(၁)
‘ ဘာတဲ့ ဘာတဲ့ အဲဒီ့ခွေးနံမယ်က ’
‘ လမ်းသရဲ လမ်းသရဲ ခွေးလမ်းသရဲ’
‘ ကြံကြံဖန်ဖန်ဗျာ ခွေးကိုများ လမ်းသရဲရယ်လို့ ’
‘ နင်ဘာသိလို့လဲဟဲ့ စူဠရဲ့။ အဲဒီ့ခွေးက တနေကုန်လမ်းပေါ်မှာချည်းနေတဲ့ဟာ’
‘ ဟာ။ အမကလဲဗျာ သခင်မရှိလို့နေမှာပေါ့ဗျ ’
‘ ဘယ်ကလာသခင်မရှိဘဲနေမှာလဲဟ။ ကြည့်ပါလား။ လည်ပတ်တွေဘာတွေနဲ့ပဲဟာ’
စူဠနှင့်မီတို့ပြောဆိုနေသည်ကိုကြားနေရသဖြင့် ခပ်လှမ်းလှမ်းတွင် သရေတမြားမြား လျှာတွဲလောင်း ချကာ စောင့်ကြောင့်လေး ထိုင်နေသည့် ခွေးလေးတကောင်ကို ကျနော်ပါလှမ်းကြည့်ဖြစ်မိသည်။ ခွေးကလေးက ကျနော်တိတို့သူ့အကြောင်းပြောဆိုနေသည်ကို တစုံတရာနားလည်နေသည့်အလား အမြီးလေးတရမ်းရမ်း။ ခေါင်းလေးစောင်းကာ ငဲ့ကာဖြင့် ကျနော်တို့ကို ပြန်ကြည့်နေလေသည်။
‘သူပေါ့ ငါမနေ့က အဖြူ့ကိုကြွေးထားတဲ့ ထမင်းတွေ ၀င်အုပ်သွားတာ’
ကျနော့်ဇနီးမီက အိမ်မွေးခြံပေါက်ဖြူမကို လူတယောက်နံမည်အဖျားဆွတ်ခေါ်ဝေါ်သလို ‘အဖြူ’ဟု ခေါ်လေသည်။
‘အမကလဲဗျာ ဖြူမကြီးကျန်လို့စားတာပဲဟာ၊ အဲဒါလေးနဲ့များ ခွေးလမ်းသရဲဖြစ်ရတယ်လို့’
‘ဟဲ့ သူ့သခင်က ငါ့ကိုပြောပြီးပြီဟဲ့ စူဠရဲ့၊ သူ့ကိုတဲ့ အိမ်မှာအမြဲချည်ထားတာတဲ့၊ ဒါပေမယ့် ကြိုးကို ကိုက်ကိုက်ဖြတ်ပြီး၊ ဒီလိုပဲ လျှောက်သွားနေတာပဲတဲ့’
လမ်းသရဲက ခွေးပျိုပေါက်ကလေးဖြစ်သည်။ အမွှေးစုတ်ဖွားဖွားလေးဖြစ်သော်လည်း ဆံပင်စုတ်ဖွား ကိုးယို့ကားယားနေတတ်သည့် လူ လူပျိုပေါက်ညစ်သိုးသိုးပုံလေးနှယ် ဖြစ်နေလေသည်။ သပ်သပ် ယပ်ယပ်မရှိ၊ နီညိုရောင် လေးဖြစ်၍ နှုတ်သီးနက်နက်၊ အမြီးလေးက ဖွာကျနေသည်။ သူ့အမူအ ယာက မနေ့တနေ့ကမှ သည်နေရာသို့ရောက်လာသည့် ကျနော်တို့နှင့် မိတ်ဆွေဖွဲ့လိုသည့်ပုံမျိုး။ သြော်၊ ဒီဝန်းကျင်သစ်လေးမှာတော့ လမ်းသရဲသည်လည်း ကျနော်တို့အတွက် သက်ရှိအဖော်သ ဟာဖြင့် ဖြစ်လာခဲ့ရလေပြီ၊ ဘယ်၍ဘယ်မျှ အတူတကွရေစက် ဆုံနေကြရမည်ဆိုသည် ကိုတော့မ သိချေ။
(၂)
ဒီနေရာလေးသို့ ကျနော်တို့စတင်ပြောင်းရွှေ့ခဲ့ရသောနေ့တွင် အပျော်လွန်နေသည့် ဖြူမပါမလာသ ဖြင့် မီက တဖျစ်တောက်တောက်၊ အရင်နေရာမှ နာရီဝက်ခန့်သွားရသည့်ခရီးအကွာတွင် ရှိနေသ ဖြင့် ဖြူမလိုက်လာချင်သည့်တိုင် လွယ်လွယ်ကူကူ လိုက်မလာနိုင်မှာကို မီစိုးရိမ်နေပုံရသည်။
