အို … ကလေးရယ်
စစ်မီးလျှံ စစ်မုန်တိုင်း
အရိုင်းအာဏာရှင်စနစ်
ဟောဒီ့ ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာတော့
မင်းတို့ရဲ့အနာဂတ်ဟာ
နစ်သထက်သာ
နစ် နစ် လာခဲ့ပေါ့၊
မီးလောင်ပြင်ပြာပုံထဲ
ဘာများရှာနေရသလဲ ကလေးရယ်
မင်းတို့အတွက် စားစရာ ထမင်းတနပ်လား
ဝတ်စရာ အ၀တ်တထည်လား
စီးစရာ ဖိနပ်တရံလား
မမြင်လိုက်ရတဲ့ မိဘဓာတ်ပုံတပုံပဲလား
မင်းတို့ရဲ့ပညာရေးလား
တေးဂီတလား အက, လား
ဆေးဝါးတွေလား ခြုံစောင်လား …၊
အကယ်၍များ
မပေါက်ရသေးတဲ့ ဗုံးတလုံး
ဝုန်းခနဲသာ ပေါက်ကွဲခဲ့ရင် …
ကလေးရယ်
စိန်းလန်းအေးမြလာတဲ့တနေ့မှာ
(ဒို့တတွေ)
ငြိမ်းချမ်းရေးညစာ အတူစားကြတာပေါ့ကွယ်။ ။
(မောင်ကြီးပြည်စိုး)
( ဒုက္ခသည်စခန်းတခုကို နအဖစစ်တပ်က မီးဝင်ရှို့သည့်မြင်ကွင်းအား ရေးဖွဲ့ပါသည်)
၁၉၉၈၊ မေ၊ တွဲ ၁၊ မှတ် ၁၊ ဒေါနအောင်ပွဲစာစောင်မှ …
Tuesday, November 4, 2008
Labels: ကဗျာ
1 Comment:
Subscribe to:
Post Comments (Atom)
(လေးစားလျှက်)