ဒီဝတ္ထုတိုလေးကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကို ရည်ညွှန်း
ပြီးရေးဖြစ်ခဲ့တာပါ။ ပြည်တွင်းမှာ တုန်းကရေးဖြစ်ခဲ့တာကို သတိ
ရသလောက် ပြန်ရေးဖြစ်တာပါ။အဲဒီ့တုန်းက မဆလခေတ်လေ။
လူတွေ ကိုယ်ကျင့်တရား ဖောက်ပြန်တာ တွေမြင်နေရဖန်များ
တော့ ရေးဖြစ်လိုက်တာ။
ဒါပါပဲဗျာ။ ကျေးဇူးတင်ပါတယ်။
(စာရေးသူ)
သစ္စာပြိုသည့် ကမ်းပါးများ
၁။
“ ဘာကွ ”
သူ့အသံက ဟိန်းထ ခုန်ထွက်သွားသည်။ အဖြစ်က ငါးမန်တကောင်၏ တိုက်ခိုက်ခြင်းခံလိုက်ရ သည့် လှေငယ်လေး တစင်းလို ၀ရုန်းသုန်းကား ကယောင်ခြောက်ခြား။
“ဟုတ်တယ်၊ ရှင်`ရူးနေပြီ၊ ရှင်အခုဖြစ်လိုက်တဲ့အမူ အယာကိုက ရူးနေမှန်း သိပ်သေချာသွားပြီ။ ကျမပြောသလို သာ ရှင်လုပ်တော့ကိုဘမောင်၊ အခုပဲ ဒီနေ့ပဲ ချက်ချင်းလုပ်တော့”
ဒေါ်လီ့စကားအဆုံးတွင် သူသည် ရုတ်တရက်လိပ်ပြာ အနုတ်ခံလိုက်ရသည့် လူတယောက်ပမာ ခြေမကိုင်လက်မကိုင် မိဖြစ်သွားပြီး ပုံကျသွားသလို ပစ်ထိုင်ချလိုက်သည်။
တမနက်လုံး ဆောက်တည်ရာမရ ကမူးရှူးထိုးဖြစ်ခဲ့ရ သည့် ပဟေဠိဆန်သောအဖြစ်က ခုတော့ ဒီလိုအဆုံးသတ်သွား ခဲ့ပြီ။ အဖြေက သူရူးနေပြီတဲ့။
“ဒီမှာကိုဘမောင်.. ရှင်ဟာ တော်တော် နဝေတိမ် တောင်နိုင်တဲ့လူပဲ၊ ဘာမှလည်း အဖြစ်မရှိဘူး၊ သတ္တိကလည်း ကြောင်သေး၊ အတွေးကလည်း ခေါင်သေး၊ အဲဒီ့ဟာတွေ ရှင်ခံနေရတာသိလား”
ဒေါ်လီက ရင်ကိုချီ၍ချီ၍ ကိုယ်ကိုဆတ်၍ဆတ်၍ မေး ကိုငေါ့၍ငေါ့၍ ပြောနေသည်။ ဒီအသံက အရင့်အရင် သူကြားနေကျ အသံမျိုးမဟုတ်။ လိုအပ်တာထက် ခက်ထန်လွန်း၊ ပြတ်တောက်လွန်း၊ မာကျောလွန်း၊ရင့်သီးလွန်းနေသည်ဟု သူထင် သည်။ မျက်လုံးအစုံကလည်းဝင်းဝင်းတောက်လျက်။ သူ့အပေါ် အလိုမကျသည့်ဒေါသမီးတောက်များက မျက်လုံးထဲတွင် အလျှံထနေခြင်းဖြစ်မည်ဟု သူ မြင်နေသည်။ ဒီမိန်းမသည် တစုံတရာကို ပွင့်ပွင့်လင်းလင်းတိုင်ပင်၍ မရနိုင်ပြီကော။
“ဒါနဲ့နေပါအုံး ကျမမျက်နှာမှာရော ရှင်ပြောတဲ့ ကြက်ခြေခတ်ကြီး မြင်နေရလားအချစ်ရယ်၊ ဒေါ်လီ ဟာ ရှင့်အတွက် အလှဘုရားမလေးဆို”
ထိုမိန်းမသည် ခါးကိုကိုင်းညွှတ်လိုက်ရင်း မျက်နှာချင်း အနီးဆုံးဖြစ်သွားရန် သူ့ပခုံးကိုဖက်၍ ဆွဲ လိုက်၏။ လည်လိမ်ထားသလို ငုံ့ကျိုးနေသည့်သူ့ဇက်ကြီးကိုလည်း မေးဖျားမှကိုင်ကာ မ,တင် လိုက်သည်။
“မောင် ... ကျမ မလှတော့ဘူးလားဟင်၊ အို အချစ် ရယ်…မျက်လုံးလေးဖွင့်ကြည့်ပါအုံးကွယ်”
စိမ်းရွှေသောနှုတ်ခမ်းနီနံ့သည် သူ့နှာသီးဝတွင်ညှီစို့ နေလေသည်။ ကိုယ်ပေါ်ကလွင့်ထနေသည့် ရနံ့ များကလည်း သူ့ အတွက်တော့ မြွေတကောင်၏ညှီဟောက် ဟောက်အနံ့မျိုး။
“ ဖယ်စမ်းဒေါ်လီ၊ မင်းကိုယ်ကအညှီနံ့တွေ ကိုယ်မခံ နိုင်တော့ဘူး ”
သူက မျက်နှာချင်းထိလုထိခင်ဖြစ်နေသည့် ထိုမိန်းမ၏ ခန္ဓာကိုယ်ကို တွန်းထုတ်လိုက်သည်။ ဒေါ်လီ ဆိုသောမိန်းမသည် မျှော်လင့်မထားသော သူ့အပြုအမူကြောင့် ပါးစပ်အ၀ိုင်းသား မျက်လုံးအပြူး သားဖြစ်သွားပြီး တကိုယ်လုံး နတ်ကျသလို တဆတ်ဆတ်တုန်သွားကာ ...