ယောက်ျားသားများသာများပြီး မိန်းမသားဟူ၍မီတယောက်သာရှိသည့်အိမ်တွင် ဖြူမကမီ့အတွက် တိုးတိုးဖော်တိုးတိုးဖက်လို ဖြစ်နေသည်။ မီက ဖြူမကို လူတယောက်လိုအဖော်ပြု၍ပြောနေဆိုနေပုံ ကို ကျနော်သတိထား ကြည့်မိဖူးသည်၊ တကယ့်ကို လူလူချင်းပြောနေဆိုနေပုံမျိုး။ ဖြူမကလည်း မီ ပြောလေသမျှကို အမြီးတရမ်းရမ်း ခေါင်းတလှုပ်လှုပ် နားရွက်တခါခါနှင့် နားလည်သလိုလိုဘာလို လို ဟန်ပြုကာ နားထောင်နေတတ်မြဲ။
‘အဖြူ ၊ နင်ရည်းစားရှိနေပြီမဟုတ်လား ပြောစမ်း၊ ဟင်း ၀ုတ်ဝုတ်ဝုတ်ဝုတ်တော့မလုပ်နဲ့နော်။ ငါ ဆရာနဲ့ တိုင်မှာ’
မီက အဖြူကိုစေ့စေ့ကြည့်ရင်းသည်လိုမေးလျှင် အဖြူသည်သူ့ကိုယ်လုံးကြီးကိုတွန့်ကာခါကာဖြင့် သူ့အမြီး ဖွားကြီးကို တရမ်းရမ်းလှုပ်ကာလှုပ်ကာ မီ့ကိုယ်ထဲသို့ ခေါင်းတိုးဝင်လာတတ်သည်။
‘တွေ့လားမောင်တွေ့လား၊ အဖြူဟာလေ တကယ့်ကိုလူလိုပဲတွေ့လား၊ သူကပဲ ရှက်သလိုလိုဘာ လိုလိုနဲ့’
ဟုတ်တော့လည်းဟုတ်သည်။ တကယ့်ဖြူမ။ တခါတရံ မီက လူတယောက်နှင့်စကားလက် ဆုံကျနေသည့် ဟန်မျိုးဖမ်းကာ ကြည်စယ်နေချိန်များမှာတော့ ဖြူမသည် အူယားလာသည့်နှယ် ၀ူခ နဲထ၍ အော်တတ်လေသည်။
ကျနော်တို့သည်နေရာသို့ပြောင်းလာချိန်တွင် ဖြူမမှာတကယ်ပင် ချစ်သူရှိနေလေပြီ၊ ဖြူမက လူများ လိုဆို လျှင်တော့ လုံးကြီးပေါက်လှဖွံ့ဖွံ့ထွားထွားကြီး။ ဖွေးဆွတ်နေသည့်အမွှေးထူထူတွင် ရွှေအို ရောင်အကွက်များက ခန္ဓာကိုယ်အနှံ့ဖြန့်ပက်ထားရာ သူ့အလှကို ပိုပြီးပေါ်လွင်စေလေသည်၊ သူ့ချစ် သူကိုမြင်တော့ မီသာမက ကျနော်တို့ အားလုံးပင် အံ့အားသင့်နေတော့၏။
ဖြူမချစ်သူက ကျနော်တို့လူများအလိုအရပြောရလျှင် အလွှာချင်းတော့ မတူပါလေဟုဆိုရ မလိုပင်။
ကျနော်တို့အိမ်ပေါက် ဖြူမကလမ်းဘေးခွေးတကောင်မဟုတ်သော်ငြား သူ့သခင်များဖြစ်သည့် ကျနော်တို့နှယ် နေရာတနေရာတွင် အတည်တကျနေနိုင်ဖို့မှာ မသေချာ။ အခြေအနေအရ ကျနော် တို့ပြောင်းကြရွှေ့ကြရလျှင် ဖြူမကိုလည်း ခေါ်ခဲ့ကြရသည်သာ။ ဟော သူ့ချစ်သူကတော့ဖြင့် ဟိန်းဟိန်းထနေသည့်တိုက်ကြီးတတိုက်မှ။ ပြီးတော့ အမျိုးအနွယ် အရပြောကြစတမ်းဆိုလျှင် လည်း မြန်မာပြည်မှာတော်တော်တန်တန်မြင်ဖူးဖို့ပင်ခက်သည့် လေးငါးခြောက်သိန်းတန် ဒိုဘာ မင်ခွေးမျိုး။ မွေးကတည်းက အမြီးငုတ်လေးမကျန်အောင်ဖြတ်ထားခံရလေ့ရှိသည့် ခွေးမျိုးကောင်း မျိုးသန့်တမျိုး။
