Saturday, January 31, 2009
စာဖတ်သူသို့
ဒုက္ခသည်စခန်းမှာ နိုင်ငံမဲ့ဒုက္ခသည်မိဘနှစ်ပါးကနေ နိုင်ငံမဲ့ ဒုက္ခသည်လူသားလေးတယောက်ကို မွေးဖွားသန့်စင်ခဲ့ပါ တယ်။ မိဘတွေ ကိုနှိုက်က ဘယ်နိုင်ငံဘယ်ဒေသရောက် မယ်မှန်းမသိ အခက်အခဲတွေ မရေရာမှုတွေနဲ့ကြားက သား လေးတယောက်မွေးဖွားလာတယ် ဆိုတော့ သူတို့ခံစားမှုက သာမန်မြင်တွေ့နေကြ မြင်ကွင်းမျိုးနဲ့တော့ တူမယ်မထင် ဘူးနော်။အဲဒါလေးကို ကဗျာရေးပါတယ်။ ကျေးဇူးတင်ပါ တယ်ဗျာ။
ကမ္ဘာမြေရဲ့သီချင်းမြစ်တစင်း
၁။
၁.၂.၂၀၀၇။
မမွေးမီကတည်းက
နှင်းခါးတွေအရိုက်ခံရတဲ့အဖြစ်နဲ့
သားလေးဟာ
ဒုက္ခသည်စာရင်းသစ်ဝင်သွားတယ်
ဒါ .. ကမ္ဘာဆန်သွားတာပေါ့ကလေးရယ်။
လေးကီလိုနီးပါး
ကျက်သရေတိုးပွားလာတဲ့
မဟာပထ၀ီကမ္ဘာမြေဟာ
သားလေးအတွက်
အာဟာရမှုန့်ကိုဖျော်ပြီ။
၂။
လောကမလင်းမီ
ထစ်ချုန်းငိုကြွေးလိုက်တဲ့
မြင့်မိုရ်တောင်ကြားက
ဓားတစင်းရဲ့တေး
မင်းထွဋ်ခေါင်လေးရေ
မင်းမေမေရဲ့တေးသံမှာ
သမုဒ္ဒရာခုနှစ်စင်းအနှံ့
ပဟေဠိတွေဆန့်လို
ရွက်ဖျဉ်ဟောင်းကိုထိုးဖျက်
ရဲတိုက်ပေါ်ကိုတက်လို့
မင်းဖေဖေက
သင်္ဘောတစင်းဆိုရင်တော့
ခေါင်းတိုင်မှာ
မီးခိုးတလူလူနဲ့ပေါ့လေ။ ။
ခင်လွန်း
12 Comments:
  1. ဖြိုးဝေတိုး said...
    ကဗျာလေး အရမ်းကောင်းပါတယ်။
    ၂ အပိုဒ်လေးကို ပိုကြိုက်ပါတယ်...
    နောက်ထပ်အများကြီးရေးနိုင်ပါစေလို့
    လေးစားစွာဖြင့်
    ဖြိုးဝေတိုး
    Anonymous said...
    ထိချက်ပြင်းတယ်ဗျာ ကိုယ်သာ အဲဒီလိုသာဆို ဘယ်လိုနေမလဲ မတွေးရဲသလောက်ပါပဲဗျာ။
    Unknown said...
    ကဗျာလေးခံစားသွားပါတယ် ဆရာခင်လွန်း
    ထပ်တူခံစားရပါတယ်ဗျာ ကောင်းသောနေ့ပါ လာလည်သွားတဲ့အတွက်လည်းကျေးဇူးပါဗျာ အားလုံးပဲအဆင်ပြေပါစေ :)
    Anonymous said...
    ကိုလွန်းရေ ကဗျာလေးဖတ်ပြီး ခံစားရတယ် ၊ အမိအဘနှစ်ပါးစလုံးက မြန်မာနိုင်ငံသားဖြစ်
    ရဲ့နဲ့ ကလေးမှာ နိုင်ငံမဲ့ ဒုက္ခသည်ဘ၀ ရောက်ရရှာတယ်၊ ဘ၀တွေလည်း ဆိုးဝါးလွန်းလှတယ်ဗျာ။
    ATN said...
    ကျနော့် သားကြီးလည်း အဲလိုဘ၀နဲ့ မွေးလာတာပါပဲ...
    ကဗျာကို ခံစားလို့ရပါတယ်...
    ကျနော် အပါအ၀င် သင်းကွဲ ၀ံပုလွေတွေ အများကြီးပါဗျာ...
    အဲလိုပဲ နိုင်ငံမဲ့ ရတဲ့ သားသမီးတွေ မွေးဖွားခဲ့ရတာ...
    မုန်တိုင်းတွေ စဲတဲ့ တနေ့နေ့တော့...
    ATN said...
    ကိုခင်လွန်းရေ လာသွားတယ် ဖတ်သွားတယ် ... ရင်ဘတ်ချင်းလည်း တိုက်သွားတယ် ...