“အို .. မဖြစ်ဘူးမဖြစ်ဘူး။ ရှင် အခုပဲဆေးခန်းတခုကို သွားတော့၊ ကျမတက္ကစီခေါ်လိုက်မယ်။ ကျမထင်တာထက် ရှင် က ပိုဆိုးနေပြီ ကိုဘမောင်”
ဒေါ်လီသည် ပျာပျာသလဲဖြစ်နေပြီး ပြောပြောဆိုဆို လက်ကိုင်ဖုန်းကိုထုတ်ကာ တနေရာသို့ လှမ်း ခေါ်နေသည်။
“ ဟုတ်တယ်... အဲဒီ့တိုက်ခန်းပဲ။ ကျမတော့ ရှိနေမှာမဟုတ်ဘူး။ သူ့ကိုခေါ်ပြီး ကန်ရိပ်သာလမ်းက ဒေါက်တာလင်း ဆီ သွားပို့လိုက်နော်ဟုတ်လား။ ကျမမှာ ကိစ္စရှိနေလို့။ ... ကဲ ကိုဘမောင်၊ တက္ကစီလာခေါ်လိမ့်မယ်။ ရှင် သူနဲ့လိုက်သွား၊ ရှင် တောင်တွေးမြောက်တွေး တွေးမနေနဲ့။ အဲဒါ ကျမ ယုံရတဲ့ လူ။ လောလောဆယ် ကျမမှာကိစ္စရှိနေလို့ ထွက်ရအုံးမယ်။ မနက်ဖြန်မှပဲ လာ နိုင်တော့မယ် ”
သူက ဇယ်ဆက်သလို အလုပ်ရှုပ်သွားသည့် ထိုမိန်းမကို ဘာမှပြန်မပြောတော့ဘဲ ကြောင်စီစီကြီး ထိုင်လျက်သာ။ ဒေါ်လီသည် လက်ကိုင်အိတ်ထဲက ငွေတထပ်ကိုထုတ်ယူပြီး စားပွဲပေါ်ပစ်တင် လိုက်၏။
“ ကဲ ...ဒီမှာ ရှင်သုံးဖို့ငွေ၊ လိုမယ်ထင်တာတွေ အကုန် လုံးလုပ်လာခဲ့နော်၊ ကျမသွားမယ် ”
သူသည် စားပွဲပေါ်ကငွေကိုရော ထိုမိန်းမ၏နောက် ကျောပြင်ကို ပါကြည့်မနေဖြစ်တော့ဘဲ ငေါင် ငူငူကြီးထိုင်နေမြဲ။
++++++++++++++++++
ထိုညက ဒေါ်လီနှင့်သူသည် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်လည်တူးဖော်ပြောဆိုကြရင်း တညလုံး နီးပါး တော်တော်နှင့်အိပ်မပျော်နိုင်ခဲ့ကြ။ ဒေါ်လီက“အချစ်ဟာမျက်ကန်းနဲ့ တူတယ်ဆိုတာ တကယ် ပဲမောင်၊ ကျမ မောင့်ကိုချစ်တာ မျက်ကန်းတစ္ဆေမကြောက်အဖြစ်မျိုးလို့ မောင်မထင်ဘူးလား” ဟုမေး တော့ သက်ပြင်းရှည်ရှည်တခုကိုသာချမိခဲ့ရင်း ဖြေစရာစကား မရှိခဲ့ပေ။
“ မောင် ကျမကိုချစ်တာ စိတ်ပျက်နေပြီလားဟင် ”
ဒီစကားကိုလည်း သူပြန်မဖြေဖြစ်။ ထိုအခါ နဖူးပေါ်တင်ထားသည့်လက်ကို ဒေါ်လီက အတင်းဆွဲ ဖြုတ်လိုက်ပြီး ...