အကောင်ကြီးကလည်းထွားလိုက်ကျိုင်းလိုက်သည်မှ တော်တော်တန်တန်လူတယောက်လောက်ရှိ သည်။ ထည်ဝါလိုက် သည်ကလည်း ဖြူမကိုပိုင်ရသည့်ကျနော်တို့ကပင် ခပ်ရွံ့ရွံ့၊ မျက်လုံးချင်းပင် မဆိုင်ရဲ။ မတော်ခုန်ခဲ့ပြီး မျက်နှာကိုဟပ်လိုက်မှဖြင့်ဆိုသည့်စိတ်က ကျနော်တို့တွေကို အသည်း တယားယားဖြစ်စေသည်။ ပြီးတော့ အခြေကြီး သည့်ခွေးမျိုးမို့ ကျနော်တို့စားသည့် အစားအစာ တွေကို သူကငှဲ့လို့တောင်မှ မကြည့်။
‘မတတ်နိုင်ဘူးမောင်၊ သမီးပေးသမက်ရဆိုပေမယ့် ကိုယ့်ရှိတဲ့ဟာပဲကြွေးရမှာပဲ၊ မစားနိုင်ရင် သူ့အိမ်သူပြန်ပေါ့’ ဒါက ဖြူမချစ်သူအပေါ် မီ့သဘောထားဖြစ်လေသည်။
နောက်တော့လည်း သကောင့်သားက အချစ်နှင့်ပေါင်မုန့်တွင် အချစ်ကိုရွေးချယ်ပြီး ဖြူမနားကတဖ၀ါးမခွာ တော့ဘဲ ထမင်းကျန်ဟင်းကျန်ကို အတူလွေးရှာသည်။ သို့နှင့် မီက သူ့ကို ‘ဒိုးလုံးကြီး’ဟု အမည်သစ်စာရင်းသွင်း လိုက်တော့၏။
(၃)
ဘ၀ချင်းတူသော်လည်း အလွှာချင်းကွာခြားချင်တိုင်းကွာခြားလှသည့် ဖြူမနှင့်ဒိုးလုံးကြီးတို့၏ အချစ် သည် နောက်တော့လည်း ခွဲခွာခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရလေသည်။ ဒိုးလုံးကြီးမရှိသည့်နောက် ဖြူမတွင် နောက်အဖော်သစ်များရလာသည်။ မီပြောသည့် လမ်းသရဲဆိုသည့်အကောင်သေးသေး ခွေးထီးလေးတကောင်နှင့် မှုန်တေတေနိုင်လှသည့် ခွေးပိန်မလေးတကောင်တို့ဖြစ်သည်၊ ထိုခွေး လေးနှစ်ကောင်လုံးမှာ ပိန်ချုံးနေလေသည်။ ခွေးပိန်မလေးမှာ လမ်းပင်ကောင်းကောင်းမလျှောက် နိုင်သဖြင့် ကျနော်က မသန်မစွမ်းခွေးတကောင်ဟု ထင်မှတ်ခဲ့သေးသည်။ မဟုတ်။ သခင် ပစ်သွား သဖြင့် အစာငတ်ရေငတ်အပြတ်ပြတ်ဖြစ်ကာ အင်အားချို့တဲ့နေခြင်းဖြစ်ကြောင်း ကျနော်နောက်မှ သိခဲ့ရ သည်။
‘ဒီနေရာက ဟိုဘက်ကမ်းနဲ့က နီးနီးလေးရယ်၊ အညိုတို့လိုပေါ့နော်၊ ကိုယ့်ဗမာပြည်သားတွေ ဒီအ ချိန်ဆိုရင် ဒီဘက်ကမ်းကိုလာပြီး အလုပ်လုပ်ကြ၊ ငွေကလေးစုကြ။ ပြီးတော့ ယာတွေသိမ်းချိန် ရောက်တော့ ပြန်သွားလိုက်ကြနဲ့’
ဒေသခံတပိုင်းလိုဖြစ်နေသည့်အညိုက ဒီနေရာလေးမှ သိပ်အလှမ်းမဝေးလှသည့် မြန်မာပြည်ဘက် ကမ်း မှ တောင်တန်းပြာကြီးတွေဆီ ငေးရီကြည့်ပြီး ပြောပြနေသည်။
‘ ဒါဆို ဒီခွေးပိုင်ရှင်ဗမာပြည် ပြန်သွားလို့ သူကျန်ခဲ့တာပေါ့’
