေးကွာ၊ ကျောင်း..ကျောင်းပိတ်တော့ ဒို့တွေ ခွဲရတော့မယ်၊ မင်း..မင်းနဲ့ ငါ.. ငါလဲ ခွဲရမယ်၊ လွမ်း..လွမ်းစရာကြီးလေ၊ အဲဒါမျိုးရေး၊ ဟို..ဟို..ငါပြောချင်တာက ချစ်တာတို့ဘာတို့ မဟုတ် ဘူး၊ ငါ..ငါ ပြောတာ မင်းသိမှာပါ ”

ခင်မောင်ထွန်းက တဂျီဂျီပူဆာသည်။ ကျနော်က ဂျာနယ်တစောင်၏စာမျက်နှာပေါ်တွင် ကဗျာတပုဒ် လောလောလတ်လတ်ပါထား သူမဟုတ်လား။ စင်စစ် ကျနော်ကိုယ်၌မှာလည်း အလွမ်းဓာတ်၏ လွှမ်း ပတ်ပြုစားမှုကို ကောင်းကောင်းကြီး ခံစားနေရပြီဟု ဆိုနိုင် သည်။

ကျောင်းရှေ့ ကုက္ကိုပင်ကြီးမှ ရွက်ဝါတို့သည် လေမှာဝဲ၍ တဖွေ့ဖွေ့ ကြွေကျနေကြ၏။ ကျောင်းရှေ့ မျက်နှာစာမှ စွယ်တော်ပင်နှင့် စိန်ပန်းများပြွန်းရာ ငုဝါပင်တို့မှာလည်း အဝါရောင်လင်းလင်းနှင့် အ ပြိုင်းအရိုင်းပွင့်ချေပြီဖြစ်ရာ သစ်ရွက်လှုပ်သည်နှင့် ရင်ခုန်တတ်သော ကျနော်တို့လိုအရွယ်များအဖို့ အ ဝါရောင် လွမ်းလိပ်ပြာတို့ တမင်စေလွှတ်နေသည့်အလား ထင်မှားခံစားနေမိသည်။ ကျောင်း၏အလျား အတိုင်းရှိနေသည့် မြေနီနီလမ်းကလေးသည်လည်း ဝင်းဝါသောနေရောင်အောက်တွင် ဖုန်အလိမ်း လိမ်းထလျက်က သူ့ကျောရိုးအပေါ် နင်းလျှောက်လာကြသည့် ကျနော်တို့ ကျောင်းသားများ၏ ခြေ အစုံစုံကို လွမ်းမောစွာငံ့လင့်ရင်း ကျန်ရစ်ရရှာပေတော့မည်။

ကျနော့်နှလုံးသားအစုံမှာလည်း ကျောင်းပတ်ပတ်လည်ဝန်းခတ်ထားသည့် သံဆူးကြိုး၏တနေရာတွင် ချိတ်ငြိတွယ်လျက် ကျန်ရစ်နေ ပေတော့မည်လော။ အတန်းထဲသို့ဝင်လာသည့် ဆရာဆရာမတို့အား မင်္ဂလာပါဟု သံပြိုင်ကြိုနှုတ်ခွန်းဆက်လိုက်သံသည် ကျနော့် ရင်ထဲတွင် ဟိန်းထပဲ့တင်နေတော့၏။ ကျောင်းအတက်အဆင်း ထိုးလိုက်သည့် ခေါင်းလောင်းသံ ချိုလွင်လွင်မှာလည်း အဆွေးဓာတ်ကို ဆောင်ကြဉ်းလာသည့် မှော်ဒြပ်အဖြစ် အသွင်ပြောင်းကာ ကျနော့်သွေးကြောထဲအထိတိုင် တမြေ့မြေ့ ချင်း စီးနစ် ဝင်နေခဲ့လေပြီ။

စာမေးပွဲရာသီကုန်ဆုံးချိန်မှာတော့ ကျနော်တို့၏ငယ်ဘဝပုံရိပ်များဖြင့် လွှမ်းထုံနေတော့သည့် ချစ်လှ စွာသော ထိုကျောင်းတော်ကြီးသည် ဝင်းတံခါးပိတ်ကာ ဟင်းလင်းဟာလာဗလာကျင်းလျက် ဆိတ်ငြိမ် တိတ်ဆိတ် ခြောက်သွေ့စွာ ထီးထီးကျန်နေရစ်ပေတော့မည်တကား။ အို လွမ်းစွ။

ဒီလိုနှင့် ထိုရက်များအတွင်း ကျနော်ကဗျာတပုဒ်ရေးဖြစ်သွားပြီး လောကကြီးကို ပထမဆုံးပေးဖတ် လိုက်သည်။ သူသုံးလိုက သုံးရန်။ ကဗျာက ..


“စွယ်တော်အလွမ်း”

ခေါင်းလောင်းသံတိတ်
သော့အိမ်ချိတ်လို့
ကျောင်းပိတ်ရက်ရှည် နီးပြီကွယ်

စွယ်တော်ပမာ၊ ရွက်နှစ်လွှာလို
ယှက်ဖြာပေါင်းစု၊ သမုဒယမေတ္တာ
တွယ်တာခုံမင်၊ ချစ်ခင်စုံမက်
နှောင်တည်းဘက်ခြင်း၊ ကွေကွင်း ခွဲခွာ
ကျောင်းပိတ်မှာလေ နွေ နွေ နွေ...

အော် နွေပြဿဒါး၊ ရက်များစိမ်းသက်
ကျောင်းရက်ရှည်ဝေး၊ ရင်သိမ့်ဆွေး၏
ခက်သေးပါဘိ အို နွေရယ်..
ကျောင်းရက်ရှည်ဝေး၊ ဆုံလိုသေးလည်း
ချိုတေးတုံးတိ၊ ပြတ်တောင်းဘိသည်
ခက်သေးပါ၏ အို နွေရယ်

အို ..နွေပြဿဒါး၊ ရက်များလုယက်
ကျောင်းတက်လိုသေး
ခက်သေးတော့တယ် အိုနွေရယ်။


ထိုကဗျာမှာ ကျနော်ငယ်ရည်ငယ်သွေးဘဝက တကယ်ပင်ရေးခဲ့သည့်ကဗျာလေးဖြစ်ရာ ခုနေအခါ ကဗျာများနှင့်နှိုင်းစာလျှင် ပုံစံ ဟောင်းကြီးဖြစ်နေပြီး အားနည်းကောင်း နည်းနေပါမည်။ ထားပါ။

ကဗျာကို ခင်မောင်ထွန်းကိုပေးဖတ်တော့ “မင်းဟာက သူနဲ့တွေ့ချင်သေးရင် စာမေးပွဲပဲကျရမလိုပါ လားကွာ” ဟု ဆိုသေးသော်လည်း သူ့စာအုပ်တနေရာတွင် ကူးယူထားသည်ကိုတော့ ကျနော်မြင် လိုက်၏။

ကျနော်လွမ်းလိုက်သော စွယ်တော်အလွမ်းက ဒီမှာတွင် စခန်းရပ်သွားသည်မဟုတ်။ ကျနော်တို့ အ တန်းပိုင် ဆရာမဒေါ်ခင်သန်းဝင်း လက်ထဲသို့ပင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့လေပြီ။ ဖြစ်ပုံက ကျနော့်ဆီမှ ခင်မောင်ထွန်း၊ ခင်မောင်ထွန်းဆီမှ ဆယ်တန်း(အေ) က သူ့ကောင်မလေး နီလာဆွေထံ။ ထိုမှတခါ ကျနော်တို့ အတန်းပိုင်ဆရာမဆီ။ ထိုသို့ အဆင့်ဆင့်ရောက်လာခြင်း။

“မောင်ခင်မောင်ထွန်း၊ အတန်းရှေ့ကို ခဏထွက်ခဲ့ပါအုံး ”

တနေ့သား ကျောင်းတက်ခါစမှာပင် အတန်းပိုင်ဆရာမ ဒေါ်ခင်သန်းဝင်းက ခင်မောင်ထွန်းကို အ တန်းရှေ့ထွက်လာရန် ခေါ်လိုက်၏။ ပထမတော့ သာမန်ကိစ္စဟုသာ ကျနော် ထင်လိုက်မိသော်လည်း နောက်တော့မှ ကျနော့် ပယောဂပါမကင်းသည့်ပြဿနာမှန်း သိလိုက်ရ၍ ငါ့ကိုများအမှုလာပတ် နေ ဦးမလားဟု တထိတ်ထိတ်တွေးကာ စိုးရိမ်နေမိလေသည်။

“ကဲ မောင်ခင်မောင်ထွန်းက ဟောဒီ့ကဗျာလေးကို တတန်းလုံးကြားအောင်ဖတ်ပြလိုက်ပါအုံး”

စာဖတ်သူများခင်ဗျာ။ စဉ်းစားသာကြည့်ကြပါတော့၊ နဂိုကမှ စကားထစ်ရသည့် လောကကြီး တ ယောက် အပ်ကျသံကြားရလောက်အောင် တိတ်နေသည့် အတန်းရှေ့သို့ထွက်ကာ ကျနော့်ကဗျာကို ဖတ်ပြရ ရှာသည်မှာ ဘယ်လောက်ဝဋ်ဒုက္ခ ကြီးလိုက်ပါမည်နည်း။ ကျနော်ရေးမပြရက်တော့ပါ။

ကဗျာဖတ်ပြီးသွားစဉ်မှာတော့ ခင်မောင်ထွန်းကို ဆရာမက နှစ်ကိုယ်ကြားအဖြစ် တော်တော်ရှည်ရှည် ဝေးဝေးတွေ ပြောနေပါသေးသည်။ ကျနော်မကြည့်ရက်ရက်ကြည့်မိတော့ လက်ကိုပိုက်ခေါင်းကိုငုံ့ကာ ရပ်နေသည့် ကျနော့်သူငယ်ချင်း လောကကြီးခေါ် ခင်မောင်ထွန်း တယောက် မျက်ရည်စီးထွေကျ လျက်ပါတည်း။

“ငါ .. ငါ.. ရှက် ..ရှက် ရှက်လိုက်တာ မျောက်ညိုရာ၊ ဆရာမက ငါ့ ငါ့ကို ...”

ကျနော်တို့ အတန်းပိုင်ဆရာမသည် စာအသင်အပြကောင်းသလို ကျောင်းသားများအပေါ် နားလည်မှု ပေးလျက် မေတ္တာဖြင့်ချိုသာ သိမ်မွေ့စွာဆက်ဆံလေ့ရှိသော ဆရာတပါးဖြစ်ရာ ခင်မောင်ထွန်းကိစ္စကို ကိုင်တွယ်ပုံကလည်း အင်မတန်လှပသည်ဟု ကျနော်ထင်ပါသည်။ ထိုအသက် ထိုအရွယ်၌ဖြစ်တတ် သော သဘာဝတရားကိုလည်း ဆရာမကောင်းစွာ သဘောပေါက်ပုံရသည်။ စိတ်ကစားတတ်ကြ သည့် အရွယ်များမဟုတ်လား။

“ငါ့.. ငါ့ကို စာကြိုးစားတဲ့၊ အခုဖြစ်ခဲ့တာတွေ မေ့..မေ့..မေ့လိုက်တဲ့။ ကိုယ့်မိဘ ကိုယ့်ဘဝကို နားလည် ရင် ပြင်.ပြင်.ပညာတတ် ဖြစ်အောင်၊ မိဘအတွက်ရော ကိုယ့်ကိုယ်ကိုယ်အတွက်ပါ ဂုဏ် ဂုဏ်ရှိတဲ့လူ ဖြစ်အောင် ကြိုးစားတဲ့၊ စိတ်..စိတ်.မလေတော့ဘဲ ခုထဲ ကကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်တဲ့ ”

“ ဒါနဲ့ မင်းက ဘာလို့ ငိုနေရတာလဲ၊ နှာရေတွေလဲ ထွက်လို့ ”
“ ဟာ ငါ ငါလဲ ဝမ်း ..ဝမ်း ဝမ်းနည်းသွားတာပေါ့ကွ၊ ရှက် ရှက်လိုက်တာလဲ အလွန်ပဲ ”
“ ဒါနဲ့ ငါ့ကဗျာလေးကိုရော ဆရာမက ဘာပြောသေးလဲ ”
ကျနော်က သူ့ကိစ္စထဲမှ ကိုယ့်အတွက်လည်း အမြတ်ရှာရသေး၏။
“ က. က. ကဗျာလေးက ငါရေးတာလားတဲ့၊ ကောင်း..ကောင်းသားပဲ၊ သိမ်းထားတဲ့ ”
“ အားပါးပျော်စရာကြီး၊ ကျေးဇူးတင်လိုက်တာလောကကြီးရာ မင်းမျက်ရည်ကျရကျိုးနပ်သဟ”