“ ပြောလေမောင်၊ မောင် ကျမကိုချစ်တာ စိတ်ညစ်နေ ရပြီလားဟင်၊ ဒီတခါတော့ ဖြေပါအချစ်ရယ်၊ ဒေါ်လီ့ကိုသနား ရင် မောင်ဖြေပါတော့နော် ”
အိပ်ရာတွေက တွန့်လိပ်ကြေမွနေပြီ။ နဖူးပေါ်လက်တင် လက်ပေါ်နဖူးတင် မှောက်လိုက်လှန် လိုက်ဖြစ်နေသည့် သူ့ကို ဒေါ်လီက တင်းတင်းကျပ်ကျပ်ဖက်ကာ မေးခွန်းထုတ်လာလေသည်။ မျက်ဝန်းများတွင်လည်း သူမကြည့်ရက် မကြည့်ရဲ သောမျက်ရည်များက အိုင်လျက်ထွန်းလျက်။ နှစ်ကိုယ်ကြား၌ စကားသံတို့ အတန်ကြာခြောက်ကပ်တိုးတိတ်သွားပြီး ငိုရှိုက်သံ သဲ့သဲ့ကသာ ညယံတွင်ထိုးထွက်နေလေသည်။
သူတွေးနေသည်။ ထိုအတွေးကိုတွေးဖို့ရာ ၀န်လေးနေ သော်လည်း အခါမလပ်ဖိစီးနေသည့် စိတ်က ထိုအတွေး၌သာ တ၀ဲဝဲလည်နေသည်မှာလည်းကြာတောင့်ကြာပြီ။ စင်စစ် ဒေါ်လီ့အပေါ်ချစ်သည့် သူ့အချစ်ကလည်း “ မျက်ကန်းတစ္ဆေ မကြောက် ” အဖြစ်မျိုး။ သူကိုယ်တိုင်က အချစ်မှာ မျက်စိမရှိ သည့်အဖြစ်။ အမှောင်ကို တိုးဝင်နေသည့်အဖြစ်မှန်း ဘာသာ သိသည်။
ဟိုးငယ်စဉ်တောင်ကျေးကလေးဘ၀ အချစ်ဆိုသည့် ဝေါဟာရကိုမသိခင်ကပင် ညီမလေးတ ယောက်လိုတွယ်ဖွဲ့လာခဲ့ ရသည့်ချစ်သူကို သူသည် တလောကလုံးရှိ အမုန်းဝါကျများဖြင့် လဲဖယ် ခဲ့သူမဟုတ်လား။
“ ဘ၀အဘိဓမ္မာပျက်သွားတဲ့ယောက်ျားတယေက်ရယ်၊ နှလုံးသား သည်းခြေပျက်နေတဲ့မိန်းမတ ယောက်ရယ် ဆားငန်ရေအတူသောက်ပြီး သောက်လေသောက်လေ ငတ်မပြေဖြစ် နေကြတာ မျိုးတော့ မဖြစ်စေချင်ဘူးကိုယ့်လူ ” ဟု သူငယ်ချင်း ကဗျာဆရာတဦးက ပယ်ပယ်နယ်နယ်ပြော ဖူးတာကို သူ့စိတ်ထဲ ၌ ဒဏ်ရာတခုလို စွဲနေသည်။
“ အို.. မသိဘူးကွာ၊ မသိတော့ဘူး သွား...သွား... ဒါတွေ မသိချင်ဘူး။ သိပ်ချစ်တယ် ညီမလေး ရယ်။ ဒေါ်လီ့ကို ချစ်တဲ့အချစ်ဟာ ကိုယ့်ရဲ့မိုက်မဲမှုဆိုရင်လည်း လောကကြီး အပြင်ဘက်ကို ကိုယ်လျှောက်တော့မယ် ”
သူသည် သူ့အတွေးနှင့်သူ ဗလောင်ဆူလာရင်း ၀မ်းနည်းပက်လက် ငိုကြွေးနေသည့်ချစ်သူကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားလိုက်သည်။
ပြာလဲ့လဲ့ မီးရောင်မှိန်မှိန်အောက်တွင် ငိုရှိုက်သံများ၊ ဖိုလှိုက်သံများ၊ သက်ပြင်းရှည်ရှည်များ။
+++++++++++++++++++++
တခါတခါတော့ လောကကြီးသည် ကာရန်အချိတ် အဆက်လွတ်နေသည့်ကဗျာတပုဒ်လို အကျည်း တန်အရုပ်ဆိုးမှုများ ဖြစ်တတ်လေသည်လား၊ သို့မဟုတ် နေ့တနေ့၏အဖြစ်က သူ့ဘ၀ကွက်ကွက် လေးတွင်သာ လေကြီးမုန်တိုင်း ကျခဲ့တာမျိုးလား သူ မသိချင်တော့။
