Sunday, December 21, 2008

ဒီနေ့ဟာ ဘုရားနဲ့တဂိုဏ်းထဲထား ကြည်ညိုလေးမြတ်ကိုးကွယ်ရတဲ့ ကျေးဇူးရှင်မိခင်ကြီးဝမ်းကြာသိုက်ကနေ ကျနော့် ကိုမွေးဖွားခဲ့ရာ ၅၁- နှစ်မြောက်မွေးနေ့ပေါ့။
မွေးနေ့တခုကို ဖြတ်သန်းရလေတိုင်း အမှတ်ထင်ထင် ရှိခဲ့လောက် အောင်ဘ၀ကဆန်းပြားလှတယ် မရှိတာကို ကျနော်ပြောပြချင်တာပါ။
သူလိုငါလိုသာကြီးပြင်းခဲ့ရတဲ့ကျနော့်ဇာတ်ခုံမှာ ကျနော်ဟာ လူကြိုက် များလှတဲ့ဇာတ်ရုပ်အဖြစ် ကံကြမ္မာက ဖေးမ,ဖူးခဲ့တာ ရှိမရှိ၊ ဒါကို တောင်ခိုင်ခိုင်မာမာမပြောတတ်တော့ပါဘူး။ဒါဟာ ကျနော့်ရဲ့သိမ်ဖျင်း လွဲချော်မှုများအတွက် ဆင်ခြေဆင်လက်ဖြစ်နေမယ် ဆိုရင်လည်း ကျနော်ကိုယ်တိုင်ကိုယ်ကျ မတိကျခဲ့မှုကိုတော့ ၀န်ခံရပါမယ်။ကျနော် ဖြင့် ဒီလိုသာ ကိုယ့်ကိုယ်ကိုယ် ဖမ်းဆုပ်မိတော့တာပါပဲ။
သေချာတာက ပြီးခဲ့တဲ့နှစ် ကျနော့်ရွှေရတုနေ့များကစပြီး ကျနော့်မှာရှိတဲ့ အရင်းအတိုင်းသာ ဤ မဟာပထ၀ီ သည်ကမ္ဘာမြေကြီးကို အပ်နှံထားချင်တော့တာပါ။
အကြိမ်ကြိမ် အားတက်ပျော်ရွှင်၊ အကြိမ်ကြိမ် အားပျက်ယိုင်လဲ အကြိမ်ကြိမ် စကားမေးပြန်မရခဲ့တဲ့ ရလဒ်များနဲ့ ကျနော် မွေးနေ့တခုကို ဖြတ်သန်းခဲ့ပြန်ပါပြီ။
ဘာပဲပြောပြော ကိုယ့်ဇာတ်ထုပ်နဲ့ကိုယ်တော့ ကျနော်လဲဇာတ်လိုက်မင်းသားပေါ့ဗျာ။ဒီလိုနဲ့ ဒီကဗျာ ကို ကျနော်ရေး ဖြစ်ပါတယ်။
ကျန်တာတော့ မိတ်ဆွေတို့အလိုအရသာဖြစ်ပါစေ့မယ်။
အားလုံးကို ချစ်ကြည်လေးစားလျက်
ချမ်းမြေ့ရွှင်လန်းကြပါစေ
(စာရေးသူ)


ဇာတ်လိုက်မင်းသား
(မွေးနေ့တခုကိုဖြတ်သန်းခြင်း)


စစ်ပွဲဟာ
၅၁-နှစ် ရှည်ခဲ့ပြီ။

သူတပြန် ကိုယ်တပြန်
ကံကြမ္မာ လက်ရည်စမ်းပွဲများ၊

ရွှေတွဲလွဲ ငွေတွဲလွဲ
ခဲခဲ့လေသမျှ
အညိုအမည်းစွဲပေါ့
ချစ်လှစွာသော
လောကဓံမွေးဖက်ကြီးရဲ့
ကျီစားသန်ပုံ ပျော်မောဖွယ်ပင်။

ဘယ်သူသိနိုင်မလဲ
စကားမေးပြန်မရတဲ့ အချစ်များ
နောက်ထပ်စစ်ပွဲတွေ ဘယ်လောက်များများ၊

ကိုယ့်ဇာတ်ထုပ်နဲ့ကိုယ် ဇာတ်ရုပ်ကျရာ။

အို . . အနာဂတ္တံ
သင်ခင်းပေးမယ့် လမ်းအတိုင်းသာ....။

(ခင်လွန်း)

2 Comments:

  1. Nyein Chan Aung said...
    ကဗျာလာဖတ်သွားပါတယ်။ (၅၁) နှစ်မြောက်မွေးနေ့မှသည် နောင်မွေးနေ့များစွာမှာ စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာခရီးရောက်နိုင်ပါစေဗျာ။ ကျနော် အီးမေးလ် ပြန်မရေးဖြစ်တာခွင့်လွှတ်ပါ။ ခရီးထွက်နေတာ အိမ်ပြန်မရောက်သေးဘူး။ အီးမေးလ်ကသုံးရတာသိပ်အဆင်မပြေဘူးဖြစ်နေလို့ပါ။ မေးထားတဲ့ဟာတွေ ဆရာအဆင်ပြေတဲ့အခါ မှသာ တွက်ပေးပါတော့။ အမြန်ဆုံးလိုရာခရီးရောက်ကြပါစေ။ မကြာခင်အီးမေးလ်ပြန်ပါ့မယ်။ ဒီမှာ ကြုံလို့ဝင်ရေးသွားတာ။

    ကိုထွတ်
    အိုးဝေအောင် said...
    နှစ်၂၀ပြည့် ဒေါင်းအိုးဝေထဲက မောင်ကြီးပြည်စိုး၇ဲ့ခံစားမှုစာဖတ်ပြီး အခုထိ၇င်ထဲ ငြိနေတုန်းပါဗျာ။ ကူညီသူ အကိုကစစ်တပ်ကတပ်ကြပ်ကြီးလို့သိလိုက်၇ချိန် ဖတ်နေ၇င်း ၇သခံစားမှု ၇င်ထဲ ပြည့်လျံခဲ့ပါတယ် ကိုခင်လွန်း။
    (၅၁) နှစ်မြောက်မွေးနေ့မှသည် နောင်မွေးနေ့များစွာမှာ စိတ်သွားတိုင်းကိုယ်ပါပြီး လိုရာခရီးရောက်နိုင်ပါစေဗျာ။

Post a Comment