ကျနော်က ဆရာမစကားကြားရ၍ပျော်နေသော်လည်း လောကကြီးကမူ မျက်နှာလေးငယ်နေမြဲဖြစ် ရာ “ဒီကိစ္စတွေမေ့လိုက်ပါတော့ကွာ” ဟု ကျနော်နှစ်သိမ့်လိုက်သေးသည်။ သူက “ဆရာမပြောတဲ့ အထဲမှာ ငါဟာ လက်သမားသားတဲ့။ ငါမို့လို့ သူ့ကိုမှန်းရက်တယ်လို့ နီလာဆွေက ဆိုသတဲ့၊ ငါ ငါ ရှက် ရှက် ရှက်လိုက်တာမှ အရမ်းပဲ ” ဟုဆိုလျက် မျက်နှာလေး ညှိုးမြဲ ညှိုးနေသည်။

“ဒီမှာခင်မောင်ထွန်း၊ လောကကြီးမှာ မင်းတခါပြောသလို ဂုဏ်က အရေးကြီးတယ်ဆိုတာ ငါလက်ခံ သွားပြီ။ ပြီးတော့ ဒီစကားကလဲ ဆရာမက မင်းကိုစာကြိုးစားစေချင်လို့ တမင်ထည့်ပြောတာမျိုး ဖြစ် ချင်ဖြစ်မှာ၊ ကဲ သူငယ်ချင်း ဒါတွေမေ့လိုက်တော့၊ မင်းတို့ငါတို့ ဘဝက ဂုဏ်မဲ့ငွေမဲ့တွေမဟုတ်လား၊ ဒီ အဖြစ်မျိုးက ကျွတ်အောင် ဒို့တွေ ကြိုးစားကြတာပေါ့လောကကြီးရာ၊ နော်ကွာသူငယ်ချင်း ”

ဤသည်ကား ကျနော်နှင့် ဘဝအခြေချင်း မကွာခြားလှသည့် လက်သမားဆရာကြီး တဦး၏သား ကျနော့် သူငယ်ချင်း ခင်မောင်ထွန်း ခေါ် လောကကြီး၏ ရင်နင့်ခါးသီးဖွယ်သော အရှုံးပွဲပါတည်း။

သူ့စကားနှင့်ဆိုလျှင်တော့ လောကကြီးကား ဂုဏ်ပကာသနတို့သာလျှင် အခရာပါတကား။
.....

သည်လိုနှင့် စာမေးပွဲဖြေဖို့ရက်မှာ နီးသထက်နီးလာရာ ကျောင်းတွေပိတ်တော့မည့်ကာလသို့ ရောက် လာခဲ့ချေပြီ။ ကျနော်တို့ကိုယ်စီ၏ စိတ်ထဲတွင် စာမေးပွဲတစ္ဆေနှင့်အတူ အလွမ်းဓာတ်က ပို၍ပို၍ ရစ် ပတ်ချည်နှောင် လာနေသည်။ ဒီနှစ်ကို ဘဝ၏အဆုံးအဖြတ်နှစ်ဟုလည်း မြင်နေသည်။ စာမေးပွဲကျ၍ နောင်တနှစ်ကျောင်း ပြန်တက်ရသည့်တိုင် ဒီဆရာ၊ ဒီဆရာမ ဒီသူငယ်ချင်းတွေနှင့် ဆုံကောင်းမှ ဆုံ ရပေတော့မည်။ (ဖွဟဲ့ လွဲစေဖယ်စေ)

ထိုအလွမ်းကိုဆယ်သောအရာကား အမှတ်တရအော်တိုစာအုပ်လေးများဖြစ်ပြီး တဦးနှင့်တဦး အပြန် အလှန်ဖလှယ်ရေးသားကာ အလွမ်းသယ်ခဲ့ကြသည်၊ စိတ်ကူးယဉ်တတ် လွမ်းတတ်နေပြီဖြစ်သည့် ကျနော်တို့မှာ စာအုပ်ကောင်းကောင်းလေးများ မဝယ်နိုင်သည့်တိုင် ကျောင်းသုံးဗလာစာအုပ်လေးကို ပင် ကောင်းနိုးရာရာအဖုံး လေးများရှာကြံဖုံး၍ အော်တိုစာအုပ်လေးအဖြစ် ဖန်တီးကြရသည်။ ထိုအထဲ တွင် ကျနော်တို့နှစ်ယောက်လည်းပါသည်ပေါ့။

ထိုအော်တိုစာအုပ်လေးများတွင် တတန်းတည်းသားချင်း တကယ်ခင်ခင်မခင်ခင် တကယ်ခင်ကြောင်း၊ သတိရနေမည်ဖြစ်ကြောင်းတွေပါပြီး နောင်တချိန်ချိန် ပြန်လည်ဆုံတွေ့ကြပါက မာနမကြီးကြေး ဆိုတာ မျိုးတွေပါသည့်အပြင် ရည်ရွယ်ချက်မှန်သမျှ အောင်မြင်ပါစေဆိုသည့် ဆုတောင်းမျိုးပါ ထည့်ရေးကြ ခြင်းဖြစ်သည်။ ဘာပဲပြောပြော ဟုတ်သော်ရှိမဟုတ်သော်ရှိ ပျော်ဖို့လွမ်းဖို့တော့ အ ကောင်းသား။

လောကကြီး၏စာအုပ်မှာတော့ ကျနော်က မင်းကို ငါတသက်မမေ့ဟု ခပ်တိုတိုရေးကာ ကျနော်တို့နှစ် ဦးကြား ရာဇဝင်ရှိခဲ့လေသည့် “စွယ်တော်အလွမ်း” ကဗျာကိုပင် တမင်ကျင့်ထားသော ကဗျာဆန်ဆန် လက်ရေးဖြင့် ရေးပြီး လက်မှတ်ပါ ထိုးပေးလိုက်သည်။

“ကဲ ငါ့အတွက်လဲ မင်း တခုခုရေးပေးအုံးလောကကြီး၊ မင်းကြိုက်တာသာ ရေး ”

အော်တိုစာအုပ်များသမိုင်းတွင် ရှိခဲ့ဖူးလေသလားတော့မသိ။ လောကကြီးက “ငါ့ကို ဒီည မင်းစာအုပ် ပေးလိုက်ကွာ၊ ညကျမှ ငါစဉ်း စားပြီးရေးပေးမယ်” ဆို၍ ကျနော် ပေးလိုက်ရသည်။

နောက်နေ့ကျတော့ သူ့စာကို သည်သို့ ကျနော်ဖတ်ရ၏။

“ အချစ်ဆုံးသူငယ်ချင်း မျောက်ညို ”

ငါ တညလုံးအိပ်မပျော်ဘဲ ဒီစာကိုရေးလိုက်တယ်၊ မင်းနဲ့ခွဲကြရတော့မှာ မကြာခင်ပဲလို့သိနေရတော့ ငါလွမ်းလိုက်တာကွာ။ ငါအဖြစ် ချင်ဆုံးဆန္ဒတခုကို ငါရေးလိုက်တယ်။ ဒါကတော့ နောင်လာမယ့် နှစ် ၂ဝ လောက် မှာ ငါတို့အသက်တွေ ၄ဝ နီးပါးရှိမှာပေါ့။ ဒီအချိန် မှာ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ငါ တခါ ပြန်ဆုံချင်တယ်။ ဒို့တွေ ဘယ်ဘဝရောက်ရောက် ဘယ်နေရာကိုရောက် ရောက်နေပါစေ တခါ လောက် ပြန်ဆုံချင်တယ်ကွာ။ စိတ်ကူးယဉ်လိုက်တာလို့ မင်းထင်မှာပါသူငယ်ချင်း။ ဘာပဲဖြစ်ဖြစ် ငါ့ ဘဝမှာ ဘယ်လိုမှမမေ့နိုင်တဲ့ ချစ်သူငယ်ချင်းတယောက်ကို ငါပြန်ဆုံနိုင်ဖို့ မင်းလဲကြိုးစားမယ်လို့ ငါ ယုံနေပါတယ်။

ဒီတော့ အနှစ်၂ဝ ပြည့်မယ့် ၁၉၉၅ ခုနှစ်၊ မှတ်ရလွယ်တဲ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ ဆုံရလွယ်တဲ့ မဟာဗန္ဓုလပန်းခြံရှိရာကို မနက် ၁ဝ နာရီတိတိ မရောက်ရောက်အောင်လာခဲ့ပါလို့ ငါတောင်းဆိုပါ တယ် သူငယ်ချင်း။ ငါကိုယ်တိုင်လဲ အဲဒီ့နေ့အဲဒီ့အချိန်ကို မရောက်ရောက် အောင်လာခဲ့ပါ့မယ်လို့ က တိပေးပါတယ်သူငယ်ချင်း။

မင်းကိုချစ်တဲ့ မင်းသူငယ်ချင်း
ခင်မောင်ထွန်း(သို့မဟုတ်)
လောကကြီး
၅.၃.၁၉၇၅

ပင်ကိုယ်လက်ရေးဝိုင်းစက်စက်မှာ မှင်စိမ်းဖြင့်ရေးထားသည့်သူ့စာကိုဖတ်ရင်း ကျနော်ပင် လွမ်းမောမိ သလိုလိုဖြစ်ခဲ့ရကာ တော်တော် နှင့် စကားမပြန်နိုင်ခဲ့။ သူကဘေးမှာထိုင်ရင်းက “မျောက်ညို ငါ ငါ ငါ တကယ်ပြော တာကွ၊ ငါ မင်း မင်းကို အသက် ၄ဝ လောက်မှာ ပြန်တွေ့ချင်သေးတယ်ကွာ။ ၄ဝ မှ ဘဝစတယ်လို့ဆိုတယ် မဟုတ်လား” ဟု ပြော၏။ ကျနော် သူ့မျက်နှာကိုကြည့်မိတော့ သူ့မျက်လုံး အိမ်မှာ မျက်ရည်စိုစို သီသီဝေ့လျက်။

“ကဲပါကွာ ဝမ်းနည်းမနေပါနဲ့၊ နောက်အနှစ် ၂ဝ ဟုတ်လား၊ ငါ မင်းပြောသလို ဆက်ဆက်လာခဲ့မယ် ကွာ၊ ခုတော့ စာမေးပွဲအတွက်ပဲ ဒို့ပြင်ဆင်ကြတာပေါ့၊ ဟိုမှာကြည့်စမ်း၊ စိန်ပန်းပင်တွေ ပွင့်တော့မယ် တွေ့လား၊ ဒါ စာမေးပွဲဖြေရတော့မယ့်နိမိတ်ပဲ၊ ခုချိန်ကစပြီး ဒို့ပြင် ဆင်ကြစို့”

ကျနော်က ကျောင်းခြံစည်းရိုးရှိ စိမ်းရင့်ခက်ဖြာရာမှ ရဲရဲနီနီပွင့်လေတော့မည့် စိန်ပန်းပင်တန်းရှိရာသို့ သူ့ကိုထိုးပြကာ အားတင်းပေးလိုက်တော့ ခင်မောင်ထွန်း၏လောကသည် ရဲရင့်မှန်ကန်ခြင်းဆီသို့ ရောက်သည်ထင်၏။ ထိုနှစ်က ရူပသင်္ချာနှစ်ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းတည်းဟူသော နက်ရှိုင်း လှသည့် ဂမ္ဘီရ ချောက်ကမ်းပါးကြီးကို အောင်မြင်စွာ သူကျော်လွှားသွားနိုင်ခဲ့ပါလေသည်။
.....