ထိုနေ့က ညီမလေးသည် တသိမ့်သိမ့်ရှိုက်နေရာမှ တသည်းသည်း ပိုထန်လာလေသည်။ ကလေး အရွယ်ထဲက ရစ်ပတ်ချည်နှောင်လာခဲ့သည့် သံယောဇဉ်မလေးသည် အခုတော့ အငိုသည်မလေး ဖြစ်နေရှာပြီ။ ထာဝရချိုမြပြုံးလွင်နေတတ်သည့် ညီမလေးကို အလွမ်းသည်မလေးအဖြစ် သူဘယ် လိုမှ မကြည့် ရက်။
“ ဒီလူ တော်တော်မိုက်ရိုင်းပါလား။ ဒါ ဓနနဲ့ ဂုဏ်ရှိန်နဲ့ ဖောက်ပြန်တာကွ။ ခွင့်မလွှတ်နိုင်တဲ့အမှားပဲ ”
သူသည် မျက်လုံးထဲ၌ ကိုကျော်ဝေကိုလည်း ပြန်မြင် ယောင်နေရင်း စက်ဆုပ်နေမိသည်။ လွန်ခဲ့ သည့် ဆယ်နှစ်ဝန်းကျင်က စီးပွားရေးအားနည်းရှာသည့် ဒေါ်လီ့မိဘများအပေါ် မိဘ၏ရာထူးဂုဏ် ရှိန်နှင့် ငွေကြေးဥစ္စာကိုအရင်းတည်ကာ နားသွင်းခဲ့ပြီး အချစ်ဆိုသည့်အရာကို လေရူးလေးလို စိတ်ကူးယဉ်စ အပျိုဖြန်းမလေးအား ပိုင်ဆိုင်ရယူခဲ့သူ ဖြစ်သည်။ အခုတော့ ဒီလူ ဖောက်ပြန်ပြီ။ ချောင်းကိုပစ်၍ မြစ်ကိုရှာပြီ။
“ မငိုပါနဲ့ညီမလေးရယ်၊ ဒေါ်လီ့အနားမှာ ကိုယ်ရှိနေတာပဲ၊ တိတ်တော့နော်။ ပြီးတော့ သူလည်း အချိန်တန်တော့ အိမ်ပြန်လာမှာပါ။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်ပါ ကွာ ”
ထိုစကားအဆုံးတွင် မျက်ရည်မလေးသည် သူ့ကို မော် ကြည့်လာသည်။ အေးစက်နေသည့် လက်ဖ၀ါးဖြင့် သူ့လက်ကို ဆုပ်နယ်လျက်။ “ကို ကျမနားမှာ အမြဲရှိနေနော်” ဆိုသည့် တိုးဖွဲ့ဖွဲ့ စကားကိုနှုတ်ခမ်းများ တုန်ယင်လျက် မ၀ံ့မရဲ ပြောသည်။ သူခေါင်းညိတ်ပြတော့ မျက်ရည်မလေး၏ အငိုမျက်နှာပေါ်မှ ကျေနပ်ရိပ်အပြုံးလေးတစ တိုးထွက်လာသည်ကို လှမ်းမြင် လိုက်ရသည်။
ထို့နောက်ပိုင်းမှာတော့ ကိုကျော်ဝေဆိုသည့် အစိုးရ ဌာနတခုမှ ကြီးကြီးပိုင်းအရာရှိကြီးတဦး၏ သားသည် ဒေါ်လီထံ သို့ အချိန်တန်အိမ်ပြန်လာသူ ဖြစ်မလာခဲ့သော်လည်း ဒေါ်လီကတော့ သူ့ဝန်းကျင်လေးထဲသို့ အချိန်မှန်သာမက အချိန်မဲ့များမှာ ပါ ရောက်ရောက်လာတတ်ခဲ့လေသည်။
လောက၌အခါမဲ့မိုးများလည်းရွာသွန်းလေ့ရှိတတ်သလို ရာသီလွန်သစ်သီးများလည်း သီးတတ်ကြ ကုန်လေသည်။
+++++++++++++++++++++
“ ဆိုတော့ အဲဒီ့အမျိုးသမီးနဲ့ခင်ဗျားက .. ”
အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားသည့်အတွက် ဒေါက်တာလင်းက သူ့ကို စကား ထောက်လိုက်သည်။ သို့တိုင် သူ့ထံမှစကားသံ တော်တော်နှင့်ထွက်မလာ။ ဝေရီဖျော့ တော့နေသည့် မျက်လုံးအစုံကလည်း အေးစက်စက်။
“ ပြောပါကိုဘမောင်။ ခင်ဗျားစိတ်ထဲ ရင်ထဲမှာ ရှိနေတာတွေကို လွတ်လွတ်လပ်လပ်သာပြောပါ၊ ကျနော်ခင်ဗျားကို နားလည်နိုင်ပါတယ်။ ဒါမှလည်း ခင်ဗျားကိုကျနော် အကူအညီတွေ ပေးနိုင်မှာပါ ”
ဒေါက်တာလင်းက စိတ်ရှည်လက်ရှည်ဖျောင်းဖျတော့ သူ သတိ ပြန်ဝင်လာပုံရသည်။ မျက်တောင် များ၊ မျက်လုံးများ ရွှေ့လျားလှုပ်ခတ်လာသည်။
