Monday, November 3, 2008

စာဖတ်သူများသို့
၈၈-ကာလနောက်ပိုင်း မြင်ခဲ့တွေ့ခဲ့တဲ့ လူတယောက်အကြောင်းပါဗျာ။အမုန်းနဲ့ရေးတာမဟုတ်ပါဘူး။ ဘုမသိဘမသိနဲ့ စစ်တပ်ရဲ့အလိုတော်ရိဖြစ်သွားရတဲ့ လူတယောက်အကြောင်းပေါ့။ ဘာပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်ပြောမလား။ အာဏာလို့
ပြောမလား အဲဒီလိုရဖူးဖြစ်ဖူးခဲ့တဲ့ ဘယ်နေရာဘယ်အရပ်က လူတယောက်မဆို တုတ်ကောက်လေးတချောင်းဆောင်
ခဲ့ဖူးရင်တော့ ကိုဖိုးထောင်လိုလက်မဲ့ဘ၀ရောက်သွားတဲ့အချိန်မှာခြေသလုံးသပွတ်တိုင် လည်သွားရတာမျိုးဖြစ်တတ်
ကြသလားလို့ပါ။ဒီဝတ္ထုတိုလေးကို တချိန်က အင်တာနက်စာမျက်နှာတခုမှာ တင်ခဲ့ဖူးပါတယ်။ဒါလေးကိုပဲ နံမည်အ
သစ်ပေး။ ဖြည့်တာ နုတ်တာလေးတွေ နည်းနည်းလုပ်ပြီး ပြန်တင်ပေးလိုက်တာပါလို့ ကျနော့်ဘက် က ၀န်ခံရပါမယ်။
ဖတ်ကြည့်ကြပါဗျာ။
(ခင်လွန်း)


ကိုဖိုးထောင်တယောက် တုတ်ကောက်တချောင်းကိုင်တဲ့ပြီး ဟန်ပါပါနဲ့လှမ်းလာတာကိုမြင် ရင် ငယ်ငယ်တုန်းက ကြားကြားနေရတဲ့ ‘ကိုဘီအေ အုပ်ပေါင်းပေါင်းလို့ တုတ်တချောင်းနဲ့ လမ်းကို လျှောက်တယ်။ ကိုဘီအေ မြို့အုပ်လောင်းက တုတ်တချောင်းနဲ့ လမ်းကို လျှောက်တယ်’ ဆိုတဲ့ သီ ချင်းစာသားလေးကို သွားပြီးသတိရတတ်မိပါတယ်။ ဒါပေသိ ကိုဖိုးထောင်ကတော့ ဘီအေအောင် ဖို့မပြောနဲ့ ဘီနဲ့အေဆိုတဲ့ သိုးဆောင်းအက္ခရာနှစ်လုံးကိုတောင် ဘယ်ဘက်မျက်နှာမူတယ်ဆိုတာ သူ့ခမြာ အကြိတ်အနယ်မှတ်ယူခဲ့ရပုံပါ၊ ဒါပေတဲ့လို့ ကိုဖိုးထောင်က မြို့အုပ်လောင်းသာ မဟုတ်တာ ပါ၊ ကျနော်တို့အရပ်ထဲမှာတော့ အရပ်လူကြီး ဖြစ်ခဲ့ပါလေရောဗျာ။

ကိုဖိုးထောင်အရပ်လူကြီးဖြစ်လာရတာလဲ သူ့ကိုယ်သူ ရာဇပလ္လင်ဖင်ပါလို့လို့ထင်နေပေမယ့် တကယ်ပြောရရင်တော့ (သူ့ကိုတော့အားနာစရာပေါ့ဗျာ) ဘယ်သူမှမလုပ်ချင်တဲ့နေရာမှ လုပ်ခဲ့ရတဲ့ လူကြီးပါ၊ ကိုဖိုးထောင်က ရာဇဘွားဆိုလား တချိန်မင်းဖြစ် မယ့်ဇာတာပါတယ်လို့ ပုဏ္ဏားဖြူ ပုဏ္ဏား ညိုများကဟောဖူးတယ်ဆိုလား သူ့ကိုယ်သူ ခေသူမဟုတ်လေဘူးလို့အထင်ရှိနေတော့ ဘယ်သူမှ အရွေးမခံတဲ့လူကြီးနေရာကို ပြိုင်ဘက်မရှိ မဲပုံးထောင်စရာမလိုဘဲ တဖက်သတ်အပြတ်အနိုင်ရပြီး အရပ်လူကြီးရာထူး ရဲရဲကြီးလက်ခံယူ လိုက်တာပါ။
ကာလကလည်း ရှစ်လေးလုံးအပြီး‘ငြိမ်ပိ’ခေတ်လို့ခေါ်ကြတဲ့ ကာလကိုး။အခြေအနေတွေက ဘာကိုမှတိတိပပ မပြောနိုင်သေးတဲ့အချိန်လဲဖြစ်တာကိုး၊တခုခုဖြစ်လာမလား၊တခုခုဖြစ်ဦးမလား စ သည်ဖြင့် လူတွေအားလုံး မုန်တိုင်းမလာမီ ပင်လယ်ပြင်မှာ ငြိမ်သက်နေသလိုမျိုး၊ ဒီအချိန်မှာမင်း ဖြစ်မယ့်လူကမွေးကတည်းက နကင်းလေး(နားကင်း)နဲ့လို့ သူ့ကိုယ်သူထင်ထားတဲ့ ကိုဖိုးထောင် အ ရပ် လူကြီးဖြစ်လာတာပါ၊အရပ်ထဲကလည်း စောစောကပြောသလို ကန့်ကွက်မဲ့သူတောင် မရှိပါဘူး၊ မတော် ကိုယ့်ဘက်လှည့်လာမှာ စိုးကြတာနဲ့ကိုး၊ ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးတော်နွားအလကား ကျောင်းရမယ့်အလုပ်မျိုးကိုး၊ လောလောလတ်လတ် ပြည်သူတွေ ရဟန်းသံဃာတွေ ကျောင်းသား ကျောင်းသူတွေ ဖြူဖြူမည်းမည်း ပုပုရွရွ မြင်သမျှမီးကုန်ယမ်းကုန်ပစ်ခတ်သတ်ဖြတ်ပြီး အာဏာ သိမ်းထားတဲ့စစ်တပ်အောက် သူတို့ခိုင်းရာလုပ်ရမယ့် လူကြီးမျိုးဆိုတော့ ဘယ်သူက လုပ်ချင်မှာတဲ့ လဲဗျာ၊ ဆိုတော့ အားလုံးလက်ရှောင် ဘေးထိုင် ငြိမ်ကုပ်နေရတဲ့ကာလမျိုးကိုး၊ စစ်တပ်က သူတို့နဲ့ လက်တွဲမလုပ်ချင်မှန်းသိတော့ လက်သင့်ရာ ခိုင်းလို့ရတဲ့လူခေါ်ခိုင်း။ အဲဒါနဲ့မှမရရင် ကိုဖိုးထောင်တို့ လို ခေတ်ကာလအရိပ်အကဲ နားကန်းတလုံးမှနားမလည်တဲ့လူမျိုးရှာတဲ့ပြီး ပါဝါအာဏာပေးလို့ပေး။ အဲဒီလိုလုပ် နေရချိန်မှာဖြစ်လာတဲ့လူကြီးမျိုးဆိုတော့လဲဗျာနော သဘောပေါက်မှာပေါ့။