(၂)
နှစ်လရာသီ နာရီရထားသည်ကား သူ့ခရီးစဉ်အတိုင်း မှန်မှန်ကြီးချီတက်မောင်းနှင်မြဲမောင်းနှင်နေရာ ၉ဝ ခုများသို့ပင် စွန်းခဲ့ချေပြီ။ ကာလယန္တရားကြီးသည်လည်း ကျနော်တို့ကိုယ်စီကိုယ်စီကို တူရာတန် ရာဘဝဇာတ် ခုံအသီးသီးသို့ သူ့မှာတာဝန်မကင်းလေသည့်နှယ် တွန်းတင်ပို့ခဲ့လေပြီ။ ကျနော်ပင် စာ ရေးသူတပိုင်း အယ်ဒီတာတပိုင်းဘဝဖြင့် မိမိစိတ်နှလုံးသားမွေ့ပျော်ရာ စာပေနယ်တွင် နစ်မျောနေ ခဲ့ရာ နှစ်အတန်ကြာရှိခဲ့ပြီ။

တနေ့မှာတော့ မင်္ဂလာဒုံဘက်ရှိ စာရေးဆရာတဦးနှင့်တွေ့ရန်အသွား မင်္ဂလာဒုံဈေးတွင် “ဟေ့ကောင် မျောက်ညို ဘဖေငြိမ်း” ဆိုသည့် ခေါ်သံကြောင့်လှည့်ကြည့်ဖြစ်ရာ လေတပ်ယူနီဖောင်းဝတ်စုံနှင့် လူ တယောက်။
“ဟာ ဝင်းတင်၊ သူငယ်ချင်း ”

ကျနော် သူ့ရှေ့မှဖြတ်လာခဲ့ခြင်းဖြစ်သော်လည်း တပ်ယူနီဖောင်းနှင့်ဖြစ်နေ၍ သတိမထားမိခဲ့။ ရှစ် လေးလုံးအရေးတော်ပုံကြီးပြီးစ ပူပူနွေးနွေးကာလမို့ ယူနီဖောင်းဝတ်မှန်သမျှနှင့် ဝေးဝေးမှနေချင်ရာ သူ့ကို သတိမထားမိခဲ့ခြင်းဖြစ်မည်။

ကျနော်တို့နှစ်ဦးသား နီးရာကဖေးဆိုင်လေးတွင် ခဏတာဝင်ထိုင်ဖြစ်ကြရင်း ကိုယ့်အကြောင်း သူ့အ ကြောင်းတွေပြောကြရာမှ လောကကြီးခေါ် ခင်မောင်ထွန်း အကြောင်းလည်းပါလာသည်။ တိရစ္ဆာန် ဆရာဝန် ဖြစ်နေသည့် ခင်မောင်ထွန်းက ရန်ကုန်တဖက်ကမ်းမြို့တမြို့တွင် အိမ်ထောင်ရက်သား ကျလျက် အခြေကျနေပြီဆို တာလောက်တော့ ကျနော်တို့သိသည်။

“မင်းနဲ့ရော အဆက်အသွယ်ရှိသေးလား” ဟု ဝင်းတင်ကမေးတော့ ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့ ဖြေအပြီး ခင်မောင်ထွန်းနှင့် ကျနော်တို့ အပြန်အလှန်အိမ်လိုက်လည်ခဲ့ကြပုံ၊ ကျောင်းပိတ်ပြီးနောက် သုံးလေးလ လောက်အထိလည်း ကျနော့်ဆီ စာအဆက်မပြတ်ရေးခဲ့ပုံနှင့် တိမွေးကုတက္ကသိုလ်တက် နေစဉ်မှာလည်း ကျဲကျဲတခါ စာရေးလေ့ရှိသည်တို့ကို ပြောပြဖြစ်သည်။ နောက်ပိုင်းတော့ အဆက်အ သွယ်လုံးဝပြတ်သွားသည်။

“ငါ့ဆီစာလာတိုင်း သူ တက္ကသိုလ်တက်ရတာ တော်တော်ခက်ခဲတာတို့၊ သူ့အဖေက ကျန်းမာရေး မကောင်းတဲ့ကြားကနေ သူ့ကို ဘွဲ့မရရအောင်ကြိုးစားခိုင်းတယ် ဆိုတာတို့၊ ကျောင်းမှာ ငွေကြေးချို့ ချို့တဲ့တဲ့နဲ့ သူမျက်နှာငယ်ရတာတို့၊ တကယ်တော့ ဒီပညာတွေတတ် မြောက်ဖို့သင်ယူနိုင်တဲ့ လူ တန်းစားက ငါတို့မဟုတ်ဘူးဆိုတာတို့၊ ဒါတောင် ဆေးကျောင်းများအမှတ်မီရင် သူတက်နိုင်မှာ မ ဟုတ်ဘူး ဆိုတာတို့၊ စုံနေတာပါပဲကွာ၊ ဒါတွေဟာ စနစ်ကြီးတခုလုံးရဲ့ အားနည်းချက်ပဲ၊ ပညာရပ် တိုင်းကို လူတကာသင်နိုင်ရမယ်တဲ့။ သူငါ့ဆီ တရားလှမ်းလှမ်း ဟောနေသေးတာ”

ဝင်းတင်က ကျနော့်စကားဆုံးတော့ ပြုံးထေ့ထေ့လုပ်ကာ
“မင်းငယ်ငယ်ကပြောခဲ့တဲ့ဒိုင်ကြောင်တွေနဲ့ မင်းကို တရားပြန်ဟောတာ နေ မှာပေါ့၊ တကယ်လဲ သူက ဘဝနာတယ်လေကွာ၊ ဒို့တွေ ဘာထူးလဲ” ဟု ဆိုသည်။

“ဒါနဲ့မင်းနဲ့ရော ထပ်တွေ့သေးလား”
ဟုမေးတော့ ဝင်းတင်က သူနှင့်လည်းမတွေ့တာကြာပြီဖြစ်ကြောင်း
“ဒီလိုပဲကွာ၊ ကိုယ့်ဘဝ ကိုယ့်လမ်းနဲ့ကိုယ် လျှောက်နေကြရတာပဲသူငယ်ချင်း” ဟုပြောသည်။
ဝင်းတင်မှာ ကလေးနှစ်ယောက်ဖခင်ပင် ဖြစ်နေပြီ။ စစ်တပ်ကထွက်လိုသော်လည်း ထွက်ခွင့်မရ၍ စိတ် ပျက်မိကြောင်း ညည်းပြော လေးလည်း ပြောသွားသေးသည်။

ခွဲကြမည်လုပ်တော့ ဝင်းတင်က “မျောက်ညို၊ မင်းခင်မောင်ထွန်းဆီ တခါလောက် သွားလည်ဖို့ ကောင်းတယ်ကွ၊ သူ တော်တော်ချမ်းသာနေပြီလို့ ငါကြားတာပဲ” ဟု ဆိုသည်။ ဝင်းတင် အပြော ကြောင့် အထက်တန်းကျောင်းသားဘဝက ခပ်ညှိုးညှိုးမျက်နှာလေးနှင့် နေတတ်ခဲ့လေသော၊ ပိုက်ဆံ ရှိ မိန်းကလေးတယောက်အတွက် အတန်းရှေ့ထွက်ကာ မျက်ရည်တတွေတွေ ကျခဲ့ရဖူးလေသော ပြီးတော့ ကျနော့် အပေါ်တွယ်တာလွန်းလှသော လောကကြီး၏ ငယ်ဘဝပုံရိပ်ကို ပြန်မြင်နေမိသည်။ တွေးကြည့်တော့ သူချိန်းဆိုခဲ့ဖူး လေသည့် ၁၉၉၅ လွတ်လပ်ရေးနေ့ပင် တဖြည်းဖြည်းနီးလာကော ဟု သတိထားမိလိုက်၏။
.....

လူ့လောကကြီးကပဲ ဆန်းကျယ်တာလား ကျနော့်သူငယ်ချင်းလောကကြီးကပဲ ဆန်းကျယ်သွားခဲ့လေ သည်လားတော့ ဝေခွဲမပြတတ်တော့။

ထိုနေ့ မှတ်မှတ်ရရ သက္ကရာဇ် ၁၉၉၅ ပြည့် ဇန်နဝါရီ (၄) ရက်နေ့မနက် နှင်းတွေမကွဲမီမှာပင် ရန် ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိရာသို့ ကျနော် တကယ်ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါသည်။ မနက်ကိုးနာရီ မထိုးမီကပင် စောစောစီးစီးကြိုရောက်နှင့်ကာ ကျနော့်သူငယ်ချင်း လောကကြီးခေါ် ခင်မောင်ထွန်းကို စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။

တကယ်တော့ လွန်ခဲ့သော နှစ် ၂ဝ က ငယ်ရွယ်သူတို့၏စိတ်ကူးယဉ်မှုသည် အသက်အရွယ် ရင့်ကျက် လာသည်နှင့်အမျှ အိပ်မက်ပုံ နှယ် တရေးနိုးအထတွင် ပျောက်ပြယ်သွားတတ်ကြသည် မဟုတ်လား။ ဒါကို ကျနော် မမြင်မတွေးနိုင်ခဲ့သည်မဟုတ်။ သို့တိုင် ကျနော့် သူငယ်ချင်း၏ မျက်ရည်သီသီဝေ့နေ လေသည့် ငယ်ဘဝရုပ်ပုံလွှာကို မြင်ယောင်မိတိုင်း ကျနော့်၏တွေးထင်မှုများက အလိုလိုပျယ်လွင့် မှေး မှိန်၍သာ သွားလေမြဲ။

ထိုရက်မတိုင်မီ တလလောက်ကလည်း ခင်မောင်ထွန်းကြီးပျင်းခဲ့ရာ မြောက်ဥက္ကလာပ၏မြို့စွန်ကျကျ ရပ်ကွက်လေးသို့ ကျနော်ရောက် သွားခဲ့သေး၏။ မိတ်ဆွေစာရေးဆရာတယောက်၏ ကျန်းမာရေးသ တင်းကိုမေးရင်း အားပေးစကားလည်းပြောရင်း ရောက်ခဲ့ခြင်းဖြစ်သည်။ စိတ်ထဲတွင် ခင်မောင် ထွန်းတို့ အိမ်အနားတဝိုက်ဟု ထင်မိသည်နှင့်မေးမြန်းကြည့်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် သွား တွေ့သည်။

ခင်မောင်ထွန်း ကျောင်းသားဘဝကနေခဲ့သည့် ယခင်အိမ်တော့မဟုတ်။ တထပ်တိုက်ပြားပြားလေး ဖြစ်သွားပြီ။ သို့သော် သူ့ဖခင် လက်သမားဆရာကြီးကတော့ မရှိတော့ပြီ။ မိခင်ဖြစ်သူကတော့ သူ့သား သူငယ်ချင်းဖြစ်သည့် ကျနော့်ကို လှိုက်လှိုက်လှဲလှဲ ဆက်ဆံရှာသည်။ သူ့သားရောက်မ လာတာ ကြာပြီဟုလည်း အလွမ်းသံ သဲ့သဲ့နှင့် ဆို၏။

“သူက ဆရာဝန်ကြီး သူဋ္ဌေးကြီးလေကွဲ့၊ အမေတို့ဆီ ခဏခဏဘယ်လာချင်ပါ့မလဲသားရဲ့၊ လာချင်ရင် အနီးလေး၊ မလာချင်ရင်သာ ခရီးဝေးတာမဟုတ်လား” ဟု မျက်ရည်စွက်လျက် ပြောသည်။ ရန်ကုန် တဖက်ကမ်းမှ သိပ်မဝေးလှသည့် ခင်မောင်ထွန်းရှိရာမြို့ကို ရည်ညွှန်းပြောခြင်းဖြစ်ဟန်ရှိသည်။

ထိုညတွင် ကျနော်တို့ဆယ်တန်းကျောင်းသားဘဝက ကျနော့်အော်တိုစာအုပ်လေးထဲမှာ သူရေးခဲ့သ လို ၁၉၉၅ ဇန်နဝါရီ (၄) ရက်နေ့ နံနက် ၁ဝ နာရီတွင် သူချိန်းဆိုရာဆီသို့ မပျက်မကွက်သွားစောင့် နေမည့် အကြောင်း သူ့အမေပေးလိုက်သည့်လိပ်စာကိုတပ်ကာ ခင်မောင်ထွန်းဆီ စာတစောင်ရေး လိုက်သည်။

ငယ်ငယ်ကလို လွမ်းအားပိုတတ်သေးရင်တော့ လောကကြီးတယောက် မလွဲမသွေပေါက်ချလာမှာ ပဲဟု ကျနော်ထင်နေသည်။ ဒီကောင်လာမည်။ လောကကြီး ပေါက်ချလာမည်ဟု ကျနော်ယုံနေသည်။ သို့သော်....

ထိုနေ့ကမွန်းတည့်ချိန်ထိတိုင် ကျနော်စောင့်မျှော်နေခဲ့သော်လည်း ခင်မောင်ထွန်း ပေါ်မလာခဲ့။ တခု သောလွတ်လပ်ရေးနေ့၏ မွန်းတည့်နေရောင်အောက်မှာ ကျနော်သာ ခြောက်သွေ့နွမ်းလျစွာ လှည့် ပြန်လာခဲ့ရပါသည်။ နှစ်ပရိစ္ဆေဒများကား အရာရာကို ပြောင်းလဲပြုပြင် စီရင်နိုင်တတ်လေသည့် သ ဘောပါတကား။ အော် လောကကြီးကား ဆန်းကျယ်လွန်းလှသည်ဟု ဆိုနိုင်လေမလား သူငယ်ချင်း။
.....