“ အင်း.. ဒီလိုနဲ့သူနဲ့ကျနော် တနေရာမှာ စိတ်တူကိုယ် တူနေခဲ့ကြတယ်ပေါ့။ ... ဒါပေမဲ့ ကျနော်မ ပျော်ဘူး”
ဆရာဝန်သည် ကိုဘမောင်စကားအပေါ် ပိုမိုဂရုပြုလေဟန်နှင့် မျက်မှောင်ကိုကြုတ်ထားလိုက် သည်။
သဒ္ဓါလွန်တော့ တဏှာကျွန်ဟု ဆိုရမည်လား၊ မစွန်း ရင်းကရှိတော့ ကန်စွန်းခင်းကပဲ ငြိခဲ့သည်ဟု ဆိုရမည်လား သူ မသိတော့။
“ ကိုယ့်လူတို့တော့ မှားနေပြီဗျ။ ရှေ့ဆက်မတိုးသင့်ဘူး။ အချိန်မီ နောက်ပြန်ဆုတ်ကြစေချင်တယ် ဗျာ ”
သူငယ်ချင်းကဗျာဆရာကဆိုတော့ သူ တဆစ်ဆစ် နာကျင်ခဲ့ရလေသည်။ ဆုပ်လည်းစူး စားလည်း ရူးပါပေါ့ ညီမလေးရယ်။ နောက်ပြန်ဆုတ်ပါက သူ့နုလုံးသားအစုံသည် စူးစူးနင့်နင့်။ ရှေ့ဆက်တိုးပါ ကလည်း သူ့ဘ၀က နေမြင့်လေ အရူးရင့် လေသည့် အဖြစ်။
“ ကိုယ်ဆိုလိုတာက လူ့အဖွဲ့အစည်းကြီးရဲ့ ကမောက်ကမ ဖောက်ပြန်မှုတွေကို စာပေနဲ့မီးမောင်းထိုး ကုစားပေးချင် တယ်ဆိုတဲ့ ခင်ဗျားရဲ့စာပေတွေပါ ထိခိုက်လာမှာစိုးလို့ပါ ”
ကဗျာဆရာ၏စေတနာက သူ့စိတ် သူ့နုလုံးသားကို ထိုး နှက်နေရုံမက သူ့ဘ၀အဓိပ္ပာယ်ကိုပါ တတိတိလှီးဖြတ်နေသည့် ပမာ။ သူ့စိတ်သည် ဗလာကျင်းကာ ဟင်းလင်းပြင်ကြီးတွင် မျောလွင့် နေသည့်ပမာ မောဟိုက်တုန်ရင်နေခဲ့သည်။
“ ကျနော်သူနဲ့ဆွေးနွေးတယ်ဒေါက်တာ၊ သူ့ယောက်ျားနဲ့ တရားဝင်ပြတ်ပြတ်စဲစဲလုပ်ပြီး ကျနော်တို့ လက်တွဲကြဖို့ တိတိ လင်းလင်းနေကြဖို့ ”
ဒေါ်လီက ဒီအဆိုကို လက်မခံသည်တော့ မဟုတ်ပါ။ ဒါပေမင့် အချိန်က စောသေးသည်။ ကာလ တခု လိုနေသေးသည်။ မချစ်နှစ်သက်သောသူ၏ရင်ခွင်တွင် ဆယ်နှစ်လောက် အသက်အောင့် ကာနေခဲ့ရသော မိန်းမတယောက်၏ ဘ၀လျော်ကြေးကို တန်တန်ဆဆ လိုချင်သည်။ ကိုကျော်ဝေ့ တွင် မိဘအမွေအနှစ် သိန်းပေါင်းများစွာရဖို့ရှိသည်။ မကြာခင်လွှဲပေးမည်ကို ဒေါ်လီ သိသည်။ သားကဖောက်ပြန်သဖြင့် ဒေါ်လီ့အပေါ် ကရုဏာသက်ကြသည့် ကိုကျော်ဝေ့မိဘများက အမွေ တချို့ကို ဒေါ်လီ့နာမည်နှင့်လွှဲပေးရန် အစီအစဉ်တွေရှိသည်။ ဒါက မြေ ကြီးလက်ခတ်လိုက်တာကမှ လွဲနိုင်သေးသည့်သေချာမှု။
“ ကျမတွက်ကိန်းက မမှန်ဘူးလားမောင်၊ ကျမတို့အတူ နေကြတဲ့အခါ မောင်လည်း ကိုယ်ရေးချင် တဲ့စာတွေ အပူအပင်မရှိ ရေးနိုင်တာပေါ့၊ ဒီလိုပဲနေကြရဦးမယ်လေမောင်၊ ခုလည်း မောင်နဲ့ကျမ တွေ့နေရ ချစ်နေရတာပဲမဟုတ်လားကွယ် ”
စိတ်ကုဆရာဝန်က ကိုဘမောင်အပေါ် နားလည် စာနာစွာ ကြည့်နေလေသည်။ ကိုယ်ကျင့်တရားနှင့် ကိုယ်ကျင့်သိက္ခာ ကိုတန်ဘိုးထားခဲ့လေသော စာရေးဆရာတယောက် အချစ်နွံ့ထဲတွင် တရား လက်လွှတ် ဖြစ်ခဲ့ရလေသည့်အဖြစ်။