ကိုဖိုးထောင်တယောက် အရပ်လူကြီးဖြစ်သွားပြီဆိုတဲ့နောက် ပထမဆုံးအပြောင်းအလဲက တော့ သူနဲ့ယှဉ်ဘက်တွေ့နေကြ သုံးဘီးသွားလေးကို မမြင်ရတော့တာပဲဗျ၊ သုံးဘီးသွားဆိုလို့ မျက် လုံးမှောက်နေပါအုံးမယ်။ ဆိုက္ကားပေါ့ဗျာ။ နော၊ အဲ အဲဒီ့ဆိုက္ကားလေး အစအနပျောက်သွားတာပါပဲ၊ သူ့မိန်းမမလေဒီကတော့ ဘာအပြောင်းအလဲမှ သိပ်မရှိရှာပါဘူး၊ အရင်က မျက်နှာမှာသေနပ်ခါးမ ကပ်တဲ့မိန်းမ ဖြီးးကာသင်ကာလိမ်းကာခြယ်ကာလုပ်လာတာလေးကလွဲရင် ပုံမှန်လုပ်နေကျအတိုင်း လမ်းဘေးမှာ လေးတိုင်စင်လေးနဲ့ ကုန်စိမ်း ရောင်းနေဆဲပါ။
ခက်တာက ကိုဖိုးထောင်ဆိုက္ကားမနင်းတော့တာကို အရပ်ထဲကလူတွေ နားလည်နိုင်ကြပေ မယ့် ဘယ့်နှယ်ဘယ့်နှယ် တုတ်ကောက်ကြီးတချောင်းတကားကားနဲ့ ကိုဖိုးထောင်တယောက် အ ရပ်ထဲလတ်လျားလတ်လျား ဖြစ်လာတာကိုတော့ နားမလည်ကြဘူးပေါ့ဗျာ၊အင်း ထူးတော့ထူးတယ် ဘယ်လိုဖြစ်တာလဲပေါ့၊ သူ့ကြည့်ကြည့်ပြီး အူယားကြတာပေါ့ နော။
တနေ့တော့ ရပ်ကွက်ထဲက လူအစည်ကားဆုံးလို့ပြောရမယ့် လက်ဖက်ရည်ဆိုင်လေးမှာ လူငယ်လေးတသိုက် ဘယ်ကဘယ်လို စကားစပ်မိသွားကြတယ်မဆိုနိုင်ပါဘူး။ မနေ့တနေ့ကမှ ဗြုန်းဗြုန်းဒိုင်းဒိုင်းကြီး အရပ်လူကြီးဖြစ်လာတဲ့ ကိုဖိုးထောင်အကြောင်း ဟိုတပေါက်ဒီတပေါက်နဲ့ တီး တိုးတီးတိုး သင်ပေါင်းပိုးလုပ်နေကြတယ်၊ အဲဒီအထဲမှာ သုတဆိုတဲ့ကောင်လေးက တော်တော်အ မြင်စူးရှတဲ့ ကောင်လေးပါ။ သူမို့ကပ်ကပ်သပ်သပ် မြင်ပဲမြင်တတ်ပါရဲ့၊ ကြည့်လေ သူပြောပုံက။ ကိုဖိုးထောင် အရပ်လူကြီးဖြစ်လာတဲ့နောက်မှာ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် တုတ်ကောက် တချောင်းကို ဟန်ပါပါကိုင်တဲ့ပြီး လည်ပင်းမှာမာဖလာလို့ခေါ်တဲ့ လည်စီးလေးပတ်လို့တဲ့။အရင်တခါ ဖူးရယ်မှမစီးဘူးတဲ့ဒီလည်စည်းနဲ့ အရင်ကတခါစဖူးရယ်မှမကိုင်ဘူးတဲ့ တုတ်ကောက်တချောင်းရယ် ဟာ သူအရပ်လူကြီးတယောက်ဖြစ်ပါကြောင်း တနည်းတဖုံအားဖြင့် ဖော်ပြချင်ဟန်တူတဲ့လက္ခဏာ အဆောင်အယောင်လို့ထင်ပါသတဲ့။
