Monday, November 17, 2008

ဥစ္စာစောင့်

ရေကြည်ရာမြက်နုရာ အရှာလာသူမဟုတ်
သိုက်ကြိုးမဖြတ်ရသေးတဲ့
လူဝင်စားအလား
ခေါ်သံတွေ ငါကြား

အတိတ်ဘ၀က တဘ၀လား
အခုဘ၀က တဘ၀လား
နှစ်ခုပေါင်းမှ တဘ၀လား
ငါ့တကိုယ်ထဲ နှစ်ဘ၀လား
ငါ့ကိုယ်ငါ မကွဲပြား ။

တချို့လဲ
တတိယဘဝ
သိုက်နန်းပြောင်းသွားကြပြန်ပါပြီ။

အစွဲကြီးသူပဲဆိုပါတော့
အရင် ဟိုဘ၀များ
အဖေအမေတို့မျက်နှာ
မောင်နှမတို့မျက်နှာ
အမိုးကုပ်ကုပ်အိမ်ကလေးရဲ့ သက်ပြင်းလျလျမေ့မရမှုများ
ထိုင်နေကြနေရာလေးကနေ ပြတင်းဝညွှန်ရာအရပ်ဆီ တဆုံး …

မောင်လိုနှမလို ညီအကိုတို့ရဲ့မျက်နှာ
သူ့အိမ်ကိုယ့်အိမ်
အချိန်မရှိ အိုးမခွဲတတ်သူများ
တလိပ်ထဲနှစ်ယောက်ဖွာရှိုက်
တခွက်ထဲ သူတကျိုက် ကိုယ်တကျိုက်
ဒီလိုသာ ဘ၀ချင်းမော့သောက်ခဲ့ကြသူများ
ကိုယ်တွင်းနာကို တိုးဖွဖွပြောခဲ့ကြတာများ
သြော်
ခေါ်သံကြား လွမ်းမိ။

ဒီမှာ
ဒုတိယဘ၀ကရတဲ့ဥစ္စာ ယူခဲ့ရမလား
ပထမဘ၀က ဥစ္စာ ပေးခဲ့ရမလား
နှစ်ခုပေါင်းမှ တဘ၀ထဲလား
ငါ့တကိုယ်ထဲ နှစ်ဘ၀လား
ငါ့ကိုယ်ငါ မကွဲပြား

ခေါ်သံတွေ
လိပ်ပြာခေါ်သံတွေကြား ….။ ။

ကေသော်
ဇွန်(၄)။ ၂၀၀၆

0 Comments:

Post a Comment