(၃)
စင်စစ် ကျနော်နှင့်ခင်မောင်ထွန်းတို့အကြောင်းက ဒီမှာပင် နိဂုံးချုပ်သင့်သည်။ ငယ်စဉ်တုန်းက က လေးကလားကိစ္စတွေ စိတ်ကူးယဉ်တွေထားလိုက်ပါတော့ဟု ပြောကောင်း ပြောနိုင်မည်ဖြစ်သည်။

သို့သော် ပြဿနာက ကျနော်ကိုယ်တိုင်ပင်။ ဘာဖြစ်လို့မှန်းမသိ၊ ကျနော့်စိတ်ထဲတွင် ခင်မောင်ထွန်း နှင့် အကြောင်းသည် တိုက်ဆိုင်မှု တခုခုနှင့်ကြုံရလေတိုင်း လွမ်းလွမ်းကြဉ်ကြဉ်ဖြစ်ကာ တမြမြခံစား နေရဆဲ။ လွတ်လပ်ရေး နေ့ရက်များတွင်ဆိုလျှင် ခင်မောင်ထွန်းကို ကျနော်သတိမရမိဘဲ မနေ။ ကျနော့်ကိုယ်ကျနော် မရင့်ကျက်သေးသူဟုပင် ပြန်မြင်နေမိသည်။ လူတို့သည် အသက်အရွယ်ရလာ ကြသည့်အခါ တခုခုသောကိစ္စရပ်အပေါ် တွေးမြင်ခံစားပုံ ပြောင်းလဲသွားတတ်လေသော်ငြား ကျနော့် မှာ ငယ်စဉ်ကျောင်းသားဘဝက ခင်မောင်ထွန်းတောင်းခံခဲ့သည့် ကတိတခုကို ယခုအသက် ၄ဝ ဝန်း ကျင်ရောက်သောအခါမှ ကျနော်မှာ ပို၍တလေးတနက် ခံစားနေမိသည်။

ငယ်ဘဝစိတ်ကူးများကို အလေးထားမှုထက် ကတိဆိုသည့်စကားတွင် ကျနော့်မှာ လေးနက်နေမိခြင်း ဖြစ်သည်။ ပြီးတော့ ခင်မောင်ထွန်း က ဘယ်လိုစိတ်ကူးနှင့် လွတ်လပ်ရေးနေ့တနေ့ကို ချိန်းဆိုခဲ့မှန်း မသိသော်လည်း (သူက မှတ်ရလွယ်၍ဟုဆိုခဲ့သည်) ကျနော်က လွတ်လပ်ရေး၏ အနက်အဓိပ္ပာယ်ကို ပါ ယှဉ်တွဲခံစားနေမိခဲ့သည်။

အကယ်၍ ခင်မောင်ထွန်းချိန်းဆိုခဲ့သော နေ့တနေ့သည် လွတ်လပ်ရေးနေ့မဟုတ်ခဲ့ပါက ကတိဆို သော စကားလုံးပေါ်တွင်လည်း ဤ၍ဤမျှ ကျနော်ခံစားနေခဲ့မည် ဟုတ်မဟုတ် မသေချာတော့။

ထို့ကြောင့်ပင် ထိုနေ့ကို ကျနော့်ဘက်မှ ကတိရှိခဲ့သည့်အတိုင်း သွားခဲ့ပြီးပြီ။ ခင်မောင်ထွန်း ရောက် မလာခဲ့သော်လည်း ကိစ္စတခုပြီးသွားပြီဟု ကျနော်မထင်မိ။ ကတိဆိုသောစကားတလုံးက ရင်ထဲထိ တိုင်ကျယ်လောင်စွာ ပဲ့တင်ဂယက်များထနေဆဲ။ ကျနော့်စိတ်မှာ မချင့်မရဲခံစားနေရဆဲ။ သူရောက် လာခဲ့ခြင်းမရှိသည့်အပေါ် ကျနော် စိတ်ခုခြင်းကွက်ခြင်းမျိုး အလျဉ်းမဖြစ်ခဲ့။ နှစ်ပေါင်း ၂ဝ ဆိုသော အ ချိန်သည် လူတယောက်၏ဘဝကိုထားတော့၊ ခေတ်ရေစီးခေတ်သမိုင်းများကိုပင် တသွင်သွင် စီးဆင်း ပြောင်းလဲသွားကြပြီ မဟုတ်ပေလား။

သည်လိုနှင့် ထိုနှစ်၏မတ်လတနေ့တွင် ရန်ကုန်တဖက်ကမ်းမှ မိုင် ၃ဝ လောက်ကွာလှမ်းသည့် ကျနော့် သူငယ်ချင်းတိရစ္ဆာန် ဆရာဝန် ရှိရာမြို့ကလေးဆီသို့ ကျနော်အမှတ်မထင်ရောက်ဖြစ်သွားအောင် အ ခြေအနေတခု ဖန်လာခဲ့လေသည်။

ကျနော်တို့မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာက သူ့မွေးရပ်မြေသို့ ကိစ္စတခုနှင့်ပြန်စရာရှိသည်။ “မောင်ရင် လိုက်ခဲ့ပါလား၊ ကိုယ်တို့လက်ခုပ် ကုန်းဘက်လည်း သွားကြတာပေါ့” ဟုဆိုလာ၍ မြို့ပြ၏မွန်းကျပ်မှု များအကြား လက်ပမ်းကျချင်ချင်ဖြစ်နေသည့်ကျနော့်အတွက် အဆင်သင့်သွားခဲ့ရသည်။ ပို၍အဆင် သင့်ခဲ့လေသည်က ထိုမြို့လေးမှာ ကျနော့်သူငယ်ချင်း လောကကြီးရှိနေသည့် မြို့။

မြို့ကလေးသို့ဆိုက်ရောက်သည့် ထိုနေ့ညနေခင်းလေးမှာပင် ကျနော်တယောက်ထဲ ခင်မောင်ထွန်း အိမ်ကိုရှာရန် ထွက်လာဖြစ်သည်။ ပင်လယ်နှင့်နီးသောအရပ်မို့ ပင်လယ်၏ရနံ့သည် မြို့ကလေးဆီ၌ ပျံ့သင်းနေသည့်အပြင် လေညင်းသည်လည်း လတ်ဆတ်လွန်းလှသည်ဟု ခံစားမိ၏။ အိမ်တိုင်းလို လိုတွင် အုန်းလက်ဖားဖားများ လွှမ်းခြုံနေရာ တမြို့လုံးသည် စိမ်းမြလျက်။

ကျနော့်သူငယ်ချင်း တိရစ္ဆာန်ဆရာဝန်၏အိမ်သည် ကျနော့်ကိုလွယ်လွယ်ကူ ဆိုက်ရောက်စေပါသည်။ သူ့ဂုဏ်သတင်းကား ကျယ်ကျယ်ပြန့်ပြန့်ရှိလှသည်။ သူ့ဘဝအခြေအနေညွှန်းကိန်းကလည်း လမ်းမ ပေါ်က ကြည့်ရုံမျှနှင့်ပင် မှန်းဆနိုင်ပြီ။ ခြံဝန်းကျယ်ကြီးတခု အလယ်တွင် သူ့ရိပ်မြုံတိုက်ဝါဝါကြီးက ထည်ဝါလှဘိ၏။ ဆင်ဝင်တွင် အမိုးကိုင်းတပ် အဖြူရောင်ပါဘလစ်ကာ ကားတစီးထိုးရပ်ထားသည်။

“ဆရာရှိလိမ့်မယ်ဗျ၊ သူ့ကားရှိတယ်” ဟု ဆိုက္ကားဆရာလေးကပြောတော့ ရင်မှာ သိမ့်ခနဲလှိုက်သည်။ နှစ်ပေါင်း ၂ဝ ကျော်ဝေးကွာ လှမ်းခဲ့ပြီဖြစ်သည့် ငယ်သူငယ်ချင်းတယောက်နှင့် ဆုံတွေ့ရမည်မဟုတ် လား။

“ဘာကိစ္စ ရှိလို့လဲရှင့်”

စိနတိုင်းသွေးနှောဟန်ရှိသည့် အသားဖြူဖြူ အမျိုးသမီးတဦးက ဆင်ဝင်ပေါက်ရှေ့ရပ်နေသည့် ကျနော့်ကိုမေးသည်။ ကျနော် ကိုခင်မောင်ထွန်းနဲ့ တွေ့ချင်လို့ပါဟု ဖြေတော့ ထိုအမျိုးသမီးက အိမ်ဘက်သို့ ခေါင်းကိုငဲ့ကာ ..

“ဆရာရေ၊ ရှေ့မှာ ဧည့်သည်ရောက်နေတယ် ” ဟုဆိုကာ အိမ်တွင်းသို့ပြန်လှည့်ဝင်သွား၏။

ခဏနေတော့ အထဲကနေ သူထွက်လာသည်။ ခင်မောင်ထွန်း၊ ကျနော့်သူငယ်ချင်း လောကကြီး။ သူ့ အကြည့်သူ့မျက်လုံးများက ခပ်ငယ်ငယ်ကနှင့် မယွင်းမခြား။ အနည်းငယ်ဝလာသည်မှအပ မမှတ်မိစ ရာတစက် လေးမှမရှိသည့်ငယ်ရုပ်။

“ဘာ ဘာ ဘာကိစ္စ”
သူက ခပ်အမ်းအမ်းအမူအရာနှင့်ကျနော့်ကို အကဲခပ်သလိုကြည့်ကာ မေး၏။

“သူငယ်ချင်း၊ ကိုယ်လေ မမှတ်မိဘူးလား၊ သေသေချာချာကြည့်ပါအုံး”

ကျနော်က သူ့ကိုမချင့်မရဲဖြစ်ကာ ရင်းချာသည့်လူချင်းမှတ်မိလွယ်မည့် ကျနော့်မူဟန်နှင့် ဆိုလိုက်၏။
သို့တိုင် သူဝေခွဲနိုင်ပုံမရ။ ခဏနေမှ ..

“အော် .. သိ သိ သိပြီ မင်း မင်း မျောက်ပေါ”

“သေလိုက်ပါတော့ လောကကြီးရာ ကိုယ်မျောက်ပေါမဟုတ်ပါဘူး မျောက်ညိုလေ၊ ဘဖေငြိမ်းလေ ကွာ”

ကျနော့်၏ဖက်လှဲတကင်းရှိလှသည့်ပြောပုံကြောင့် သူ့မျက်နှာအနေခက်သွားသလိုဖြစ်ရာမှ ..
“ဝင်ပါ ဝင်ပါ အိမ်ထဲဝင်ပါ” ဟု ဆိုသည်။ သို့တိုင် သူ့အသံက မိုင်ပေါင်းများစွာဝေးရာမှ ခက်ခဲလှစွာ လွင့်လာခဲ့ရသည့်နှယ် တိုးတိုးလျလျ။

ဧည့်ခန်းဆက်တီတွေပေါ် ထိုင်ဖြစ်ကြတော့ ဧည့်ခန်းမလယ်တွင် ဘွဲ့ဝတ်စုံနှင့် လောကကြီး၏ဓာတ် ပုံကြီးက ကျွန်းသားဘောင်ခံလျက် တဖိတ်ဖိတ်တောက်ကာ ခန့်ညားထယ်ဝါနေသည်ကို သတိထားမိ ၏။ အခြားဓာတ်ပုံ များဆီအကြည့်ရောက်တော့ စောစောက ကျနော့်ကိုထွက်မေးသည့် အမျိုးသမီးမှာ လောကကြီး၏ချစ်မငြီးသည့် ဇနီးသည်ပေပါတကားဟု အသိရောက်၏။ အခြားဓာတ်ပုံများမှာတော့ သူ တို့ဇနီးမောင်နှံနှင့်အတူ သားနှင့်သမီးဟုထင်ရသည့် ကလေးငယ် ၂ ဦးတို့စုလျက် ရိုက်ထားသည့် ပုံများ။ ခင်မောင်ထွန်း၏ ဘွဲ့ဝတ် စုံနှင့် ဓာတ်ပုံကြီးနှယ် တဖိတ်ဖိတ်လဲ့နေသည့် အခြားဓာတ်ပုံကြီး ၂ ပုံတွင်မူ သူ့ဇနီးကျော့ကျော့၏ မိဘများဖြစ်ပုံရသည့် စိနတိုင်းရုပ်သွင်အပြည့်ရှိ သက်ကြီးပိုင်း မောင်နှံ နှစ်ဦးတို့၏ပုံ။ ဓာတ်ပုံကားချပ်ကြီးများအောက်တွင်ရှိသော မဟော်ဂနီသွေးထနေသည့် ကျွန်းစား ပွဲပေါ်တွင်မူ တယ်လီဖုန်းနှင့် ပန်းအိုးတလုံးကိုယှဉ်တွဲထားသည်။

ခင်မောင်ထွန်းမှာ ချမ်းသာကြွယ်ဝသော မိသားစုတခု၏အလည်ဗဟိုတွင် နေသားကျနေခဲ့ပြီဟု မှန်းရ ၏။
“မင်း မင်း ကိစ္စရှိလို့လား မျောက် မျောက်၊ အဲ မင်းနံမည် အဲ ဟို ဘ ဘ ဘ”
သူ ကျနော့်အမည်ကို မေ့မေ့လျော့လျော့ဖြစ်နေကာ ပင်ကိုယ်ထစ်ရသည့်အထဲ အခက်တွေ့နေပုံရ သည်။
“ ကိုယ် ဘဖေငြိမ်းလေကွာ၊ မျောက်ညိုလေ ”
“ အော် အေးအေး၊ ပြော ပြောကွာ သူငယ်ချင်း၊ မင်း မင်းကိစ္စ ”