ဒီတော့ ပေါက်ဖော်ဆိုတဲ့ကောင်လေးကလည်း ကိုဖိုးထောင်ရဲ့လူကြီးအမှတ်အသား လက္ခ ဏာများအနက် နောက်အဆောင်အယောင်တခုက လေးထောင့်ထိုးလက်နှိပ်မီးပါတဲ့၊ ညနေ နေ၀င် ရီတရောလေးဆို(အဲဒီတုန်းက ရ၀တ)ရ၀တရုံးရှိရာကို လည်ပင်းမှာမာဖလာလေးစည်း၊ လက်တ ဖက်က တုတ်ကောက်တချောင်းကို ဟန်ပါပါကိုင်လို့၊ခါးကြားထဲ လက်နှိပ်မီးလေးထောင့်ထိုးကိုထိုး တဲ့ ကားလမ်းဘေးဝဲယာ အိမ်ခြေအိမ်နေတွေကို အကဲခပ်သလိုကြည့်ပြီး တုတ်ကောက်ကိုထောက် ကာထောက်ကာ လျှောက်လှမ်းလာပုံဟာတော်တော်ပဲ ကိန်းခန်းကြီးလှ ခန့်ညားလှကြောင်း အ သောလေးဖောက်ပြီး ပြောသွားတာ။
အေးပိုဆိုတဲ့ကောင်လေးကတော့ ဟေ့ကောင်ရေတဲ့။ အဲဒီတုတ်ကောက်က အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကဆရာတော်ရဲ့တုတ်ကောက်တဲ့။လူကြီးလုပ်ဖို့အရွေးခံပြီးတဲ့နောက် သူ့ခမျာဘာ လုပ်လို့ဘာကိုင်ရမှန်းမသိတာနဲ့ အဲဒီတုတ်ကောက်ကို ဘုန်းကြီးဆီလျှောက်ပြီး စွန့်ပါဘုရားဆိုလုပ် တော့ ဆရာတော်ကလည်း အိမ်း…ယူချေပေါ့ကွာဆိုပြီး စွန့်လိုက်တဲ့တုတ်ကောက်တဲ့။ ရလာခါစ တုန်း ကတော့ ဟန်ကျပန်ကျမဖြစ်သေးတော့ ကိုင်ထားတဲ့ဟာကြီး ဘယ်နားသွားထားရမှန်းမသိ၊ ပခုံးပေါ်ပဲ ထမ်းထားရမလို၊ဂျိုင်းကြားထဲပဲ ညှပ်ထားရမလို၊ ပေါင်ကြားထဲပဲ ခွထားရမလို၊ အနေရအ ထိုင်ရခက်ကြီးဖြစ်နေသေးတာ၊များသောအာဖြင့်ကတော့ကွာ ပခုံးပေါ်ထမ်းထားတာဆိုတော့မင်းတို့ ပဲမျက်လုံးထဲမြင်ကြည့်၊ အရင်ထဲက အသားကမည်းချိတ်ချိတ်ရယ်မှာ ပခုံးပေါ်တောင်ဝှေးကြီးထမ်း ထားတော့ ခပ်လှမ်လှမ်းလှမ်းကများကြည့်ရင် ရေထမ်းကုလားလိုလို။ ပုလင်းလွတ်တွေလိုက်ဝယ် တဲ့ဘော်တယ်ကုလားလိုလိုနဲ့ ကြည့်ရခက်ပါ့ကွာတဲ့။အေးလေ ဒါပေတဲ့ သူ့ကိုယ်သူတော့ ဖေဇော်ဂျီ ဆေးကြိမ်လုံး ထမ်းလာတာမျိုး ဈာန်ဝင်နေရင်တော့လဲ မသိဘူးပေါ့ကွာတဲ့။