“ အဲဒီ့နောက် ကျနော့်ဘ၀မှာ သူကလွဲပြီး ဘာမှမရှိ တော့ဘူးဒေါက်တာ။ ကျနော့်အနားမှာ သူက လွဲရင် ဘယ်သူမှ လည်းမရှိတော့ဘူး၊ လူတွေက ကျနော်တို့အပေါ် နားမလည်ကြ ဘူးဒေါက်တာ။ လောကကြီးဟာ ဒီလောက်တောင်ပဲ အစွန်း အထင်း လွယ်နေသလား ”
ဒေါ်လီက သူ့အတွက် တိုက်ခန်းတခန်းဝယ်သည်။ အဲဒီမှာ သူတို့နှစ်ယောက် အခွင့်အခါသင့်သလို နေကြသည်။ ချစ်သူနှင့် နေရချိန်များတွင်ပျော်စရာကောင်းသလောက် တကိုယ်ထဲ နေခဲ့ရချိန်များ မှာတော့ မောဆို့တင်းကျပ်မှုများက သူ့ကိုဖိစီးနှိပ်စက်ခဲ့၏။ သူယုံကြည်ခဲ့သော၊ သူမြတ်နိုးတန် ဘိုးထားခဲ့ သောစာပေသမားတယောက်၏ဘ၀သည် အခုတော့ ကာလတခုအထိ မှောင်အတိကျ နေသည့် ကန့်လန့်ကာနောက်ကွယ်၌ ချောင်ထိုးထားခဲ့ရပေပြီ။
“ ကျနော်နေတဲ့တိုက်ခန်းလေးကနေ လမ်းမပေါ်က လူတွေကို ကြည့်မိတယ်ဒေါက်တာ၊ လူတွေဟာ လင်အတွက် မယားအတွက် သားအတွက်သမီးအတွက်နဲ့ ငွေနောက်ကို လိုက်နေကြတာလေ။ ကျနော်မြင်နေရတာ တနေ့တနေ့ တော်တော်စိတ်ပျက်မိတယ်။ နောက်တော့ အဲဒီလမ်းမပေါ်က လူ တွေကို ကျနော်ဘယ်လိုမြင်မိလဲဆိုတော့ အရက်သမား တယောက်မူးပြီးအန်ချလိုက်တဲ့ အမူးသမား အန်ဖတ်တွေအတိုင်းပဲ။ အလိုလောဘတွေနဲ့ ရွစိတက်နေကြတာပဲ။ လူတွေဟာ လိုချင်တပ်မက် မှုနောက်ကို တကောက်ကောက် လိုက်နေကြတဲ့ အန်ဖတ်တွေ။ အမူးသမားအန်ဖတ်တွေ။ စိတ်ပျက် ဖို့ ရွံဖို့ သိပ်ကောင်းတယ် ”
သူ့အသံကမြင့်တက်လာရာမှ တိုးတိမ်နစ်ဝင်သွားသည်ကို စိတ်ကုဆရာဝန်က သတိထားမိလေ သည်။ မောဆို့တင်းကျပ်နေပုံရသည့် မျက်နှာပေါ်တွင်လည်း နွမ်းနယ်ရိပ် ညှိုးလျရိပ်တို့ ဖုံးနေသည်။ ခဏနေတော့ ခါးကိုပြန်ဆန့်လိုက်ပြီး သူ ပြောသည်။
“ မနေ့ကတော့၊ အင်း .. မနေ့ကတော့ပေါ့ .. ”
+++++++++++++++++++++++
ပထမဆုံးအဖြစ်က သူ့ဆီ မနက်တိုင်း နို့ပို့လာနေကျ ကုလားမ၏မျက်နှာပေါ်က အမှတ်အသား ကြီးကြောင့်ပင်။
တံခါးခေါက်သံကြောင့် သူက အိပ်ရာမှလူးလဲထကာ ဖွင့်ပေးလိုက်တော့ သူမ၏မျက်နှာပေါ်တွင် တမျက်နှာလုံးကိုဖုံး ကာ ထင်းထင်းကြီးပေါ်နေသည့် ကြက်ခြေခတ် အမှတ်အသားကြီးတခု။ သူ အံ့အားသင့်သွားသည်။ ဒါပေမဲ့ မေးခွန်းတွေတော့ ထုတ်မနေတော့။
ထုံးစံအတိုင်း လမ်းမပေါ်မှာ အပြေးအလွှားဖြစ်နေကြသည့် လူများကားများကိုကြည့်ဖို့ ၀ရံတာ ဘက်ကိုထွက်ခဲ့သည်။ ခပ်ဝေးဝေးက မောင်းလာသည့်ကားတစင်း သူ့မြင်ကွင်းရှေ့ တည့်တည့်အ ရောက်တွင် ထိုးရပ်လိုက်သည်ကို မြင်နေရ၏။ ခဏနေတော့ ထိုကားပေါ်က လူတချို့ ဆင်းလာ သည်။
“ မြတ်စွာဘုရား .. ဘာတွေဖြစ်ကုန်ကြပါလိမ့် ”