ခင်မောင်ထွန်း ဖြစ်နေပုံကိုကြည့်ကာ မှန်တာပြောရလျှင် ကျနော် တော်တော် စိတ်ညိုသွားသည်။ ကျနော့် အပေါ် သူ့မှာ စိမ်းစိမ်းစက် စက်နိုင်လှသည်ဟု ထင်မိ၏။ စကားပင် ဘယ်လိုဆက်ရမှန်းမသိ ဖြစ်ရသည်။ ဒါပေမင့် ကျနော် စိတ်ကိုရှည်ရှည်ထားကာ ငယ်ဘဝ ငယ်အကြောင်းလေးတွေ တစချင်း ပြန်ပြောရသည်။ မြောက်ဥက္ကလာပ အထက (၁) ကျောင်းတော်ကြီးမှအစချီကာ ကိုးတန်းဆယ်တန်း ကျနော်တို့ အတူနေခဲ့ကြပုံ ဆုံခဲ့ကြရပုံတွေကို ပြောပြရသည်။ ကျနော့်မှာ အတိတ်ကိုမေ့နေသူနှင့် ပြောဆိုနေရဘိသည့်အလားဟု ဘာသာထင်နေမိသည်။

“ငါ ငါ မှတ်မိပါတယ်၊ ငါက မင်း မင်း တမင်လာလည်တာလားလို့ သိ သိချင်လို့ပါ ”
“တမင်လာလည်တယ်ပဲဆိုပါတော့သူငယ်ချင်း၊ ငါ မင်းဆီ တလောက စာရေးသေးတယ်လေ၊ ရလား”

သူ ခဏတွေသွား၏၊ ပြီးမှ “ အော်..ကျော့ကျော့တော့ ပြောပြောတယ်ကွ၊ ငါ သိပ်မအားတာနဲ့ မ မ မ ဖတ်မိဘူး၊ အင်း ဆို ဆိုပါအုံး မင်းဘာတွေ ရေး ရေးထားလဲ ”

သို့နှင့်ကျနော်က လွန်ခဲ့သည့် နှစ် ၂ဝ လောက်က အော်တိုစာအုပ်တွင် သူနှင့် ကျနော် အချိန်းအ ဆက်ပြုခဲ့သည့် အကြောင်းပြောပြဖြစ်သည်။ ထိုချိန်းဆိုမှုအတိုင်း ကျနော်ရောက်လာပါမည်ဟုလည်း ထိုစာတွင် ထည့်ရေး ထားသည်ကို ပြောပြဖြစ်သည်။

“ကိုယ်စိတ်ထဲမှာ ငယ်ငယ်တုန်းက စကားပေမယ့် စွဲနေတယ်ကွာ၊ ဒါကြောင့် မင်းကိုသွားစောင့်ခဲ့တာ”
သူ ကျနော့်ကိုတွေတွေကြီးကြည့်နေသည်။ တော်တော်ကြာကြာအထိ ငေးငူကာကြည့်နေခဲ့သည်။

ဧည့်ခန်းမျက်နှာကျက်ဆီမှ ပန်ကာသည် တဝှီးဝှီးမြည်ကာ လည်နေ၏။ ခင်မောင်ထွန်းသည် ဘာ မှမဆိုနိုင်သေး။ သူ့စိတ်အစဉ်သည် အတိတ်တနေရာသို့ရောက်ကာ ပန်ကာရဟတ်များနှယ် လည် နေပြီလား မဆိုနိုင်။

အတန်ကြာတော့မှ သူ ပြောလာ၏။
“အေးကွာ ငါ မင်း မင်းနဲ့ချိန်းထားတာ ရေးတေးတေး မှတ် မှတ်မိသလိုပဲ၊ စောရီးကွာ”

သည့်နောက်မှာတော့ သူစကားတွေ ပြောသည်။ ကျနော့်အကြောင်း ကျနော့်အခြေအနေကိုလည်း မေး သည်။ အော် မင်းက တကယ်ပဲ စာရေးဆရာ ဖြစ်နေတာကိုး ဟုပြောတော့ ကျနော့်မှာ လိပ်ပြာမလုံလှ။ ကျနော်က စာရေးခြင်းထက် စာပေထုတ်ဝေးရေးလုပ်ငန်းမှာသာ ပိုပြီးကျင်လည်ရသူ မဟုတ်လား။

အိမ်ထောင်မကျသေးတာလည်း တမျိုးကောင်းတာပေါ့ကွာ ဟုဆိုတော့ ကျနော်ပြုံးနေလိုက်သည်။

ထို့နောက်မှာတော့ ကျနော့်သူငယ်ချင်း လောကကြီးသည် သူမြင်သည့် လောကကြီးအကြောင်းကို ပြောပါလေသည်။ ကျနော်က နား ထောင်သမားသက်သက်။

သူ တက္ကသိုလ်ကို ဆင်းဆင်းရဲရဲတက်ခဲ့ရပုံ ဘဝနာခဲ့ပုံတို့မှအစချီကာ နောက်ဆုံး တိမွေးကုဆရာဝန် တယောက် မဖြစ်ဖြစ်အောင်ကြိုး စားခဲ့ပုံတွေကို ပြောပြသည်။ သူ့လို ငယ်ဘဝက ဂုဏ်ဒြပ်မဲ့ခဲ့သူတ ယောက်အဖို့ အရာရာရှုံးနိမ့်ခဲ့ရမှုများအတွက် နိဂုံးချုပ်ချင်ပြီ၊ လူစေ့ တန်းစေ့မက ရှိချင်သည်။ ဂုဏ်ရှိ လျှင် ဓနတို့ဥစ္စာတို့က အလိုလိုယှဉ်တွဲဖက်အဖြစ် နောက်မှပါလာမြဲဟု သူမြင်သည်။

“မင်းကိုပြောခဲ့သလို ခေတ်စနစ်ကြီးပြောင်းဖို့အထိက ငါလဲ မတတ်နိုင်ဘူး သူငယ်ချင်း ဒီတော့ ..”

သူ တက္ကသိုလ်တက်နေစဉ်က ကျနော့်ဆီရေးသည့်စာများတွင် ခေတ်စနစ်ကြီး ပြောင်းလဲပစ်ပါမှ ကျနော်တို့လို လူတန်းစားများလည်း မည်သည့်ပညာရေးကိုမဆို တန်းတူညီတူ တက်နိုင်မည်ဟု သူ ပြောဖူးခဲ့သည်။ ဒါကို သူ မှတ်မှတ်ရရပြန်ပြောခြင်းဖြစ်၍ ကျနော် ကျေနပ်ရသည်။

ထိုစဉ် ကားကြီးတစီးက သူ့ခြံထဲသို့ မောင်းဝင်လာခဲ့သည့်အတွက် စကားကိုခေတ္တဖြတ်ထား၏။ သူ ထိုင်ရာမှထကာ ကားပေါ်ပါလာ သူတွေနှင့် စကားစမြည်ပြောသည်။

ညနေရီသည် အမှောင်ပျိုးစပြုလာပြီ။ နွေညနေခင်းဆိုသော်လည်း ပင်လယ်လေညင်းနုများက မြို့ လေးဆီသို့ တိုးဝှေ့ဝင်လာနေကြရာ အေးအေးမြမြ။ အပြင်ကိုမြင်နေရသည့် ပြတင်းဝမှလှမ်းကြည့် လျှင် မိုးသားပြာပြာတွင် တိမ်ခိုးဖြူတို့ တအိအိမျောလွင့်နေကြ၏။ အိပ်တန်းပြန်ငှက်ကလေးများ လေ ဟုန်နှင့်အတူ စီးခိုပျံသန်းလာနေ ကြသည်။

ကျနော်သည်လည်း အတိတ်ဆီသို့အတွေးများဆန့်တန်းကာ ခင်မောင်ထွန်းကို ပြန်မြင်နေမိသည်။ ထို အတွေးထဲမှာတော့ ကထိန်ပဒေသာပင်ကြေး ငွေ ၂ ကျပ်ကိုမပေးနိုင်၍ အတန်းပိုင်ဆရာမကို ပြန် တိုက်ပွဲဝင်နေသည့် လောကကြီး၏ပုံရိပ်ကို မြင်နေရ၏။

“ဒီလိုပဲသူငယ်ချင်း၊ စီးပွားရေးလုပ်ငန်းတွေကများတော့ ကိုယ်ခွဲပြီးလုပ်နေရတယ်”

သူဆိုလိုသည်ကိုကျနော်သိဖို့ စကားဆက်ပြန်သည်။ သူက တိရစ္ဆာန်ဆရာဝန်အဖြစ်သာမက ဇနီး ဘက်က မိဘများပေးသည့် ဆန်စက်လုပ်ငန်းအပြင် ပင်လယ်ထွက်ပစ္စည်းပွဲရုံတို့ကိုလည်း အာရုံစိုက်ရ၊ လယ်ဧကများစွာကိုလည်း အငှားချလုပ်ထားရတော့ စိတ်များသူ ဖြစ်နေရသည်။ အားလပ်သည်ဟူ၍ မရှိလှ။

“မင်းလိုစိတ်ကူးယဉ်နေနိုင်တဲ့ဘဝမျိုးက ငါ့မှာမရှိတော့ဘူးကွာ၊ ငါ့အလုပ်က ငါ့ဘဝပဲ၊ ဒါ အဓိကလေ၊ တကယ်တော့ လောကကြီးဟာ ကိုယ်ခူးမှကိုယ်ရတာကွ၊ ငါရတုန်းခူးမယ်၊ ခူးဖို့စိုက်မယ်၊ ခုဆို မင်းမြင်တဲ့အတိုင်း ငါ့ဘဝက အားလုံးပြီးနေပြီ၊ ငွေကွာ၊ ဓနကွာ၊ ဂုဏ်ကွာ၊ ဇနီးမယားသားသမီးကွာ၊ နောက်ဆုံး ငါ့အမေကို သူတခါမှမနေဘူးတဲ့ အခြေအနေနဲ့ထားနိုင်ပြီကွာ၊ အိုရေးသေရေး မပူရဘူး ကွာ။ ကိုင်း ဒါတွေထက် ဘာအရေးကြီးသေးလဲ”

လောကကြီးက ပြောရှိန်ရလာပြီ။ စကားပင် ထစ်ငေါ့နေခြင်းမရှိတော့ဘဲ တသွင်သွင်စီးခဲ့ပြီ။ သူ့မျက် လုံး အစုံမှာလည်း စူးစူးလဲ့လဲ့ အရောင်တောက်နေသည်ဟု ထင်ရ၏။

“လူဆိုတာ ကိုယ့်ဘဝကို ပြည့်စုံနေဖို့ တောင့်တင်းနေဖို့က အဓိကသူငယ်ချင်းရ၊ ငါတို့မိဘများက ဆင်း ရဲခဲ့တော့ ငါတို့ငယ်ငယ်တုန်းက လူတကာရဲ့နင်းဖတ် ဖြစ်ခဲ့တယ်မဟုတ်လား၊ ကိုယ့်ဘဝက အောက် တန်းကျနေတော့ ဟိုဟာအပြစ်မြင်၊ ဒီဟာ အပြစ်မြင်နဲ့ စွဲချက်တင်နေတာကိုးကွ ဟားဟား၊ လော ကကြီးကပဲ မျက်နှာလိုက်နေတော့သလိုလို ခေတ်စနစ်ကြီးကပဲ ပျက်စီးနေတော့သလိုလို၊ ဒီလို ရမယ် ရှာကြတာလေ၊ တကယ်က ကိုယ့် ကိုယ်ကို အဲဒီ့နွံ့ထဲက တနည်းနည်းနဲ့ရုန်းထွက်ဖို့ကြိုးစားရမှာ၊ ခု ငါ့ ဘဝကိုကြည့်သူငယ်ချင်း”

သူက တိရစ္ဆာန်ဆရာဝန်တဦးအဖြစ်လည်း ဂုဏ်ဒြပ်ရှိနေသလို စက်ဆန်သူဋ္ဌေး၊ လယ်ပိုင်ရှင်ယာ ပိုင်ရှင်ကြီး၊ ပြီးတော့ ပွဲရုံလုပ်ငန်းက လည်းရှိသေး။ မြို့လေး၏ကိုးကွယ်ရာတန်ခိုးကြီးဘုရားတွင်လည်း ဘုရားဒါယိကာ။

“မင်းတော့ ဘယ်လိုမြင်မယ်မသိဘူး၊ ကိုယ့်ဘဝက ပြီးနေပြီကွာ။ ဒါဟာ ဘဝရဲ့အန္တိမပဲလို့ဆိုဆို ကိုယ့် ဘဝက ပြီးနေပြီ၊ ကိုယ့်အတွက် တခြားအရာတွေအားလုံးက သိပ်လိုအပ်မယ်လို့ ငါတော့ မမြင်မိဘူး”

သူ စကားကိုခေတ္တဖြတ်ကာ ပြတင်းဘက်ဆီကြည့်လျက် ထိုစကားကိုပင် လေးလေးတွဲ့တွဲ့ထပ်ဆို သည်။

“ကိုယ့်ဘဝရိပ်မြုံက ပြည့်စုံနေပြီကွာ၊ ငါ ကျေနပ်ပြီ၊ ငါဘာတွေ ထပ်ကြိုးစားနေရအုံးမှာလဲ၊ ပြီးသွားပြီ သူငယ်ချင်း ဒါပါပဲ”