ဘိုသိုးဆိုတဲ့ကောင်လေးကတော့ကိုဖိုးထောင်ကြီးနဲ့အိမ်ချင်းအနေနီးလို့လားပဲမဆိုနိုင်ပါဘူး။သူ့အမြင်က ကရုဏာဓာတ်လေးစွက်လို့။ မင်းတို့က ဒီလိုတော့မပြောပါနဲ့ကွာတဲ့၊ သူ့ခမျာမှာလဲ ဆိုက္ကားသမားဘ၀ကနေ နေ့ချင်းညချင်းအရပ်လူကြီး တက်လုပ်ရတာဆိုတော့ ရှိတာလေးနဲ့ ရှိုးရ ရှိုင်းရရှာတာတဲ့၊ ဒါတောင် လူတွေကသူ့ကို တစက်မှခန့်တာမဟုတ်ဘူးတဲ့။ ဟိုတနေ့ကပဲ ကုလား ကိုစိုးက ဘုမသိဘမသိ ဆိုက္ကားအော်ဒါသွားခေါ်လို့ သူ့ကိုစော်ကားသလေးဘာလေးနဲ့ ထချမတတ် ဖြစ်ကြတာ ကံကောင်းလို့ပေါ့ကွာတဲ့၊ သူအရပ်လူကြီးဖြစ်နေတာကို ကုလားကိုစိုးကမသိလိုက်တဲ့ ပြဿနာပေါ့တဲ့၊ ကိုဖိုးထောင်မနည်းကြီးစိတ်ဆိုးနေလို့ သူ့မိန်းမမလေဒီခမျာ သူ့လင်ကိုကြိတ်ပြီး ဖျောင့်ဖျနေတာ ငါကြားရတော့ စိတ်တောင်မကောင်းဘူးတဲ့၊ ကိုဖိုးထောင်ရယ် တော်အရပ်လူကြီး ဖြစ်နေတာ ခမျာများက မသိရှာလို့ပါ။ စော်ကားတာတော့ မဟုတ်လောက်တန်ဘူးထင်ပါတယ် ဘာ ဘာညာညာ သူ့လင်တော်မောင်ကို ချော့နေရတာ၊ ကိုဖိုးထောင် ရာဇမာန်တက် ထင်ပါရဲ့ကွာတဲ့။
ဘိုသိုးက ဆက်ပြောလိုက်သေးတယ်။ လူတွေကလည်းကွာ သူတို့မလုပ်ချင်တဲ့အလုပ် ဟို ကလည်း ၀င်လည်းလုပ်ပေးရသေးတယ်၊မလေးစားရင်တောင် အားနာပါးနာနဲ့အလိုက်သိဖို့ကောင်း ပါတယ်တဲ့လေ။ ကြည့်ပါလား၊ ခုဆိုရင် ရ၀တရုံးမှာ ဧည့်စာရင်းတွေ ဘာတွေဆို သူပဲလက်မှတ်ထိုး ပေးနေတာ ဖြောင့်လို့မဟုတ်လားတဲ့၊ နို့မို့ရင် ဧည့်စာရင်းတိုင်ရတာက ရစ်မှရစ်ကွတဲ့။
ဟော အဲဒီလိုပြောတုန်းဆိုတုန်းပါပဲဗျား၊ ကိုဖိုးထောင်ပါဝင်တဲ့ ရပ်ကွက်လူကြီးတသိုက် လက်ဖက်ရည်ဆိုင်ထဲဝင်လာလို့ ကိုယ်တော်ချောလေးတွေ ကိုယ်ရှိန်သတ်လိုက်ကြရတော့တာပေါ့။ ထုံးစံအတိုင်း ကိုဖိုးထောင်က လက်သုံးတော် တုတ်ကောက်ကြီးနဲ့။
အဲ…ဆိုင်ထဲရောက်တယ်ဆိုရင်ပဲ ကိုဖိုးထောင်က စားပွဲထိုးချာတိတ်ကိုလှမ်းတဲ့ပြီး ‘ဟေ့ ကောင်လေး။ဒို့လူကြီးတွေအတွက် လက်ဖက်ရည် ‘ရှယ်’ ငါးခွက်လုပ်စမ်း၊ မုန့်နဲ့ဇင်ဇင်းစီးကရက်ပါ ချလို့’ အမိန့်သံပါပါနဲ့ဆိုလိုက်တော့ ဘာပြောကောင်းမလဲ၊ စောစော ကကောင်လေးတွေကြိတ်ပြီး တခွီးခွီးနဲ့ရယ်လိုက်ကြတာများ မျက်ရည်တွေဘာတွေထွက်၊ တချို့ တပိုတပါးပါထွက်ကျမှာစိုးတော့ ဆိုင် နောက်ဖေးတောင် ထပြေးရတဲ့အထိ။