    ခေတ်ပြိုင်ခံစားမှုတွေနဲ့
    ခုန်နေတဲ့ နှလုံးသားတွေက
    အသက်အရွယ်တွေ ကွာခြားနေတောင် အရေပြားတွေတော့ တူနေတာပါပဲဗျာ ...
    အစစ အရာရာ အဆင်ပြေပါစေ....
    ပထမ မန့်တာ မရလို့ ဆီပုံးထဲမှာ သွားရေးပြီးမှ ခုတခါ လာပြန် မန့်ကြည့်တာ ရသွားပြန်ရော
    ခုတော့ ၂ ခါ မန့် သလို ဖြစ်နေပြီ...း)
    ဆောင်းယွန်းလ said...
    သားလေးကျန်းမာပြီး လောကကြီးအလယ်မှာ ရဲရဲဝင့်ဝင့်
    လျှောက်လှမ်းနိုင်သူဖြစ်ပါစေဗျာ။။
    ကဗျာကိုကြိုက်တယ်ဗျို့
    မင်းမေမေရဲ့တေးသံမှာ
    သမုဒ္ဒရာခုနှစ်စင်းအနှံ့
    ပဟေဠိတွေဆန့်လို့....
    ကောင်းတယ်ဗျာ.....
    Co2zeиith said...
    ဖတ်ရတဲ့သူတောင် ကဗျာလေးထဲက ကိုယ်ချင်းစာနာမှု့ တွေကို မြင်နေရပါတယ်ဗျာ...
    ဒေါင်းမင်း said...
    ကဗျာလေးကခံစားရတယ်..အဲဒီလိုအဖြစ်မျိုးတွေလဲ
    ဘယ်ချိန်မှပြီးဆုံးမလဲမသိပါဘူးဗျာ
    Yaw Han Aung said...
    စွန့်စားရွက်လွှင့်တော့မယ် ထင်ပါရဲ့
    အခုလည်း boat people တွေ ခေတ်စားနေလေရဲ့။
    မင်းဒင် said...
    ထစ်ချုန်းငိုကြွေးလိုက်တဲ့
    မြင့်မိုရ်တောင်ကြားက
    ဓားတစင်းရဲ့တေး...။
    မင်းဒင်
    Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...
    “အသံတိတ် ကဗျာ”
    - ညိုကြီး -
    ဗမာ
    ရိုဟင်ဂျာ
    အာဖရိကား
    နှင့် အခြားသော
    အတိုက်အခိုက်၊ အကျအဆုံး၊ အရှုံးအနိုင်များ ။
    ဒုက္ခတွေကို ခေါင်းပေါ်တင်ရွက်ပြီး
    ကမ္ဘာ့ရွာထဲ ဈေးလှည့်လည်ရောင်းရတယ်
    အသံတွေ နာ
    မျက်လုံးတွေ နာ
    စိတ်တွေ နာ ။
    မျှော်လင့်ချက်
    အစွမ်းအစ
    ဘဝ
    လိုချင်ရမ္မက်တွေနဲ့
    အာသာဆန္ဒအမိုက်အမဲတွေနဲ့
    ထွေးရောယှက်တင်ဖြစ်နေကြ
    ပဋိပက္ခတွေ
    အတ္တဟိတတွေ
    ထွန်းကားမွေးယူနေကြ ။
    ကယ်တော်မူပါ မြတ်စွာဘုရား
    စောင့်ရှောက်တော်မူပါ ဘုရားသခင်
    ဘာသာတရားကို ပြက်ရယ်ပြုပြီး စစ်တွေခင်းကြ
    သေနတ်၊ ငွေ၊ အာရုံတွေနောက်လိုက်ကြ ။
    လူဆိုးနဲ့ သဘာဝဆိုးတွေ ပေါင်းစည်းမိပြီး
    အန္တရာယ်မုန်တိုင်းတွေလည်း ဆင်ကုန်ကြပြီ ။
    အများနဲ့ ကိုယ့်ကောင်းကျိုးလွန်ပွဲမှာ
    ဘယ်မိုးတွေ စွေလာမှာပါလဲ ။
    ကိုယ်ကျိုးသမားတွေ ကိုယ်ကျိုးနည်းပါစေ
    ပရဟိတများသာ ဖွံ့ထွားကြီးပွားစေ ။ ။
    ညိုကြီး
    (၃၊ ဖေဖော်ဝါရီ၊ ၀၀၉)
    http://bigbbrown.blogspot.com/2009/02/silent-poem.html
    --------------------------------------------------
    (“သစ်ခက်သံလွင်”ဘလော့ဂ်မှ ခင်လွန်း၏ “ကမ္ဘာမြေရဲ့သီချင်းမြစ်တစင်း” ကဗျာကိုဖတ်မိပြီး “အသံတိတ်ကဗျာ” ကို ရေးမိသည်။)
    ခင်လွန်း၏ “ကမ္ဘာမြေရဲ့သီချင်းမြစ်တစင်း”
    http://thitkhetthanlwin.blogspot.com/2009/01/blog-post_31.html
Post a Comment