သူက စကားကိုနိဂုံးသတ်လိုက်သလိုပြောပြီး ကျနော့်ဆီ အကြည့်ရွေ့သည်။

“မင်းလဲ ဘဝကိုတည်ဆောက်ပါသူငယ်ချင်း၊ ကိုယ်မနိုင်တဲ့ဟာတွေတွေးရင် လောကကြီးက လေးပင် လှပါ တယ်ကွာ၊ ငါကြည့်ရတာ မင်းစိတ်က ငယ်ငယ်တုန်းကလို စိတ်ကူးယဉ်ဆန်ချင်တုန်းကိုး၊ ဒါကြောင့်လဲ မင်း ငါချိန်းတဲ့နေ့ကို သွားတာပေါ့၊ အင်း..ကျေးဇူးတော့ တင်တယ်ကွာ၊ ဒါပေမယ့် ဒါတွေ က ဘာမှအရေးမကြီးပါဘူး၊ ကတိတို့ဘာတို့ဆိုတာလဲ ပေးရမယ့်ဟာ တည်ရမယ့်ဟာမဟုတ်ရင် အ လေးအနက်မထားစေချင်ဘူး၊ ငါ့ကိုမှမဆို လိုပါဘူး၊ အရာအားလုံး၊ ကိစ္စအားလုံး”

သူက စကားကို တိခနဲဖြတ်၏။ ကျနော်တို့အကြည့်ချင်း ဆုံသည်။ ကျနော့်မှာ စကားများများပြောစရာ မရှိ။ ပြောချင်တာတခုကိုတော့ ပြုံးလျက်သာ ဆိုဖြစ်လိုက်၏။

“အေးကွာ၊ ငါက မင်းချိန်းထားခဲ့တဲ့နေ့က လွတ်လပ်ရေးနေ့ဖြစ်နေတော့ ခံစားမှုရှိတယ်လေ၊ ဒီအပေါ် အလေးအနက်ဖြစ်ခဲ့တယ်၊ ဒါ လွတ်လပ်ရေးဆိုတဲ့အပေါ် ငါ့ခံစားမှုပါသူငယ်ချင်း”

ဧည့်ခန်းမီး ဖြတ်ခနဲလင်းလာ၏။ ညဦးပိုင်းသို့ရောက်လာပြီ။ ခင်မောင်ထွန်းလည်း သူ့စကားကိုအနား သတ်ခဲ့ပြီးပြီ။ သူ့ရင်ထဲတွင် ပြော စရာတောင်ကျန်မည်မထင်တော့။ ရှိလည်းရှိတော့မည် မထင်တော့။

စင်စစ် အားလုံးက ပြီးနေပြီ၊ ပြီးသွားခဲ့ပြီ။ နှစ်ပေါင်း ၂ဝ ကျော်ကြာ ဝေးကွာနေခဲ့ရသည့် လောကကြီး ခေါ် ခင်မောင်ထွန်းမှာလည်း သူ့စကားအဆုံးမှာပင် ကျနော့်ရင်ထဲ၌အပြီးသတ်သွားခဲ့ပြီ။ သူက ပြည့်စုံ ခြင်းများနှင့်အပြီး သတ်ခဲ့သလို ကျနော်က ထိုပြည့်စုံခြင်းများ အပေါ် မေးခွန်းများစွာတင်ကျန်လျက် အ ပြီးသတ်ခဲ့ခြင်းသာ ဖြစ်၏။

ထိုမေးခွန်းများက ခင်မောင်ထွန်းခေါ် ကျနော့်ငယ်သူငယ်ချင်း လောကကြီးပေါ်မှာတော့မဟုတ်။

လူ့လောကကြီးတခုလုံးကို မေးကြည့်ချင်သည်။ ကမ္ဘာလောကကြီးကို မေးကြည့်ချင်သည်။ ပြည့်စုံခြင်း အပြီးသတ်ခြင်းဆိုသည်တို့၏ အဓိပ္ပာယ်များ။ လူတို့၏အန္တိမ နိဂုံးများ။

ခင်မောင်ထွန်းအိမ်ကထွက်လာတော့ ပင်လယ်ကမ်းနီးမြို့ကလေးသည် လေထဲတွင် တရှဲရှဲမြည်နေ သည့် အုန်းပင်ဖျားမှ ရွက်ခတ်သံတို့အကြား နစ်ဝင်နေသလိုအောက်မေ့ရလေသည်။

ခင်လွန်း
ည- ၈း ၅ဝ နာရီ
ဇန်နဝါရီ(၁၂)ရက်၊၂ဝ၁ဝ
(မြောက်ဥက္ကလာပ အထက(၁) ကျောင်းတော်ကြီးမှ ငယ်ဆရာဆရာမများနှင့် သူငယ်ချင်းများသို့ အ မှတ်တရ)

http://www.naytthit.com မှ ...

Read More...

Saturday, January 9, 2010

စာမိတ်ဆွေများသို့..
ပို့စ်အသစ်မတင်ဖြစ်တာ ကြာခဲ့ပေါ့။ များမြောင်ထွေပြားလှ တဲ့ အမှုတွေထဲမြှုပ်ဝင်နေတဲ့ ဘ၀ဟာ တခါတခါ ကိုယ့်ကိုယ် ကိုယ်တောင် ပြန်မရနိုင်လောက်အောင် ခက်ခဲပင်ပန်းလှပါ ရဲ့။ အနုပညာပစ္စည်းလေးတခု ဖြစ်ဖို့အရေး အရည်ကျဲလှတဲ့ ကိုယ့်နဖူးစာပါရမီကိုပဲ မချင့်မရဲဖြစ်ရတော့တာ အကြိမ်ကြိမ် ပါ။ ကိုယ့်သိုက်ကိုယ်ပြန်ရှာရင်း ချစ်ခြင်းတရားဆီပြန်လာနိုင် တဲ့ နေ့များမှာတော့ ကျနော်ဟာ လူဖြစ်ရတဲ့ ဒုလ္လဘတရားကို ကျေနပ်လက်ခံနေမိပါလေတယ်။
ဒီကဗျာလေးဟာ အဲ့ဒီလို လူဖြစ်ရကျိုးနပ်ခဲ့တဲ့ နေ့တွေထဲက တခုပေါ့
ဖတ်ကြည့်ပါအဆွေ။ အားလုံးကိုကျေးဇူးတင်လျက် (ကဗျာရေးသူ)

ဆောင်းရဲ့ပုံတူ

နှင်းတွေထူထဲလိုက်တာ
ရှေ့ကိုဘာမှမမြင်ရဘူး...

ကလေးက ပြောတယ်
တောင်တန်းကြီးတွေမရှိတော့ဘူး
ရွာကိုပြန်ကြစို့လားအမိုးရယ်တဲ့

သောကကို
မီးဖိုထဲထိုးထည့်လို့
ကိုယ့်အပူကိုယ်ရှာကြရတဲ့ ဆောင်းမနက်များ
ခါတိုင်းနေ့တွေလို
မီးခိုးတအူအူ။

အမေက
နှင်းတွေဖုံးထားလို့
တောင်တွေမရှိတော့ပေမယ့်
တောစိမ်းစိမ်းကြီးတွေရှိနေသေးတယ်ဖိုးခွားရေ

ကလေးအတွေးထဲ
တောမီးတွေ တဖြောင်းဖြောင်းမြည်ကာ တညလုံးလောင်ကျွမ်းလို့
ဒုက္ခသည်စခန်းထဲမီးကူးမှာ ကြောက်နေတာလေ။

မနက်လင်းပြန်တော့
အမိုးရယ်
ဖိုးခွားရယ်
တောင်ကိုတက် တောကိုတိုးလို့
တနေ့တာ စားအိုးအရေး
ဟင်းစားလေးရှာရပေအုံးတော့မယ်။ ။

ခင်လွန်း
၁၂း၃၀ နာရီ
ဒီဇင်ဘာ၊(၁၁)ရက်၊၂၀၀၉

Phtot by: http://www.geoform.net/features/features_benjamin-2.html

Read More...

Tuesday, December 8, 2009

စာဖတ်သူ ..
တမနက်မှာတော့ ကျနော်ဟာ စိတ်ရှုပ်ထွေးစွာနဲ့ အိပ်ရာက ထလာပါတယ်။ အဲဒီ့ညက အိပ်လို့လဲကောင်းကောင်းမပျော် ခဲ့ပါဘူး။ အတွေးတွေ ဗလပွနဲ့ပါ။ ဖြစ်ရတာက ကျနော်မြင် တွေ့ထိတွေ့ဆက်ဆံနေရတဲ့ လူတွေထဲကတချို့ကို ကျနော့် စိတ်ထဲခိုးလုခုလုဖြစ်ရာက စတယ်ထင်ပါတယ်။

လူတွေမှာ မြေခွေးနဲ့တူတဲ့လူ၊ ယုန်သူငယ်နဲ့တူတဲ့လူ၊ ဝံပုလွေနဲ့တူတဲ့လူ၊ ကေသရာဇာခြင်္သေ့မင်းနဲ့ တူတဲ့လူ။ .. စသဖြင့် ပုံပြင်ထဲမှာ ကျနော် ကြားခဲ့ဖူးတာတွေလို အမျိုးမျိုးရှိပါရဲ့။ ခုခေတ်နဲ့ဆိုရင် စက်ရုပ်နဲ့တူတဲ့လူ၊ ဂဏန်းတွက်စက်နဲ့တူတဲ့လူ၊ လမ်းဘေးတယ်လီဖုန်းရုံနဲ့တူတဲ့လူ။ တခါသုံး ကင်မ ရာနဲ့ တူတဲ့လူတွေရှိသလို အဘိဓာန်စာအုပ်ကြီးတွေ၊ ဘာသာရပ်ဆိုင်ရာ ကျမ်းကြီးတွေနဲ့တူတဲ့လူ တွေတောင်ရှိကြရဲ့။ ကျနော်ကိုယ်တိုင်က တော့ အဲဒီမနက်မှာ လိပ်တကောင်နဲ့တူခဲ့တယ်ထင်ပါရဲ့။ ဒါ နဲ့ပဲ ဒီကဗျာလေးကိုရေးဖြစ်ပါတယ်။ ခုဆို ၅ နှစ်သားကဗျာလေးတောင်ဖြစ်ခဲ့လေပြီ။
ခေတ်ပြိုင်ဝက်ဘ်ဆိုက်ဒ်မှာတင်ခဲ့ဖူးပါတယ်။
ဖတ်ကြည့်ပါအုံး ချစ်မိတ်ဆွေ။ (ကဗျာရေးသူ)



လိပ်တကောင်၏ အိပ်ရာထအတွေး

ထုံစံအတိုင်းမနက်လို
ယောင်ချာချာ
တကယ်လုပ်ရမှာတွေက အများကြီး
ချိန်းထားတဲ့လူတွေရှိ
စကားတခွန်းပြောရမယ်
မေးခွန်းတခုမေးရမယ်
ဟင့်အင်း သို့မဟုတ်
အင်း လုပ်ရမယ်
မသိသလိုနေလိုက်ရမယ့်
နည်းဗျူဟာသုံးရမယ်
ကိုယ့်စိတ်ကို မမြင်စေရဘူး။

လူဟာ
ကိုယ့်အတွက်ကိုယ် စဉ်းစားကာ နိုးလာတာဖြစ်တယ်
မဟုတ်မှလွဲရော
ဒါ ငါမှမဟုတ်ပါဘူးလို့
တန်းညှိမိသေး
နောက်တကြိမ်လူဖြစ်ဖို့ဆိုတာက
ပိုပြီး ဒုလ္လဘဆန်သွားတယ်လို့တွေး...။

ကိုယ်ဖို့ချန်ထားပြီးမှ ဝေပါ
ကိုယ့်ဖို့ပါ ထည့်ဝေပါ
အညီအမျှလို့ထင်စားခံလိုက်ရချိန်မှာ
ဣနြေ္ဒမပျက်နေပါ
လူဟာ အထင်တလုံးနဲ့နေရဖို့ထက်
အထင်ကြီးခံလိုက်ရတာ ကောင်းတယ်
မျက်နှာမသစ်ခင်အထိ။

“ ပုထုဇနော ဥမ္မတကော” တဲ့
လိပ်တကောင်က
ဘယ်တော့မှ မျက်နှာမသစ်ဘူးလေ။ ။

ခင်လွန်း
ဒီဇင်ဘာ၊ (၂)ရက်၊ ၂ဝဝ၎

Read More...