စင်စစ် သည်နေရာသည် နယ်ခြားမြို့လေး၏အစွန်အဖျားဖြစ်နေရာ ဟိုဘက်ကမ်းနှင့်သည်ဘက် ကမ်း ဥဒဟိုဝင်ထွက်သွားလာ၍လွယ်ကူသည်။ ကျနော်တို့ရွှေတွေ ဟိုမှာဘက့်အသက်ရှူကြပ်ရ လေတိုင်း ဒီကမ်းဘက်သို့နည်း အမျိုးမျိုးဖြင့်ဝင်ရောက်ကာ ဒေသခံတို့၏လယ်ယာလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လေ့ရှိသည်၊ တချို့နှစ်ပတ် လည်သည့်တိုင်၊ တချို့လည်း တရာသီနှစ်ရာသီ စသဖြင့် ငွေယားလေးစုမိဆောင်းမိပြီဆိုလျှင် အထုပ်လေးပိုက်၍ ပြန်ကြပြီ။
‘ဒီခွေးမလေးက ကံကောင်းလို့မသေတာ။ ဟိုတလောကသူ့ကိုသတ်စားဖို့ရိုင်းဖမ်းကြတာလေ၊ ချည် တုတ်ရိုက်နေတုန်း ကြိုးပြေပြီးလွတ်သွားတာ။ အဲဒါ အခု ဘယ်သူ့မှ သူ့အနားအကပ်မခံတော့ဘူး။ လူတွေကိုကြောက်နေပြီ’
မြန်မာမြေလတ်မြို့သူလေးအညိုသည် စီးပွားရေးအခက်အခဲကြောင့် ဒီဘက်သို့စွန့်စားထွက်လာပြီး ကျပန်း လုပ်ကိုင်နေရာမှ ဒေသခံတဦးနှင့်အိမ်ထောင်ကျကာ ဒီမှာအသားကျနေလေပြီ၊ အညာဟန် အညာသံကတော့ မပျောက်သေး။
‘နို့ ဘယ်သူတွေက သူ့ကိုစားကြဖို့လုပ်တာလဲ။ ဒို့လူတွေပဲလား’
‘ဒါပေါ့ဦးရဲ့။ ဒီမှာလဲ အလုပ်ကအမြဲရှိတာမှမဟုတ်တာ၊ အလုပ်မရှိစရိတ်ကပြတ်တော့ ငတ်ငတ်နဲ့ စားကြ မလို့လေ’
‘သြော် အလုပ်က ဒီလိုပဲပြတ်တတ်လား’
‘အမှန်က အလုပ်ကပြတ်တာတော့မဟုတ်ဘူးဦးရဲ့။ ဒီလိုအချိန်ဆိုရင် ဟိုဘက်ကမ်းကတက်တက် လာတာ နည်းတာမှတ်လို့၊ လူကများပြီး အလုပ်ကရှားတော့ အခက်အခဲတွေဖြစ်ကြတာပေါ့၊ တချို့ ဆို အပြန်စရိတ်မရှိလို့ ဒီမှာတင်သောင်တင်ပြီး မဟုတ်ကဟုတ်ကတွေ လုပ်ကုန်ကြရောလေ’။
အညို့စကားအဆုံးမှာတော့ ကျနော်သည် ပင့်သက်ရောရှိုက်သက်ပါ တပြိုင်တည်းချမိသွားခဲ့သည်။ သြော် ဒို့ပြည်သားတွေဘ၀ ဘယ်တော့များမှ ငြိမ်းချမ်းလှပလာပါ့မလဲဆိုသည့်စိတ်က ရင်ထဲတိုးဝှေ့ ကာ ကျန်ရစ်ခဲ့လေသည်။
(၄)
ထို့နောက်ပိုင်းမှာတော့ အညို့၏ခွေးကလေးလမ်းသရဲနှင့် စွန့်ပစ်ခံခွေးပိန်မလေးတို့သည် သဘော မနှောကောင်းလှသည့် ဖြူမနှင့်အလွမ်းသင့်ကာ ကျနော်တို့အိမ်မှာပင်လိုလို နေလေ့ရှိသည်ကို ကျနော်သတိထားမိခဲ့သည်၊ မီက ထိုခွေးလေးနှစ်ကောင်ကို နှစ်လိုပုံမရချေ။ ကျနော်တို့ရိက္ခာထဲမှ ဖဲ့ပြီးကြွေးရမွေးရမလိုဖြစ်နေသည့်အတွက်လည်း ပါ ပါသည်။ ‘ကိုယ့်ဝမ်းနာကိုယ်သာသိပဲမောင်ရေ၊ ခွေး နှစ်ကောင်စားအိုးဆိုလဲနည်းမှတ်လို့’ ဟုကျနော့်ကိုရှင်းပြရှာသည်။