လက်ဖက်ရည်ဆိုင်မှာကြားခဲ့ရတဲ့အတိုင်း ကိုဖိုးထောင်ခမျာ အရပ်လူကြီးသာဖြစ်လာ ခဲ့ပေ မယ့် လူမလေးခွေးမခန့်တာကိုခံ နေရတဲ့အတွက် သူ့ဇနီးမလေဒီလည်း မခံချိမခံသာတော့ ဖြစ်ပုံရ ပါတယ်၊ သူ့လင်တောင်မောင် အသစ်ချပ်ချွတ်အရပ်လူကြီးမင်းအတွက် ပွဲဝင်တင့်တယ်ဖို့ အနီးအ နားမှာရှိတဲ့ မေဓာဝီဈေးကိုပြေးပြီး အဟောင်းဆိုင်က တိုက်ပုံတထည် မဖြစ်ဖြစ်အောင်ဝယ်ရပါ တော့တယ်။ တိုက်ပုံနဲ့လိုက်ဖက်ဖို့အဖြူရောင်ကော်လံကတုံးတထည်ကလည်းဝယ်ရသေးတာဆို တော့ မလေဒီမှာအကြွေးလေးဘာလေး တင်တော့တာပေါ့နော်။ဒါပေတဲ့ လင်တော်မောင် ကိုဖိုး ထောင်က ကော်လံကတုံးနဲ့တိုက်ပုံပဲပုပ်ရောင်ကိုအစမ်းဝတ်ပွဲလုပ်တော့ မလေဒီကတစိမ့်စိမ့် ကြည့် ပြီး ရှုမ၀ကြည့်မ၀ ဖြစ်နေသေးတာတဲ့လေ။ တော်တော်ကိုသဘောခွေ့ မနောတွေ့နေတော့တာ။
ဒါလည်း မလေဒီအတွက် မမှားရှာပါဘူး။ ဒီအရင်းအနှီးက မကြီးလှပေမယ့် တန်ပြန်အကျိုး က ကောင်းတယ်ဆိုမလားပဲ၊ဒါမှမဟုတ် ကိုဖိုးထောင်ကပဲ လျှာစက်အာစက် ပါလာလေရော့သ လား၊ လက်ရဲဇက်ရဲ နိုင်လွန်းလှသမို့လား မဆိုတတ်တော့ဘူး။
အရင်ကဆို မနက်လင်းအားကြီးတာနဲ့ ဆိုက္ကားလေးခွပြီး ဟိုး ဘူတာရုံထိပ် သံလမ်းဂိတ်နား သွားထိုးနေရတုန်းက ရပ်ထဲရွာထဲ သာရေးနာရေးဘယ်နေရာမှ မရောက်စဘူးခဲ့ပေတဲ့ ကိုဖိုးထောင် ဟာ ခုတော့ အရပ်ထဲ ဘာဖြစ်ဖြစ် သူကရှေ့ကချည်း။ စေ့စပ်ပွဲလား၊ မင်္ဂလာဆောင်လား၊ နာရေး လား၊ ဘုံကထိန်လား၊ အိမ်တက်ဆွမ်းကြွေးလား၊ နှစ်လည်ဆွမ်းကြွေးလား၊ အလှူမသာ မင်္ဂလာ အ ကုန် သူရှေ့ကချည်း။ ဒီကြားထဲ အရပ်ထဲအိမ်ခြံကားအရောင်းအ၀ယ်ဖြစ်လို့ ပိုင်ရှင်က အခွန်လေး ဘာလေးရှောင်ကောင်းအောင် အရပ်လူကြီးတွေကို အကြွေးအမွေးလေးဘာလေး လုပ်တာမျိုးက လည်းရှိတတ်တော့ ကိုဖိုးထောင်မပါဘဲ နေမတဲ့လား။ရှေ့ကချည်းပါပဲ။သူကဒါမျိုးကို အနံ့ခံကောင်း သလို မျက်နှာကလည်းခပ်ပြောင်ပြောင်ရယ်၊ တွန့်တာရွံ့တာလည်း မရှိပါဘူး၊ ကြားတာနဲ့ ဟော ကိုဖိုးထောင်တို့ အိမ်ရှေ့ ပေါက်ဝ တုတ်ကောက်တချောင်း ထောက်ကာထောက်ကာနဲ့ ဆိုက်ကြီး ဂိုက်ကြီးဖမ်းပြီး ပေါက်ချလာပါပြီ။

ပြီးတော့ သူတင်တောင်မဟုတ်ပါဘူး၊ အရပ်ထဲ စာလေးပေလေးကလည်းမတတ်၊ အသိုင်း အ၀န်းကလည်းမရှိရှာတဲ့ လူငယ်လေးတွေဟာ ဟို အရံမီးသတ်တို့ဘာတို့ လုပ်ကြရရှာတာကလား။ အင်း အဲဒါမျိုးတွေက ကိုဖိုးထောင်ရဲ့နောက်လိုက်နောက်ပါ အပါးတော်မြဲလေးတွေ အခြွေအရံလေး တွေပေါ့။သူတို့လေးတွေအနေနဲ့က သူတို့ကိုယ်စွမ်းကိုယ်စနဲ့ ဘယ်လိုမှမ၀င်ရဲမထွက်ရဲတဲ့ စောစော က နေရာမျိုးတွေကို ကိုဖိုးထောင်ခေါင်းဆောင်မှုနဲ့ ဟော..ချီလာကြပါပြီ တအုံတကျင်း။ အလှူရှင် တွေဘာတွေကတော့ မှန်တာပြောရရင် ဘယ်ကြည်ဖြူနိုင်ပါ့မလဲနော။ မလွှဲသာလို့သာပေါ့နော။ ပြောမကောင်းလို့သာပေါ့။ ကိုဖိုးထောင်က ပြောလိုက်သေးတာ၊ ဘာတဲ့ ဒီကလေးတွေပဲ ရပ်ရွာက အားထားနေရတာတဲ့၊ သူတို့လေးတွေရှိလို့ ရပ်ရွာ အေးချမ်းပြီး မီးရေးထင်းရေး စိတ်ချရတာတဲ့၊ ရပ် ကွက်ထဲမှာဆိုရင် ခိုးဆိုးတိုက်ခိုက်မှုဆိုတာ မရှိသလောက်ပဲတဲ့။ ဟုတ်တော့ဟုတ်တာပေါ့လေ၊ ဒီက လေးတွေက အရပ်ထဲအလှူလေးဘာလေးရှိလဲ သူတို့ခေါင်းဆောင်ကြီးကို လက်ထောက်ချနိုင်တာ ကိုး၊ အားကိုးရတာပေါ့။
ကဲ ဒါလည်းထာအုံး၊ အလှူရှင်တွေ ကာယကံရှင်တွေက ပြီးပြီးရောသဘောထားရှာပါတယ်။ ခက်တာက ကိုဖိုးထောင်ဟာ ‘နောက်တချီလာပြန်ပြီဟေ့’ လို့ဆိုရမယ့်အစားမျိုး။ လုပ်လိုက်ပုံများ ဖြင့် ဟိုဟာလေးခံတွင်းတွေ့လွန်းလို့၊ ဒီဟာလေးခံတွင်းလိုက်သွားလို့ လျှာနဲ့အဟပ်အစပ်တည့်သွား လို့နဲ့ အိမ်အပြန်ပါဆယ်က ထုပ်ထုပ်သွားသေးတာ၊ မျက်နှာပြောင်ပုံများကပြောပါတယ်၊ မလေဒီနဲ့ သူ့ကလေးတွေအတွက်ပေါ့ဗျ၊ နော။