Wednesday, October 21, 2009

စာမိတ်ဆွေ
ဒုက္ခသည်စခန်းလေးတခုမှာနေနေရတဲ့ ကျနော့်အခြေအနေ အရ စာရေးဖြစ်တဲ့အခါ အဲဒီ့အငွေ့အသက် အဲဒီ့ရိုက်ခတ်မှု တွေပဲ များနေတတ်ပါတယ်။ အခုလဲ အဲဒီလိုတွေထဲက တခု ပါ။ ခုတလော မိုးများလွန်းလို့ အပြင်လေးဘာလေးတောင် ထွက်မရဘဲနေခဲ့ရတာ လနဲ့ချီပြီးကြာလာတော့ မိုးပါးသွား တဲ့တနေ့ စခန်းဘေးက တခုသောနယ်စပ်လမ်းပေါ်မှာ နေ ပူဆာထွက်လှုံရင်း ခံစားမှုတခုဖြစ်လာတာနဲ့ ကျနော် ဒီစာ ကိုရေးဖြစ်ပါတယ်။ စုတ်ချက် ကြမ်းသွားရင် အားလုံးကို တောင်းပန်ပါရစေ။ အဲဒီ့ ခဏ ခံစားမှုဆိုတာကိုတော့ ထပ်ပြီး အလေးအနက် ပြောပါရစေ။
ကျေးဇူးတင်ပါတယ်။
စာရေးသူ

မလှသောလမ်းပေါ်မှ စူပါမုန်တိုင်းရက်စွဲများ

ဒီမနက်မှာတော့ ကျနော်တို့လျှောက်နေကျလည်းဖြစ် ကျနော်တို့တွေရဲ့ တခုတည်းသောလည်း ဖြစ် တဲ့ လမ်းလေးဟာ ဖြီးသင်ပြီးခါစအပျိုမလေးတယောက်လို နေခြည်အလင်းမှာ ရွှေရည်အဆင်းနဲ့ လှ တပတ ဖြစ်လို့နေပါပြီ။

တကယ်တော့ မနေ့ကတဲက သူ့ခမျာ ကျော့ကျော့မော့မော့ ဟန်ရေးတကြွယ်ကြွယ်နဲ့ သူ့အလှ သူ ပြချင်နေရှာတာပါ။

ဝါလကင်းလွတ် သီတင်းကျွတ်တဲ့ လပြည့်ညကို သူ့အလှ သူ့သဘာဝနဲ့နှင်းဆက်ပြီး တမိုးလုံး တွင်း အောင်းသလိုနေခဲ့ရတဲ့ ကျနော်တို့တွေအပေါ် ဖော်ဖော်ရွှေရွှေ မျက်နှာလုပ်ချင်နေရှာတာကလား။

ဒါပေမယ့် တမြန်မနေ့ကမှ အရှေ့အာရှကစပြီးမွှေလာတဲ့ စူပါတိုက်ဖွန်းမုန်တိုင်းကြီးက မိုင်ပေါင်း များစွာဝေးတဲ့နေရာကနေ လမ်းလေးရှိရာရောက်အောင်ကိုပဲ အဖျားခတ်ခဲ့လေတော့ သူ့ခမျာ မှုန်နံ့ သာခြယ်ကာသပြီး စုံပ၀ါဘယ်ညာချကာနဲ့ ကလိုက်မဟဲ့လို့ အားခဲထားရှာတဲ့ ကချေသည်မလေး တဦး မိုးဖျက်လို့ပွဲပျက်ခဲ့သလိုမျိုး ကျနော်တို့များရဲ့အဖော်ပြုရာ တခုတည်းသောလမ်းလေးဟာ လည်း မိုးကြား လေကြား မုန်တိုင်းကြားမှာ သူ့အလှတရားကို မပြအားခဲ့ရရှာပါဘူး။

ဒါက ဒီမနက်မှာတော့ ရွှေမှုန်တွေကြဲချနေလေရော့သလားထင်ရတဲ့ နေရောင်အောက်က လမ်း လေးပေါ်မှာ ကျနော်ဟာ အတန်ကြာအောင်ရပ်နေရင်း လမ်းလေးရဲ့ဘ၀နဲ့အလှကို တဒင်္ဂခံစား တွေးတောနေမိတာ ဖြစ်ပါတယ်။ ကျနော်ရပ်နေရာကနေ ဟိုးအဝေးဆီကို တဖြည်းဖြည်းချင်း ဦး မော့လို့ပြေးတက်သွားတဲ့ လမ်းကလေးရဲ့မြင်ကွင်းအဆုံးထိတိုင်အောင်လည်း အတန်ကြာတဲ့အထိ ရပ်ကြည့်နေမိပါတယ်။ ပြီးတော့မှ နောက်ကျောဘက်ဆီကနေ ကျနော်ရပ်နေရာ တောင်ကုန်းကမူ လေးအထိ ကွေ့ကာဝိုက်ကာ သူပြေးတက်လာပုံကိုပါ သမင်လည်ပြန် ပြန်လှည့်ကြည့်ဖြစ်ပါတယ်။ ကျနော်ရပ်နေရာကို ဗဟိုထားပြီး လမ်းလေးရဲ့အစွန်းနှစ်ဘက်ကိုကြည့်မယ်ဆိုရင် ကျယ်ပြောလှတဲ့ တောအုပ်စိမ်းစိမ်းထဲ အရှိန်နဲ့ ထိုးဝင်သွားတော့သလိုပါပဲ။

လမ်းကလေး ကွေ့ကောက်ပြေးထွက်လာခဲ့ရာ မြင်ကွင်းအစနဲ့အဆုံးကို သတိထားမိရင်တော့ တော ကြီးမျက်မည်းထဲမှာ မြွေနက်ကြီးတကောင် တွန့်လိမ်ခေါက်ကွေး ပြေးလွှားနေပုံနဲ့ ဆင်ဆင်တူနေ မ လားဘဲ။ နောက်တမျိုးခံစားကြည့်ရင်တော့ တောစိမ်းစိမ်း တောင်စိမ်းစိမ်းကြားမှာ အနက်ရောင်ဖဲ ကြိုး ခပ်ရှည်ရှည်တချောင်း လူးကာလွန့်ကာလွင်ြ့ဖာထွက်နေပုံမျိုးလည်း ဖြစ်နေလိမ့်မယ်ထင်ပါ တယ်။

ပြန်တွေးကြည့်တော့ လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကမှ ဒီလမ်းလေး သက်ဝင်လူးလွန့်လာတာ ကို ကျနော် အသေအချာမှတ်မိနေပါတယ်။ သည့်မတိုင်မီ ဒီနေရာကို ကျနော်ရောက်ခဲ့ဖူးတုန်းက နီ ကျင်ကျင် မြေသားစပ်စပ် လူသွားလမ်း ခပ်ရေးရေးလေးကိုသာ ကျနော်တွေ့ခဲ့ရဖူးတာလေ။ ခုတော့ သူ့ကျောပေါ်မှာ ၀န်တင်ကားတွေ၊ လူစီးယာဉ်တွေ ဟိုမှသည် ဥဒဟိုသွားလာလို့ပေါ့။ ရံဖန်ရံခါမှာ တော့ အလျဉ်စလို အမြန်နှုန်းနဲ့မောင်းနှင်သွားကြတဲ့ စစ်မော်တော်ယာဉ်တန်းတွေ၊ ရေးကြီးသုတ် ပြာနိုင်လှတဲ့ အလုံပိတ်ကုန်တင်ယာဉ်နဲ့ လူစီးကားတွေ .. စသဖြင့် လမ်းလေးဟာ သက်ဝင်တွင် ကျယ်လို့ နေပါပြီ။

နယ်စပ်လမ်းကလေးပီသလှတဲ့ သူ့ဥပဓိဟာလဲ အသွေးအမွေးအဆင်တန်ဆာအမျိုးမျိုးနဲ့ စုံလို့ လင် လို့ပါ။ နယ်စပ်တကြောမှာတွေ့ရလေ့ရှိတဲ့ တိုင်းရင်းသွေးနှောသူတွေကို ဒီလမ်းပေါ်မှာ အများဆုံး တွေ့ရတတ်ပြီး အများအားဖြင့် ပါးလေးတွေနီထွေးနေတဲ့ ဖိုးမူလေးတွေရယ်၊ ကွမ်းသွေးတွေ ရဲဗ လောင်း ထနေတဲ့ အမိုးတို့၊ ဖထီးတို့ အကျော်တို့ ဖိုးခွားတို့တွေရယ်ကို ရိပ်ခနဲဖြတ်သွားတဲ့ ကားတ စီးစီးပေါ်မှာဖြစ်စေ တဂျောင်းဂျောင်းမြည်သံပေးရင်း အော်လာတတ်တဲ့ ထော်လာဂျီတစီးပေါ်မှာ ဖြစ်စေ အုံနဲ့ကျင်းနဲ့ တွေ့ရတတ်ပါတယ်။ ခွန်ထိုင်းလို့ခေါ်တဲ့ ဒေသခံနိုင်ငံသားတွေကိုတော့ မှန်လုံ ကားတွေထဲမှာသာ ရိုးတိုး ရိပ်တိတ် ဖြတ်သွားဖြတ်လာ တွေ့ရတတ်တာပါ။

အဲဒီလိုအခါများမှာ ကျနော်တို့က သူတို့တွေကို လမ်းဘေးတဖက်ကရပ်ရင်း ငေးရီကြည့်မော နေမိ တတ်သလို သူတို့တွေကလဲ တခုသောနယ်စပ်လမ်းရဲ့တဖက်ခြမ်းမှာ နယ်သတ်ခြံစည်းခတ်ပြီးနေ ကြရတဲ့ ကျနော်တို့ တဲအိမ်စုစုလေးတွေဆီကို အကြည့်တမျိုးနဲ့ ကြည့်သွားတတ်ပါတယ်။ ဒီအ ကြည့်တွေထဲမှာ သူတို့ဘာသာစကားနဲ့ ဘယ်လိုအသံထွက်မယ်မဆိုနိုင်ပေမယ့် သေချာတာက တော့ ကျနော်တို့ အပေါ်သတ်မှတ်ထားတဲ့ “ဒုက္ခသည်” ဆိုတဲ့ ၀ိသေသအဓိပ္ပာယ်ကို သူတို့နား လည်ပြီးသား ဖြစ်နေလိမ့် မယ်လို့ ကျနော် ထင်နေမိပါတယ်။

ကျနော်တို့က ဒုက္ခသည်တွေမဟုတ်လား။ ဒုက္ခသည်ကို ဒုက္ခသည်လို့မခေါ်ချင်ရင် ကိုယ့်တိုင်း ပြည် မှာ ဘယ်လိုမှနေမရတော့လို့ တိုင်းပြည်က စွန့်ခွာထွက်ပြေးလာသူများလို့ခေါ်ရင်ရော နားကြားရ သက်သာသွားလေမလား။ ဝေါဟာရပညတ်တွေကိုအသာထားပြီး သေချာတာကိုပြောရရင်တော့ တော ကြီးမျက်မည်းထဲက ဒီနေရာလေးဟာ ကမ္ဘာမြေကြီးဆီကနေ ကျွံကျပြုတ်ထွက်လာတဲ့ အ စိတ်အပိုင်း တခုလို ဖြစ်နေရသလားဆိုတာကို ငြင်းပယ်ချင်မိတာပါပဲ။

ဘယ်လိုပဲဆိုပါစေ ကျနော်ရပ်နေရာ နေရောင်အောက်ကလမ်းလေးဟာလည်း ကမ္ဘာမြေပေါ်က လမ်းကလေးတခုပေပဲမဟုတ်လား။ လူသိနည်းလှဦးတော့ ဒီလမ်းကလေးကို ကျနော့်ဘ၀တသက် တာလုံး မေ့နိုင်မယ်မထင်တော့ပါဘူး။ မေ့လွယ်ပျောက်လွယ်တဲ့ ဘ၀ရဲ့အကြောင်းအရာမြောက်မြား စွာထဲမှာ ဒါမှမဟုတ် တမင်မေ့ဖျောက်ပစ်ချင်စရာကောင်းလှတဲ့ အကြောင်းအရာတွေထဲမှာ ဒီလမ်း လေးဟာ ကျနော့်အတွက်တော့ ဘယ်တော့မှမမေ့ဖျောက်နိုင်စရာပဲလို့ ကိုယ့်ကိုယ်ကိုယ် ယုံနေမိပါ တယ်။

လွန်ခဲ့တဲ့နှစ်ကာလ လေးငါးနှစ်တွေအတွင်း ကမ္ဘာမြေပေါ်က တချို့သောလမ်းများဟာ မှိန်ဝါး ပျောက်ကွယ်သွားနိုင်သလို အချို့သောလမ်းများကတော့ ပီသထင်ရှားလာရုံမက ခန့်ညားထယ်ဝါ သွား တာမျိုးတွေလည်း ရှိနိုင်မယ်ထင်ပါရဲ့။ ဒါဆိုရင် လူတယောက်ရဲ့ဘ၀မှာလည်း သူတို့လျှောက် လှမ်းခဲ့ဖူး တဲ့လမ်းပေါင်းများစွာအနက် တချို့သောလမ်းများဟာ လွန်ခဲ့တဲ့လေးငါးနှစ်တွေအတွင်း ဘ၀ထဲကနေ ပျောက်ချင်းမလှ ပျောက်သွားနိုင်ခဲ့တာမျိုးရှိနိုင်သလို အချို့သောလမ်းများကျတော့ လည်း သစ်လွင်ပေါ် ပေါက်လာနိုင်တာမျိုး၊ ဆိုလိုတာက အစမှာ မှုန်ပျဝိုးဝါးနိုင်လွန်းရာကနေ ပီပြင် ထင်ရှား အားကောင်းလာ နိုင်တာမျိုးတွေ ရှိနိုင်တာပေါ့လို့ ကျနော်တွေးမိပြန်ပါရော။