ထိုနှစ်ကောင်တွင် လမ်းသရဲက သခင်ရှိသည်။ အညိုရှိသည်။ သို့သော် အညိုတို့အိမ်တွင် လမ်းသရဲ လေးတကောင်သာမဟုတ်။ ခွေးတွေမှအုပ်လိုက်ကြီး။ အညိုကိုမေးတော့ သူတို့လင်မယားနှစ် ယောက်က တနေ့တနေ့ ယာခင်းထဲတွင်သာ အချိန်ကုန်ရသည်ကများတော့ နှစ်ကိုယ်ရည်နေသည့် အိမ်လေးအတွက် ခွေးတွေတပြုံကြီးမွေးပြီး လုံခြုံရေးတာဝန်ပေးထားသည်။ သူတို့လင်မယားမှာ သားသမီးက လည်းမထွန်းကား။ လူငှားရယ်ဘာရယ်ကလည်း ငှားမနေနိုင်ရှာ။ ဒီမှာပင် လမ်းသရဲ ဟူ၍ဖြစ်လာမည့်ခွေးလေးအတွက် ပြဿနာစသည်။ အိမ်မှာသူက အကောင်အသေးဆုံး၊ အင်အား အငယ်ဆုံး။ သူဖို့ရသည့်ခွဲတမ်းကိုလည်း စားရသည်ဟူ၍မရှိ။ မစားရရုံတင်မဟုတ်၊ အခြားခွေးများ ၏အနိုင် ကျင့်ခြင်းကိုပါ သူအမြဲခံနေရပြန်သည်။ ငတ်လည်းငတ်ရ၊ အနိုင်ကျင့်လည်းခံရဆိုတော့ သူ သည် ချည်ထားသည့် ကြိုးကိုကိုက်ဖြတ်ကာ ကိုယ်လွတ်ပြေး`ရုံမှတပါး အခြားမရှိပြီ။ ပြီးတော့မှ သူ အသက်ရူချောင်မည့် ကျနော်တို့အိမ်ဘက်သို့ ရှောင်ခဲ့ခြင်းဖြစ်သည်။ သည်မှာတွင် မီကသတိထား မိသွားပြီး သူ့ကို လမ်းသရဲဟုနာမည် ပေးလိုက်ပုံရလေသည်။
ခွေးပိန်မလေးကတော့ သခင်တွေ၏ စွန့်ပစ်မှုကိုခံခဲ့ရရုံမက သတ်စားခံရမည့်ဘေးကသီသီလေး လွတ်ခဲ့သူမို့ လူတွေကိုကြောက်နေလေသည်။ စင်စစ်ကျနော်သည် ထိုခွေးနှစ်ကောင်၏ အရေးကို တမင်ထည့်စဉ်းစားနေတာမျိုး မဟုတ်သော်လည်း သူတို့ဘယ်လိုဘယ်ပုံနှင့်များ အသက်ရှင်ရပ် တည်နေကြပါလိမ့်ဆိုသည့်အတွေးက မကြာမကြာ ကျနော့်ကိုထိုးနှက်လာတတ်သည်။ သခင့်အိမ် ပြေးလမ်းသရဲကိုတော့ သိပ်မကြိုးစားလိုက်ရဘဲ ကျနော်သိခဲ့ရသည်။ ကျနော်တို့အိမ်မှာ ဖြူမအ တွက်ဖယ်ထားသည့် စားကြွင်းစားကျန်များကို ဖြူမမကုန်လျှင် သူကျန်စားလုပ်သည်။ ဒါနှင့် မှမလုံ လောက်လျှင် သူ့သခင်များအိမ်ပြန်ရောက်ချိန်တွင် အခြားခွေးများ၏အတိုက်အခိုက်ကိုခံပြီး အစာ ၀င်လုတာမျိုးရှိသည်။ ဘာပဲပြောပြော သူ့အတွက်အမာခံက တနေရာမဟုတ်တနေရာတွင်ရှိသည်။ ခက်သည်က ယိုင်တိယိုင်ထိုးဖြစ်နေသည့် ခွေးပိန်မလေးကရောဟု ကျနော်ပူရပြန်ပါသည်။ သူက လူတွေကိုကြောက်နေသည့်အတွက် ကျနော်တို့အိမ်တွင်ကပ်နေသော်လည်း ဘယ်တုန်းကမှအစာ ၀င်မစား။ လူတွေက ကြွေးမွေးသည့်အစာမှန်သမျှသည် သူ့အဖို့ရာ ထောင်ခြောက်တခုလိုပင်မြင် နေပြီလားလည်း မဆိုတတ်တော့ချေ။
သည်လိုနှင့်တနေ့တော့ ခွေးပိန်မလေးကိုပါ ကျနော်သတိထားမိသွားသည်။ ကျနော်တို့ ပြောင်းလာ သည့် အိမ်ကလေးသည် လယ်တောယာတောများအကြားတွင်ဖြစ်ရာ ထိုယာတောများ၌ ပဲ၊ပြောင်း စသည့် စိုက်ခင်းများရှိသည်။ ထို့အတူ ထိုစိုက်ခင်းများကို အမှီပြုနေထိုင်သည့် လယ်ကြွက်ကြီးများ လည်း ဆူဆူဖြိုးဖြိုးနှင့်တွေ့ရတတ်သည်။
ထိုတနေ့မှာတော့ ခွေးပိန်မလေးသည် ခြုံပုတ်ငယ်တခု၏အကွယ်မှ တစုံတခုချောင်းမြောင်းဟန်နှင့် ၀ပ်၍နေ သည်ကို ကျနော်မြင်နေရသည်။ သူဘာလုပ်နေသည်ကို စိတ်ဝင်တစားကြည့်နေဆဲမှာပင် သူသည်ဝပ်နေရာမှ ဖြတ်ခနဲ ခုန်ထွက်လိုက်ပြီး လယ်ကြွက်ကြီးတကောင်ကို အမိအရဖမ်းအုပ်လိုက် လေသည်။ လယ်ကြွက်ကြီးကား ဆာလောင်မွတ်သိပ်နေသည့်ခွေးပိန်မ၏ပါးစပ်ထဲတွင် တခွီးခွီး အော်ရင်း ယက်ကန်ယက်ကန်ဖြစ်နေလေသည်။
ယား…လက်စသတ်တော့ဒီခွေးက တောခွေးတကောင်ကိုးဟု ကျနော်အလန့်တကြား ထအော် မိလိုက်လေသည်။နောင်များတွင်တော့ သူ့ကို‘တောသူ’လို့သာ ကျနော်ခေါ်ဖြစ်တော့ပြီး လယ်ကြွက် တကောင် သို့မဟုတ် ပုတ်သင်တကောင် သို့မဟုတ် ဖားတကောင်ကို သူအကျအနစားနေလျှင် မအံ့သြမိတော့။ ‘ဘ၀ပေးခြေ’အရ တောခွေးတကောင်လို ရှင်သန်နေထိုင်ရန် သူရွေးချယ်ခဲ့ရသည် ဟု ကျနော်နားလည်လိုက်သည်။
အဟိတရိစ္ဆာန်ပင်ဖြစ်လင့်ကစား မူမှန်မဟုတ်သည့်လောကဓံကို သူ့နည်းသူ့ဟန်နှင့်တန်ပြန်တိုက်ပွဲ ၀င်ရင်း အသက်ရှင်သန်နိုင်ရေးအတွက် မဆုတ်မနစ်ကြိုးပမ်းနေခဲ့သည်ကို ကျနော်အသိအမှတ် မပြုဘဲမနေနိုင်ခဲ့။ သည်သို့နှင့် ကန္တာရသဖွယ်ရှိသောကျနော်တို့၏၀န်းကျင်သစ်လေးတွင် ဖြူမအပါ အ၀င် လမ်းသရဲ၊ တောသူနှင့် ကျနော်တို့နှင့်မစိမ်းသော ကျနော်တို့၏သူစိမ်းများသည် သက်ရှိအ ဖော်သဟာများ၊ ဇာတ်ကောင်များ ဖြစ်နေခဲ့ လေသည်။
(၅)
အများစုမိတ်ဆွေများကတော့ ကျနော်တို့၏နေရာသစ်လေးကို သိပ်နှစ်နှစ်ကာကာ မရှိကြချေ။ တ ကယ်လည်း သည်နေရာလေးက ယခင်နေနေကျ နေရာများထက်စာလျှင် အမှန်ပင် ကန္တာရဆန် ပါသည်။ ဖုန်းလိုင်းမရှိ၊ အီးမေးလ်မရှိ၊ အင်တာနက်နက်မရှိ၊ တမြို့လုံးအနှံ့ ကွန်ယက်လိုဖြန့်ထား သည့် ကတ္တရာလမ်းသည် ဒီနေရာလေး မှတော်တော်ဝေးဝေးတွင် အဆုံးသတ်သွားခဲ့ပြီ။ မြို့ပြ၏ အရိပ်အငွေ့ဟူ၍ဘာမှမရှိတော့။ ဘေးပတ်ဝန်းကျင်တွင်လည်း အိမ်ကလေးတလုံးတလေမှအပ မည်မည်ရရမရှိတော့။ ပြောရလျှင် ကျနော်တို့ချည်းနှင်နှင်။ ဘေးဘီဝဲယာတွင် ယာ တောကိုင်းတော သက်ငယ်တောများ။ ဟိုးခပ်လှမ်းလှမ်းမှာတော့ စိမ်းလဲ့ရယ်မှညိုမှောင်ပြာရီ အမိမြန်မာပြည်မှ တောင်စဉ်တန်းများ။
စင်စစ် သည်နေရာသည် လယ်ယာလုပ်ချိန်မှအပ ဒေသခံများပင် သိပ်သွားသွားလာလာမရှိကြ။ ထိုအချိန် များတွင် ကျနော်တို့မြန်မာပြည်သားများအား ဒေခံတို့၏ဈေးနှုန်းချိုသောတရားမ၀င်လုပ် သားများအဖြစ် မိသားစုလိုက် အချို့အုပ်စုလိုက်အုပ်စုလိုက် သွားလာလှုပ်ရှားနေသည့်ကြေကွဲစရာ မြင်ကွင်းများကို ဟိုမှာသည်မှာ တွေ့ရ တတ်လေသည်။