သူ ထိတ်လန့်သွားသည်။ သူ့မြင်ကွင်းထဲကိုရောက်လာသည့် ကားပေါ်မှဆင်းလာသူများ၏ မျက်နှာ များပေါ်တွင်လည်း ကြက်ခြေခတ်ကြီးများ၊ ပလာစတာဖြူဖြူကြီးတွေနှင့် တမင်ခတ်ထားကြသည့် အလား ထင်းထင်းကြီးပေါ်လွင်လျက်။
သူ အလန့်တကြားဖြစ်သွားပြီး ရေချိုးခန်းထဲပြေးဝင်ကာ မျက်နှာနှင့်မျက်လုံးတွေကို အသေအချာ ပွတ်သပ်ဆေးကြောသန့်စင်လိုက်သည်။ ပြီးနောက် ကိုယ်တပိုင်းပေါ်မှန်တွင် သူ့ကိုယ်သူ အလျင်စ လိုပြန်ကြည့်လိုက်၏။ ဘယ်မှာလဲ ကြက် ခြေခတ်ကြီးတွေ။
ဟူးခနဲ သက်ပြင်းပူတချက်မှုတ်ထုတ်လိုက်မိပြီး အင်း.. ငါ့အဖြစ်က တော်တော်အူကြောင်ကြောင် ပဲဟု တကိုယ်ကြား ပြောကာ ၀ရံတာအပြင်ကို ပြန်ထွက်လာသည်။
ပြီးနောက် သူသည် သုံးထပ်အမြင့်ပေါ်ကနေ လမ်းများ လူများ ကားများကို ပြန်ကြည့်လိုက်ပြန် ပါသည်။
“ မြတ်စွာဘုရား မြတ်စွာဘုရား၊ ဒေါ်လီရေ .. မင်းအမြန်လာပါ၊ ငါ သေရပါတော့မယ် ”
ဒေါက်တာလင်းက ကိုဘမောင်၏ဖြစ်စဉ်တွေကိုအသေ အချာဂရုတစိုက်နားထောင်နေသလို စာအုပ် တအုပ်ဖြင့်လည်း မှတ်တမ်းများလိုက်နေသည်။ ဖြစ်ကြောင်းကုန်စင် ရှင်းပြရင်း အတော်မောပန်း သွားဟန်ရှိသည့် ကိုဘမောင်အား စိတ်သက်သာသလိုနေရန်ပြောပြီး သူကိုယ်တိုင် ရေအေးအေး တခွက်ခပ်ပေးတော့ သူ အငမ်းမရ မော့ချလိုက်၏။
“ ခင်ဗျား အမျိုးသမီးရောက်လာတော့ရောဗျာ။ သူ့ မျက်နှာမှာ အဲဒီ့ကြက်ခြေခတ်ကြီး မြင်ရသေး လား ”
သူက ခေါင်းကိုခါယမ်း၏။ “ ကျနော့်မျက်နှာမှာရော ကြက်ခြေခတ်ကြီး မြင်နေရလားဗျာ” ဆိုသည့် ဒေါက်တာ၏ မေးခွန်းကိုလည်း ကိုဘမောင်က ခေါင်းခါပြ၏။ “ အခု ဒီကိုလာတော့ လမ်းတလျှောက် လုံး ကြက်ခြေခတ်နဲ့ လူတွေချည်း ခင်ဗျား မြင်ခဲ့တာပေါ့နော် ” ဆိုတော့ ခေါင်းညိတ်ကာ ..
“ နောက်ဆုံး ကျနော်မခံနိုင်တော့လို့ လမ်းတလျှောက် လုံး မျက်စေ့စုံမှိတ်ပြီး ဒီကိုလာခဲ့ရတယ် ဒေါက်တာ ” ဟု ပြော သည်။
“ ကဲကျနော့်ကိုရှင်းပြလို့ကျေးဇူးတင်တယ် ကိုဘမောင် ရေ၊ ခင်ဗျားကို ကျနော် ကူညီနိုင်ပါပြီဗျာ ”
သူက ဒေါက်တာလင်း၏မျက်နှာပေါ်မှာ ကြက်ခြေခတ် ကြီးတခု ဘာကြောင့်ရှိမနေလဲဆိုတာ အ တွေးခေါင်လျက်။
++++++++++++++++++++++++
ထိုညက သူ ကောင်းကောင်းအိပ်ပျော်သွားခဲ့ပြီး အိပ် ရာနိုးလာတော့ လန်းဆန်းကြည်လင်နေသည်။ ထုံးစံအတိုင်း ၀ရံတာဘက်သို့ထွက်ပြီး လမ်းပေါ်ကမြင်ကွင်းတွေကို မ၀ံ့မရဲနှင့် အကြည့်နှင်မိသည်။ တယောက်။ နှစ်ယောက်။ သုံးယောက်။ သူနှင့်အနီးဆုံးရှိနေသည့် တိုက်ခန်းချင်းမျက်နှာချင်းဆိုင်မှ သူ့ လိုပင် လမ်းမပေါ် အကြည့်နှင်နေသူတယောက်။
