Monday, December 15, 2008

ယာယီနှင်းများ

စာဖတ်သူသို့....

ယာယီဆိုပြီးရောက်နေတဲ့ ဒုက္ခသည်စခန်းလေးထဲမှာ ကျနော် ဆောင်းရတုသုံးလီ ဖြတ်ခဲ့ရပါပြီ။ တောင်ခိုး တောင်ခြေတခွင်လုံး နှင်းတွေဖုံးလိုက်လာပြီဆိုမှဖြင့် အအေးဓာတ်ကလဲ ရိုးခိုက်အောင်ကျီစယ်တော့တာ ပါပဲဗျာ။ အထူးသဖြင့် ဒီလိုဒီဇင်ဘာပေါ့နော်။

ဒီအခါ ထင်းမီးဖိုလေးတွေကိုယ်စီဖိုကြ၊ ရှေးဟောင်းနှောင်းဖြစ်တွေ တောရောက်တောင်ရောက် ပြောကြနဲ့ ဆောင်းရဲ့ရင်ခွင်ကိုဖြတ်သန်းကြပုံကို ဒီကဗျာလေးနဲ့ ပြောပြတာပါ။

မူလက ကဗျာရှည်ပါ၊ ဒါကိုခေတ်ပြိုင်ဝက်ဆိုက်စာမျက်နှာပေါ်တင်တဲ့အခါ နည်းနည်းပါးပါး တို့ထိပြင်ဆင်ခဲ့ပါ

တယ်။ဒါကို မိတ်ဆွေတို့ဖတ်ဖို့ တင်ဆက်လိုက်တယ်။(စာရေးသူ)




ယာယီနှင်းများ

နှင်းတွေ။

လာရာကိုကျောခိုင်းလို့
တံတိုင်းခြားခံလိုက်ရတဲ့ တောင်တန်းတွေအောက်
ညှို့ကွင်းမိသားကောင်တွေ
ထောင်ချောက်မိနေတာ မဟုတ်ဘူး

ဒါ ...
စစ်ပန်းသွားတဲ့ အခေါဘဏီတပ်ကြီး
နားနေတာလည်း မဟုတ်ဘူး


အိပ်မက်ကိုယ်စီပျိုးလို့
အရိုးကိုဆံထိုးလုပ်လိုသူတွေနဲ့
ကမ်းလွန်ရွှေမုဆိုးတို့ရဲ့
စခန်းထောက်ရာလို့ဆိုဆို
ကိုလံဘတ်အလိုအရပြောရရင်
သူတို့အာငွေ့နဲ့ ရွက်လွှင့်ထွက်ခွာရာဆိပ်ကမ်း။

သေချာတာက
အမေတခြား သားတခြား
အိပ်ရာတခြား အိမ်တခြား
ချစ်သူတခြား ပါးတခြား
အဓိပ္ပာယ်ထွေထွေပြားပြားမှာ
နတ်နေကိုင်းသားတွေအများသားရှိရာကလာတဲ့
တတိယကမ္ဘာသားတွေပါ။

ဒီလိုဆောင်းဆိုရင်
ဒုက္ခကိုရှေ့တင်ကစားကြရတဲ့ပွဲမှာ
အသားငတ်တာကလွဲလို့
စကားငတ်တာကလွဲလို့
အသားပတ်တဲ့ဆောင်းဟာ
ချောင်းတဟွတ်ဟွတ်ဆိုးပြီဆိုရင်
ထုံးဓာတ်များတဲ့ရေကို
ထင်းမီးဖိုနဲ့ နာနာကြိုပြီ။

ဒီလိုဆောင်းဆိုရင်
နှင်းဝေေ၀ကြား
အပေါစားဗီဒီယိုကားရဲ့
ဖြစ်ကတတ်ဆန်းဆက်တင်ထဲကလို
ပုဆိုးခြုံဆေးလိပ်တဖွားဖွားနဲ့
ထင်းကောက်သူကောက်
ဘေထုပ်ထည်တဖားဖားနဲ့
လမ်းလျှောက်သူတွေက လျှောက်
တချို့တောပန်းလေးတွေကောက်လို့
တချို့ကျ ထင်းမီးပုံတဖွားဖွားဘေး
သိုက်စာဖတ်ရာ နားထောင်ငေးလို့။