‘မောင်ရေ၊ ညကအဖြူတို့ဟောင်တာ တညလုံးပဲနော်၊ ကောင်းကောင်းတောင်မအိပ်ရဘူး၊ လူတွေ တရုန်း ရုန်းနဲ့သွားနေလာနေလိုက်ကြတာ တညလုံးဘာလုပ်ကြတယ်မသိဘူး၊ ခွေးပိန်မလေးကဆို အဆိုးဆုံး၊ သူ့အသံက စူး စူးနဲ့’
‘ဒီလိုပဲအမရေ၊ ကိုယ့်ဗမာတွေ တနေကုန်အလုပ်လုပ်၊ ညရောက်မှချက်ကြပြုတ်ကျ၊ ပြီးတော့ အိပ်ဖို့ နေရာရှာကြ၊ ဒါတွေ အညိုတို့ကတော့ ရိုးနေပြီ၊ တခါတခါ သူတို့မူးနေကြရင် ပိုတောင်ဆိုးသေး တယ်၊ တညလုံးလမ်းပေါ်မှာချည်းပဲ’
အညို့အဆိုအရ ထိုသူတွေမှာ မြန်မာပြည်အနှံ့အပြားက ဘယ်လိုဘယ်ပုံ အဆက်အစပ်ဖြင့် ရောက်လာကြ မှန်းမသိရ။ ရိုးရိုးသားသားလုပ်ကိုင်ကြသူများရှိသလို၊ စရိုက်ကြမ်းတမ်းလှသည့် လူများလည်းမကင်း။ အနီးတ၀ိုက် တွေ့ရာလယ်စောင့်တဲလွတ်များတွင် အတူတူလုပ်ကိုင်နေထိုင် ကြရင်း တချို့ပိုက်ဆံလေးအနည်းအကျဉ်းစုမိသူကို ကျန်လူများကသတ်ဖြတ်ပြီး မြန်မာပြည်ထဲပြန် သွားတတ်သည့် ဇာတ်လမ်းများကို မီ့ကိုပြောပြနေတော့ မီ ထိတ်လန့် တုန်လှုပ်နေလေသည်။
‘အေးပေါ့ကွာ၊ ဒါတွေတော့ ဒို့တွေကြားနေမြင်နေရမှာပဲ၊ နယ်စပ်ကိုရောက်လာသူတွေက အမျိုးမျိုး မဟုတ်လား၊ ကိုယ့်ပြည်မှာဆိုရင်တော့ ဒီလိုတွေလွယ်လွယ်နဲ့ ဘယ်ဖြစ်ပါ့မလဲလေ၊ နော် မီ ’
ကျနော်က တုန်လှုပ်နေဟန်ရှိသည့်မီ့ကို နှစ်သိမ့်စကားဆိုရသော်လည်း မီကတော့ မျက်စေ့မျက်နှာ မကောင်းလှပေ။ ထိုညက မီ တော်တော်နှင့်မအိပ်။ ခွေးဟောင်တိုင်းထထကြည့်နေလိုက်ရသည်မှာ လည်းအမော။ ကျနော်က မီရယ်၊သူတို့မှာလည်း စားရေးကတခက် အိပ်ရေးကတခက်နဲ့ တော် တော်နဲ့အိပ်ဖို့ ရှာမရကြဘူးထင်ပါရဲ့ကွာ၊ အဲဒါ ထကြည့်နေလို့ကတော့ မိုးလင်းသွားလိမ့်မယ်လို့ ပြောယူရသည်။ ဖြူမတို့ခွေအုပ်ကလည်း သဲလိုက်ကြတာမှလေ။ တညလုံးမိုးမွှန်နေအောင် ဟောင် နေလေသည်။
(၆)
‘ဘာရယ်၊ လမ်းသရဲပျောက်သွားပြီဟုတ်လားအညို၊ သေချာလို့လားဟယ်၊ သူကအရင်ကမှ လမ်းများများရယ် ’
‘ဟုတ်တယ်အမ၊ အညို တမနက်လုံးရှာပြီးပြီ၊ အခုလောက်ရှိ ဘယ်ဟင်းအိုးထဲရောက်နေပြီလဲမှ မ သိတာ ’
‘ဘာရယ်’ အညို့စကားကြောင့် မီတုန်လှုပ်သွားလေသည်။