“ အား .. အိုကေ၊ အားလုံးကောင်းသွားပြီ။ အားလုံး ကောင်းသွားပြီ။ ဒေါ်လီရေ.. မောင် နေကောင်းသွားပြီကွ ”
သူသည် အသံထွက်အောင်အော်ဟစ်လိုက်ပြီး ၀မ်းသာ အယ်လဲဖြင့် ရေချိုးခန်းထဲ ပြေးဝင်သည်။ မျက်နှာသစ်ပြီး အောက်ထပ်ဆင်းကာ လက်ဖက်ရည်ဆိုင်ကနေ ဒေါ်လီ့ကို စောစောလာဖို့ ဖုန်း ဆက်ခေါ်မည်။ ဒေါ်လီလည်း ၀မ်းသာရှာမည်။
ရေချိုးခန်းထဲကိုရောက်တော့ မျက်နှာကိုကမန်းကတမ်း သစ်လိုက်ပြီး ကိုယ်တပိုင်းပေါ်မှန်ရှေ့ သူ ရပ်လိုက်၏။
“ အား .. မြတ်စွာဘုရား ”
ပလာစတာဖြူဖြူကြီးတခုနှင့် ကပ်ထားသည့်ပမာဖြစ်နေသည့် ကြက်ခြေခတ်ကြီးက သူ့မျက်နှာ ပေါ်မှာ အထင်းသား။
ထိုစဉ်မှာပင် နို့ပို့နေကျကုလားမက တိုက်တိုက်ဆိုင် ဆိုင်တံခါးလာခေါက်သဖြင့် သူ အပြေးအလွှား သွားဖွင့်ပေးလိုက်၏။ ရှင်းလင်းကြည်လင်နေသည့် ကုလားမ၏မျက်နှာတွင် အပြုံးတပွင့်ပင် ပန်ထား ပါသေး။
သူရေချိုးခန်းထဲသို့အပြေးပြန်ဝင်ကာ မှန်ရှေ့တွင်ရပ်ရပြန်သည်။ သူ့မျက်နှာပေါ်မှာတော့ ကြက်ခြေ ခတ်ကြီးတခုက အထင်းသား။
“ သွားပြီဒေါ်လီရေ၊ မင်း မြန်မြန်ပြေးလာပါဦး ညီမလေးရယ် ”
ဆောက်တည်ရာမရစိတ်နှင့် ဒေါ်လီ့အလာကိုစောင့်ရသည်မှာ သူ့အတွက် ပင်ပန်းလွန်းလှ၏။ ဒေါ်လီ ရယ် မင်းလာပါ တော့။ နို့မဟုတ်ရင် ငါသေတော့မယ်။ ငါသေရပါလိမ့်မယ် ညီ မလေးရယ်။
သူသည် အခန်းထဲသို့ပြေးဝင်လိုက်ပြီး အိပ်ရာပေါ်တွင် အလျားလိုက်မှောက်ကာ မျက်နှာကို ခေါင်းအုံးနှင့် အပ်ထားလိုက်သည်။ သူ့အမြင်အာရုံတွင် လူတွေအားလုံး ပုံမှန်ပကတိ အတိုင်းဖြစ် သွားကာမှ ဆိုးဝါးလှသည့် ဒီကြက်ခြေခတ်ကြီးက သူ့မျက်နှာပေါ်ရောက်လာရလေခြင်းဟု တွေး ကာ အခံရခက်နေလေသည်။ ဒေါ်လီရေ..လာပါတော့ကွယ်ဟုလည်း အရူးဘနှမ်း အော်ဟစ်နေမိ တော့၏။
တနာရီလောက် အကြာမှာတော့ လှေခါးထစ်များကို နင်းလျှောက်လာသည့် ခြေသံတသံ။ သူ အလွတ်ရနေသည့် ဒေါ်လီ့ခြေသံ။ သူ ကမန်းကတမ်းခေါင်းထောင် ထလိုက်ပြီး မောကြီးသောကြီး ဖြင့် တံခါးကို ဆွဲဖွင့်လိုက်သည်။
တံခါးဝမှာတော့ သူ မျှော်လင့်အားကိုး စောင့်စားနေ သည့်ဒေါ်လီက မျက်နှာပေါ်တွင် ကြက် ခြေခတ်ကြီးအတိုင်းသား နှင့် တစ္ဆေတကောင်လို မားမားကြီးရပ်လျက်။
ခင်လွန်း
Wednesday, January 7, 2009
Labels: ၀တ္ထုတို
6 Comments:
Subscribe to:
Post Comments (Atom)
အချိန်တော့ တော်တော်ယူရအုံးမယ်ထင်ပါတယ်။
မင်းဒင်
မင်္ဂလာပါ
မေဇင် လို့ခေါ်ပါတယ်
ပြောစရာ ထောက်ပြရမှာတွေရှိရင်လဲ အားမနာပါးမနာသာပြောကြပါ။
ဒါ အရိုးခံသဘောနဲ့ပြောတာပါဗျာ။
ချစ်ခင်မှုဖြင့်
ခင်လွန်း
ဒီလိုဝတ္ထုကောင်းလေးတွေရေးပါဦးရှင့်။