သည်လိုတောခန်းတောင်ခန်း
တထောက်စခန်းပဲဆိုဆို
စင်တင်ကဇာတ်ထဲက ပြဇာတ်မင်းသားဆန်နေသူတွေဟာ
အချီအချ ဒိုင်ယာလော့ခန်းဆိုရင်
ကိုယ့်လူများက ခေ,သူတွေမဟုတ်
တချို့ မြန်မာပြည်အရေး
သူတို့သွေးနဲ့ရေးခဲ့တဲ့ အကြောင်း
တချို့ သူတို့အသက်
တိုင်းပြည်အတွက် စွန့်လွှတ်ထားခဲ့ပုံအကြောင်း
တချို့ မိပစ်ဘပစ် ချစ်သူပစ်ပြီး
နိုင်ငံကိုချစ်စိတ်နဲ့ အတိတ်ကို ဖြတ်သန်းလာခဲ့ကြောင်း
..........
..........
..........
အကြောင်းကြောင်းတွေ ဟောင်းနွမ်းကြွေလဲ
သွေးထဲသားထဲ နှုတ်ဖျားစွဲကာ သေရာပါလေ။

အင်း ....
သူ့အကြောင်းပြောရင်
ကိုယ့်အကြောင်းလဲ ပြောပြန်ကြလိမ့်မယ်

ထားတော့။

တငွေ့ငွေ့လောင်သွားတဲ့ရက်တွေလို
နောက်ဆုံးအံသွားနဲ့ခဲထားတဲ့ပေါ့လိပ်တိုကို
စက္ကူပတ်ခွာလိုက်ချိန်
“သုခိတာ” တဲ့
(ဒုတိယဘာသာစကားအောက် ဒို့တွေ ခိုလှုံနေရပုံများ)
သုခိတာ ဟောန္တု ဒုက္ခာ မု စ္ဆ န္တု
ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြစေသတည်း ။ ။

(ခင်လွန်း)

5 Comments:

  1. နွေဆူးလင်္ကာ said...
    သုခိတာ ဟောန္တု ဒုက္ခာ မု စ္ဆ န္တု ။
    ကောင်းပါတယ်။ မပြောတတ်တော့ဘူး။ ခံစားရပါတယ်။
    Anonymous said...
    ကဗျာလေးကတိုပေမယ့် ထိတယ်၊ ညှိတယ်၊ ကဗျာမှာ ဖြတ်သန်းခဲ့ရတဲ့ ပုံရိပ်တွေကို ထိထိမိမိ လေးပုံဖော်ပေးခဲ့လို့ စာဖတ်သူကိုယ်တိုင် အဲဒီဆောင်းကိုဖြတ်သန်းနေရသလို ခံစားရပါတယ်၊
    ATN said...
    ထိခိုက် ရှနာသွားတယ်...

    သံမံတလင်း အေးစက်စက်မှာ
    အ၀တ်မဲ့ ပက်လက် လဲလျောင်းမိလိုက်သလိုပဲ...

    ------

    စကားမစပ် ....
    ခေါမဏီ မဟုတ်
    အခေါဘဏီတပ်-လို့ စာလုံးပေါင်းတယ်... ထင်ပါတယ်။
    k said...
    ကိုအောင်သာငယ်ရေ

    စာလုံးပေါင်းတဲ့ကိစ္စက တခါတလေ တခုခုကိုဟန့်တားနေသလိုပါပဲဗျာ။
    ကျနော်လဲ အဲဒီလို သတ်ပုံမှားရင် နေမထိထိုင်မထိ ခံစားရတတ်ပါတယ်။
    ဒီတခါတော့ ခွင့်လွှတ်ပါ။ နောက်နောင် သတိထားရေးပါ့မယ်။
    ခင်လွန်း
    Anonymous said...
    “အက္ခောဘိဏီ”လို့ပေါင်းရကြောင်းကို ဖျာပုံတိုက်သစ်ဆရာတော် မဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ စီရင်ရေးသားအပ်သော သုတေသန သရုပ်ပြအဘိဓာန် (၂၀၀၇)၊ စာမျက်နှာ ၁၄၄ မှာ ဆိုထားပါသည်။ အက္ခောဘိဏီငါးမျိုး ရှိပါသည်တဲ့။

Post a Comment