လမ်းတွေ လမ်းတွေ ကမ္ဘာမြေပေါ်က လမ်းတွေ။
ကျနော်ဟာ နေရောင်အောက်မှာလင်းလက်နေတဲ့ အဝေးမြင်ကွင်းတွေကို လမ်းလေးပေါ်ကနေ မျက်စေ့စွမ်းအားနဲ့ မြင်နိုင်စွမ်းသမျှ ကြည့်မောနေမိပြန်ပါတယ်။ တမိုးတွင်းလုံး မြူလိုလို မိုးနှင်းလို လို တောင်ခိုးလိုလို တိမ်လိုလိုအုံ့ဆိုင်းထားတာနဲ့ မြင်ကွင်းကပျောက်နေတဲ့ တောတွေတောင်တွေ ဟာလည်း ဆေးသားကြည်ကြည်ကဲပြီးရေးထားတဲ့ ပန်းချီကားတချပ်လို စိမ်းထနေအောင်ကိုပဲ ထင် ထင်ရှားရှားမြင် နေရပါတယ်။

တကယ်က မြင်နေရတဲ့ရှုခင်းက လှတယ်လို့တော့မဆိုနိုင်ပါဘူး။ ကျနော့်ကို အဲ့ဒီနောက်ခံရှုခင်း ထဲ မှာထည့်ပြီး တခြားလူတဦးရဲ့အမြင်အဖြစ်ပြောင်းပြီး အစားထိုးကြည့်လိုက်မယ်ဆိုရင်ရော ဘယ်လို ဖြစ်သွားလေမလဲ။

တခါက ကဗျာဆရာမောင်အောင်ပွင့် နှစ်ရှည်ထောင်ဒဏ်က လွတ်လာပြီးပြီးချင်း အိမ်အပြန် လမ်း ပေါ်မှာတင် မီဒီယာတခုကမေးတာကို ပြန်ဖြေသွားတာလေး ကျနော်ပြန်ကြားယောင်နေမိပါတယ်။ “ဆရာ အခု ထောင်ကထွက်လာတော့ ဘာထူးခြားတာတွေ မြင်လဲတဲ့”။ ဆရာမောင်အောင်ပွင့်က သူ ထောင်ထဲမှာနေစဉ် ပြင်ပကမ္ဘာမှာ ပြောင်းလဲသွားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ အဆောက်အဦတွေ ကိုမြင်ပြီး ပြောလိုက်တာလေးက သိပ်လှ သိပ်တာ သွားပါတယ်။ ဆရာပြောလိုက်တာလေးက “ရှုခင်းတွေက လှပြီး လူတွေက မလှဘူးတဲ့”။ ဘ၀တွေက ပိုတောင်ဆိုးဝါးလာတယ်လို့ ဆရာဆိုလို လိုက်တာကို တန်းခနဲကို သိနိုင်ပါတယ်။

အခုလဲ ကျနော်ဟာ ရှုခင်းတခုထဲမှာရပ်နေပေမယ့် ဘ၀က မလှပပါဘူး။ ဒုက္ခသည်ဆိုတဲ့ ဝေါဟာရ နဲ့ လိုက်ဖက်လျော်ညီလှအောင်ပဲ ဘ၀ကအကျည်းတန်နေတယ်လို့ ကိုယ့်ဖာသာ ခံစားနေဖြစ်ပါ တယ်။ ဒါဟာ ပျိုမြစ်နုနယ် လန်းဆန်းလှပ လတ်ဆတ်တက်ကြွနေတဲ့ငယ်ဘ၀ကို တမ်းတလွမ်းမော နေ လို့မဟုတ်ဘူးဆိုတာကိုတော့ ဖာသာပဲ သိနေပါတယ်။ ဒါဆို ကျနော်ဘာဖြစ်လို့ အကျည်းတန် တဲ့ဘ၀ ရောက်နေပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေရတာလဲ။ ဒီမေးခွန်းဟာ တိုတောင်းပြီး ရှင်း လင်းလွန်းလှပေမယ့် ဖြေရမယ့်အဖြေကိုတော့ ၀ါကျတကြောင်းလောက်တောင် ချမရေးနိုင်ခဲ့သေးပါ ဘူး။

မနက်ခင်းနေရောင်က ကျနော့်ကိုယ်ပေါ်ကို ပူနွေးရုံမျှမက ပူလောင်လာတဲ့ထိအောင်ပဲ ထိုးကျ လာ နေပါပြီ။ အဝေးမှာမြင်နေရတဲ့အမည်မသိတောင်တန်းတွေရဲ့နောက် ဟိုးတဖက်မှာရှိတဲ့ ကျနော်တို့ မွေးရပ်မြေရဲ့အငွေ့အသက်ဟာ ကျနော့်အာရုံကို နာကြင်လွမ်းဆွတ်ဖွယ် တိုးဝှေ့ဝင်ရောက်လာနေ ပါတယ်။ ကျနော်ဟာ ချစ်လှစွာသောမွေးရပ်မြေကို စွန့်ခွာခဲ့ရလေသူ။ ကျနော်ဟာ ချစ်လှစွာသော မိခင်နဲ့တကွ တအူတုံဆင်း ညီအကိုမောင်နှမများကို ခွဲခွာခဲ့လေသူ။ စိတ်တူကိုယ်တူ သူငယ်ချင်း မိတ်ဆွေများစွာကို ထားရစ်ခဲ့ရလေသူ။

အဲ့ဒီတုန်းကတော့ ကျနော့်ရဲ့ ခွဲခွာခဲ့ခြင်းမှာ စွန့်လွှတ်အနစ်နာခံမှုတွေ ရောဖက်ပါဝင်နေခဲ့သေး တယ်လို့ ကျနော်ကိုယ်ကျနော် ယုံကြည်လျက်နဲ့။ ကျနော်တို့အားလုံးရဲ့ တခုတည်းသော တူညီမှုကို ရယူနိုင်ဖို့အတွက်။ ကျနော့်ဟာ တိုက်ပွဲရဲ့အချက်အချာနေရာကို ပြောင်းရွှေ့နေရာယူခဲ့သူအဖြစ်နဲ့။ ဒါဟာ ကျနော့်နဲ့အားလုံးအတွက် ဂုဏ်ယူအားတက်ဖွယ်ရာပဲ မဟုတ်လား။ ကျနော့်စိတ်ကူးမျှော် လင့်မှုတွေ ယုံကြည်မှုတွေဟာ ပြောင်ထွန်းတောက်ပနေခဲ့တာပဲမဟုတ်လား။

ခုတော့ ကျနော်ဟာ ပြောင်းပြန်ထိုးဆင်းလာတဲ့ မြားတစင်းလို ခေါင်းငိုက်စိုက်ချရင်း တစတစ ပူလောင်လာတဲ့နေရောင်အောက်မှာ အသေကောင်ခြောက်လို လမ်းလေးပေါ်မှာပေပြီး ရပ်နေမိဆဲ ပါ။ ဒါဟာ အကျည်းတန်တယ်ဆိုတဲ့ စကားထက် ပိုပြင်းထန်မယ့် ဖြစ်ရပ်မဟုတ်လို့ ဘယ်လိုဆိုနိုင် သေးလဲ။ ကျနော်ဟာ လမ်းပေါ်မှာ ပေရပ်လို့။
မနက်ခင်းဟာ အိုရင့်လာခဲ့ပြီ။ ရက်ပ်ပါတွေလို ဘောင်းဘီအင်္ကျီပွပွကြီးတွေ ၀တ်ထားတဲ့ကောင် လေးတသိုက် ပေါ့ပေါ့ပါးပါးပဲ ကျနော့်ကိုကျော်လွှားပြီး လမ်းလေးရဲ့ခေါ်ရာအတိုင်း အုပ်စုလိုက် လျှောက် လှမ်းသွားကြလို့။ သူတို့ရဲ့ပါးစပ်ထဲမှာ အမေရိကားတိုက်ကိုရွက်လွှင့်နိုင်ဖို့ ပုံပြင်တွေကို နှုတ်တိုက်ရွတ်ဆိုလို့။ သူတို့လေးတွေ ဘာအကြောင်းတွေနဲ့များ ဒီနေရာလေးထိအောင် လွင့်လာ ကြရတာလဲ။ ဘယ်လိုမုန်တိုင်းမျိုးတွေက ဒီလူငယ်လေးတွေကို ဒီနေရာအထိရောက်အောင် တိုက် ခတ်သွားထိုးမွှေသွားခဲ့သလဲ။ ကျနော်တို့တိုင်းပြည်မှာ ကြမ်းရိုင်းလှတဲ့မုန်တိုင်းကြီးတွေ အတောမ သတ်နိုင်တော့ဘူးတဲ့လား။ ဒါမှမဟုတ် ဒီလမ်းလေး ဒီနေရာလေးရဲ့အကြောင်းကို သူတို့လေးတွေ ဆီရောက်သွားအောင် ဘယ်လိုမုန်တိုင်းမျိုးတွေက သယ်ဆောင်သွားခဲ့ရတာလဲ။ သူတို့လေးတွေစီ မှာ ဒီနေရာရဲ့အကြောင်းတွေ ဘယ်လောက်များစိမ့်ပြန့်စီးဝင်နေပြီလဲ။ ဒါဟာ ငယ်ရွယ်သူတို့ရဲ့ အားအင်ကိုပေးဆပ်ရာ နေရာတခုပေပဲလား။

သေချာတာကတော့ ဒီလမ်းလေးဆီကနေ ကျနော့်လို မွေးရပ်မြေကို စွန့်ခွာလာကြသူတွေထဲက တချို့လည်း သမုဒ္ဒရာအစင်းစင်းကိုဖြတ်လို့ ကမ္ဘာတဖက်ခြမ်းဆီ ရောက်သွားခဲ့ကြ။ ရုပ်ဝတ္ထုပစ္စည်း တွေ တိုးတက်ဖွံ့ဖြိုးလွန်းတဲ့ အဆောက်အဦတွေ သိပ်လှသိပ်ဆန်းကျယ်တဲ့နေရာတွေဆီကို ကျနော် တို့တွေထဲကတချို့တွေဟာ ဒီလမ်းလေးဆီက တဆင့်ရောက်သွားခဲ့ကြပေါ့။ တခါက ကဗျာဆရာတ ယောက်ကတော့ ပြောခဲ့ဖူးရဲ့။ အဆောက်အဦတွေ ရုပ်ဝတ္ထုတွေက လှတယ်၊ လူတွေက မလှဘူး တဲ့။ အို ဘ၀တွေ ပိုလှပသွားကြမှာပါလား။ အင်း ဘ၀အဓိပ္ပာယ်တွေကတော့ရော နည်းနည်းပါးပါး တိမ်းစောင်း ယွန်းယိုင် မသွားနိုင်ပေဘူးလား။

စူပါမုန်တိုင်း ကာလရက်များတုန်းကတော့ အဖျားခတ်ရုံမျှခံခဲ့ရတဲ့ ဒုက္ခသည်စခန်းလေးဟာ မိုး သည်းသည်းကြားမှာပိတ်မိနေသလို မည်းမှောင်ကျလို့နေခဲ့ရ။ ဒီနေ့မှ နေရောင်လေးပွင့်လင်းလို့လာ ခါစ။ ကျနော်က ဒုက္ခသည်စခန်းလေးဘေးမှာ အလျားလိုက်အတိုင်းတည်နေတဲ့ တခုတည်းသော လျှောက်စရာ လမ်းလေးပေါ်မှာ ရပ်မြဲရပ်ရင်း။ ဆို့ဆို့နစ်နစ် တင်းတင်းကျပ်ကျပ်ခံစားရမှုတွေနဲ့ ရပ် မြဲရပ်ရင်း။

“ပွမ်.. ပွမ်.. ပွမ် ”
နေရောင်အောက်လမ်းပေါ်မှာပေရပ်နေတဲ့ကျနော်ရှိရာကို အရှိန်နဲ့တက်လာတဲ့ မော်တော်ကား ကြီး တစီးက ဟွန်းသံရှည်ရှည်ကြီးပေးပြီး ပြေးဝင်လာခါမှပဲ ကျနော်လည်း လမ်းဘေးကိုအလန့်တကြား ခုန်ဆင်းလိုက်ရင်း ကိုယ့်လိပ်ပြာကိုယ် ပြန်ဖမ်းဆုပ်မိ။

ကိုယ့်ဘေးကနေ အရှိန်နဲ့ဖြတ်မောင်းသွားတဲ့ကားကြီးမော်ကြည်မိလိုက်တော့ ကားဘော်ဒီထဲမှာ ခြံ ခတ်လျက်သားပါလာတဲ့ နယ်စပ်က ခိုးဝင်လာနေကျ နွားတွေကျွဲတွေအပြည့်။
ကျနော် အာခေါင်တွေ ခြောက်လာလိုက်တာမှ မီးကျည်မီးခဲတွေ ထတောက်မတတ်ပါပဲလား။

ခင်လွန်း
၆း၃၀ pm
Oct,12,09

Read More...