ထိုသတင်းကိုမဟုတ်ပါစေနဲ့လို့ ကျနော်ဆုတောင်းခဲ့သော်လည်း မပြည့်ခဲ့၊ တလောလေးက တော သူနှင့် သူတို့ဘာသာဘာဝ ပျော်ပါးနေပုံကို အမှတ်မထင်မြင်မိပြီး၊ သြော် လမ်းသရဲတောင်ခွေးလား မြောက်ပြီပဲဟု ကျနော် ပြုံးမိလိုက်သေး၏။ ခုတော့ တောသူမလေး အဖော်မဲ့ရှာလေပြီ။ သူကြောက် သော သူမယုံသောလူသားတွေက သူ့ဘ၀သူ့အဖော်ကို အစာအဖြစ်ဖြေရှင်းလိုက်ကြပြီ၊ သူတို့၏ချစ် ခြင်းကို ခွဲခဲ့ကြပြီ။ ထိုမှစပြီး တောသူလေးလည်း ညညဆို မအိပ်တော့သလောက် စူးစူးဝါးဝါး ထိုး ကာထိုးကာ ဟောင်နေတော့၏။
သိပ်များမကြာခင်မှာတော့ တောသူမလေး သားပေါက်ပါလေပြီ။ ကံကောင်းသည်လို့ပင် ပြောရ မ လားမသိ။ အထီးလေးချည်းငါးကောင်။ အစက သူ့အပေါ်အသိအမှတ်မပြုလိုသည့် မီကပင် ‘ဟေ့ တောသူကို အစာလေးဘာလေးကျွေးကြနော်။ ဘာပဲပြောပြော သူက မိခင်ဖြစ်သွားပြီ။ မိခင်ဆိုတဲ့အသိလေးနဲ့လေးစားမှုတော့ထားရမယ်ဟေ့ ” ဆိုတော့ မီ့ကို စူဠတို့လူငယ်တသိုက်က ၀ိုင်းရီကြသည်။ ခွေးပေါက်စလေးတွေ ကိုကြည့်ပြီး ဒါကတော့ လမ်းသရဲနဲ့တူသဟေ့ဆိုပြီး သွားလေသူ လမ်းသရဲကို သတိရနေကြ သေးသည်။ တောသူကတော့ တကယ်ပင်လူတွေကို ယုံကြည်မှု မရှိတော့။ သူသားပေါက်တာကပင် ကျနော်တို့ အိမ်ဘေးသက်ငယ်ပင်တွေတောထဲမှာ အသိုက်လုပ်ပြီး ပေါက်ခြင်းဖြစ်သည်။
ခွေးပေါက်လေးများ တတောက်တောက်နှင့်လမ်းလျှောက်ချိန်မှာတော့ ကျနော်တို့က ခွေးလေးတွေ ကိုကြည့် ချင်၍ခဏတဖြုတ်ခေါ်ထားလျှင် တောသူသည် တချိန်လုံးအနားတွင် ရစ်သီရစ်သီ။ ထို့ နောက်မှာတော့ ခွေးပေါက်လေးတွေကို သူသားပေါက်ရာသက်ငယ်တော အတွင်းဘက်ခပ်ကျကျ နေရာသို့ပြောင်းပစ်လိုက်တော့၏။ဒါပေမယ့် တောသူလေးခမျာ လူတို့၏နှောင့်ယှက်မှုက မလွတ် မြောက်နိုင်ခဲ့ပါချေ။ သားပေါက်စဉ်က အထီးလေးတွေချည်းမို့ ကံကောင်းသည်ဟုထင်မှတ်မိခဲ့သော် လည်း ထိုအရာကပင် သူ့ကိုကံဆိုးစေခဲ့ပြန်ပါသည်။
အထီးလေးတွေချည်းမို့ မွေးလိုသူတွေ ဟိုနားဒီနားက အလျှိုအလျှိုပေါ်လာပြီး မိခင်နို့မှမ၀သေး သည့် ခွေးပေါက်လေးတွေကိုယူသွားလိုက်ကြသည်မှာ ဟိုကတကောင် ဒီကတကောင်။ လက်ပင်မ လည်။ ခွေးလေးတွေလည်း ဟိုတကွဲ ဒီတကွဲ။ တောသူမ၏နို့ပြင်းတွဲတွဲကိုမှ အားမနာ။
ကျနော်တို့၏ကန္တာရည ညများမှာတော့ တောသူမသည် စူးစူးဝါးဝါးနာနာကျင်ကျင်နှင့် ထိုးကာထိုး ကာသာ ဟောင်နေလေတော့သည်။
(ခင်လွန်း)
Monday, November 17, 2008
1 Comment:
Subscribe to:
Post Comments (Atom)
သနားပါတယ်နော် ခွေးလေး..နောက် လူတွေ...
ဟူးးး