စာဖတ်သူသို့ ..
ဒီတပတ်လဲ ရေးဖြစ်ခဲ့တဲ့ ကဗျာဟောင်းများထဲက တပုဒ်ကို စာဖတ်သူတို့ဖတ်ဖို့ တင်လိုက်ပါတယ်။ ခေတ်ပြိုင်ဝက်ဆိုက် မှာ ဖော်ပြပြီးသားကဗျာပါပဲဗျာ။ ကိုယ်တိုင်လည်းစုရင်း မိတ် ဆွေများအတွက်လည်း မြည်းဖို့စမ်းဖို့၊ ချစ်ခင်လေးစားမှုများ ဖြင့် (စာရေးသူ)
စာနာတတ်သူတို့အလွမ်း
တလှိုက်လှိုက်ပြို
မြစ်ကမ်းပါးပေါ် ရွာမေးတင်
အိမ်ကလေးကိုယ်တိုင်က ခယိုးခယိုင်
အဖေအမေတို့ ပိုင်ခဲ့ကြသော ရိပ်ဆာယာ
“ မေတ္တာတရား ” သည်သာ
မိသားစုပိုင် တခုတည်းသော “ဥစ္စာ”။
လေလွင့်သူပဲပြောပါတော့အမေ
တစ်ဆယ့်လေးနှစ်သားလေးနဲ့ကျောင်းစပြေးတဲ့ကောင်
အသက် လေးဆယ်မှာ ကိုယ့်မြေကို စုံကန်ခဲ့ပေါ့
နောက်ကျရခြင်းများအတွက် စိတ်မသက်သာစရာများ
ငါးဆယ် နီးလာတော့လည်း
“ လူကြီး ” ဖြစ်မလာသေးဘူးအမေ။
မိုးခြိမ်းသံကြောက်ရ ဖားအော်သံကြောက်ရ
မိုးရွာတော့လည်း ပျော်တတ်ပြန်သေး
ကျနော်ဟာ
လူ သူစိမ်းတယောက်ရဲ့အကြည့်ကို မခံဝံ့သူ
မုန်တိုင်းတွေကို အတွင်းအောင်ခြင်းနဲ့သာ ရယူလိုသူ
တခါတခါ
စိတ်အယားပြေကိစ္စ
ငယ်အိပ်မက်ကိုဖွာထုတ်လိုက် မျိုချလိုက်
တခါတခါ
အချင်းချင်းတွေကိုပဲ ပတ်ရမ်းရရမ်းရ
“ ရသ ” ကိုတောင် ဆယ်ယူနေရတာ
အလုပ်တခုလို။
ခုလောက်များဆို
အိမ်ကလေးကိုရေတိုက်စားသွားပြီလား
အမေအိုကတော့
ဆည်းဆာမှာ တဖြည်းဖြည်းမြှုပ်နစ်ရရှာတော့မည်
ငါ သူတပါး အများ
ဒီလိုသာ ကူးခတ်ကြရ
ကိုယ်ချင်းစာတရားထွန်းကားသူတို့ရဲ့အလွမ်းမှာ
အရုဏ်ဦးထွန်းညှိမယ့်မီးတိုင် ဆုပ်ဆုပ်ကိုင်ကိုင် မလွတ်စတမ်း။ ။
ခင်လွန်း
ဇွန်၊ ၁၀ရက်၊ ၂၀၀၄
Tuesday, January 20, 2009
Labels: ကဗျာ
5 Comments:
Subscribe to:
Post Comments (Atom)
ဘာဘဲဖြစ်ဖြစ် ဒါမျိုးတွေ ကြုံတတ်တယ်။ ကျော်ကိုကျော် ရမယ် ဗျာ။
လေးစားလျက်
မင်းဒင်
မိုးရွာတော့လည်း ပျော်တတ်ပြန်သေး
ကျနော်ဟာ
လူ သူစိမ်းတယောက်ရဲ့အကြည့်ကို မခံဝံ့သူ
မုန်တိုင်းတွေကို အတွင်းအောင်ခြင်းနဲ့သာ ရယူလိုသူ
တခါတခါ
စိတ်အယားပြေကိစ္စ
ငယ်အိပ်မက်ကိုဖွာထုတ်လိုက် မျိုချလိုက်
တခါတခါ
အချင်းချင်းတွေကိုပဲ ပတ်ရမ်းရရမ်းရ
“ ရသ ” ကိုတောင် ဆယ်ယူနေရတာ
အလုပ်တခုလို။
.....
ဒီအပိုဒ်လေး ကြိုက်လိုက်တာ