ဒါကြောင့်ပြောတာပေါ့၊ မလေဒီရင်းလိုက်ရတဲ့ ကော်လံကတုံးနဲ့ တိုက်ပုံတထည်အကျိုးက လည်း မနည်းပါဘူးလို့။ဒီလိုပဲအရပ်ထဲ လူကြီးလေးဘာလေးအရွေးခံရရင် တိုက်ပုံလေးတထည် တော့ မဖြစ်မနေလိုတာပဲထင်ပါရဲ့လေ။ တုတ်ကောက်တချောင်းကဖြင့် လိုလေသည်လား မလိုလေ သည်လားဆိုတာကိုတော့ ပြောတတ်တော့ပေါင်ဗျာ။
တခါတော့ ရပ်ကွက်ထဲ ဘောလုံးပွဲတွေလုပ်ကြချိန်မှာ အားကစားနဲ့မိုင်တသိန်းလောက်ဝေး တဲ့ ကိုဖိုးထောင်လဲ ပရိသတ်တွေကြားထဲ လွှားလွှားလွှားလွှားနဲ့ပါ၊ အရပ်ပွဲဆိုတော့လည်း ကွင်းရယ် ဘာရယ် ဟုတ်တိပတ်တိရှိကြတာတော့မဟုတ်ပါဘူး။ ကွင်းလယ်ဒိုင်ကလွဲရင် စည်းကြပ်ဒိုင်တို့ဘာ တို့ဆိုတာလည်း ထည့်မနေတော့ပါဘူး။ ဒီတော့ အရပ်လူကြီးများကသာ ပွဲထိန်း။ သူတို့ကို ကူရ တာက ထုံးစံအတိုင်း အရောင်လွင့်ဇင်ပြာယူနီဖောင်းလေးတွေဝတ်ထားရတဲ့ အရံမီးသတ်ကလေး တွေ။
သိတဲ့အတိုင်းပဲလေ၊ အဲဒီ့ကာလက ဘယ်နေရာဘယ်ဒေသမှာမှ ပွဲရယ်လမ်းရယ်မရှိတော့ ရှိတဲ့ဘောပွဲလေးပဲအုံခဲပြီးလာ ကြည့်ကြတာကလား။ ပေမမီဂိုက်မမီကွင်းလေးဟာ ပရိသတ်နဲ့လုံး နေတော့တာ။ တရပ်ထဲသားချင်းကန်နေကြပေမယ့် ကိုယ်နေတဲ့အကွက် သူနေတဲ့အကွက် စသဖြင့် အုပ်စုခွဲပြီး ဘောပွဲလုပ်တာလေ။ လူတွေကလဲ ဘယ်လောက်များချစ်ဖို့ကောင်းလည်းဆိုရင် တရပ် ထဲအတူသာနေလာကြတာ ဟိုအကွက်ကတော့ဖြင့် ကကြီး၊ ဒီအကွက်ကဖြင့် ခခွေးရယ်လို့ခွဲလိုက် တာနဲ့ စိတ်ကလဲ အလိုလိုကွဲသွားကြပါပြီ။ တကယ့်ကို တစိမ်းတရံတွေအတိုင်း၊ ဘောလုံးပွဲသာဆို တာ အမဲဖျက်သလားကျွဲဖျက်သလားအောက်မေ့ရအောင် ကျူံးလိုက်ဝုန်းလိုက်ကြတာမှ ဘယ်တုန်း ကမုန်းနေသလဲတောင် အချင်းချင်းထင်ယူရတဲ့အထိ။
အဲ..အဲဒီဘောလုံးပွဲမှာ အရပ်လူကြီးကိုဖိုးထောင်က သူ့လက်သုံးတော်တုတ်ကောက်ကြီးတ ကားကားနဲ့ ပွဲထိန်းတယ်ဆိုပဲ။ သို့ပေတဲ့ ခမျာမှာလည်း ကိုယ့်အာဏာပါဝါရဲ့ အစူးအဆကိုတော့ သိ လေဟန်တူပါတယ်။ ကလေးပေါက်စနလေးတွေကလွဲပြီး ဘယ်သူ့ကိုမှ သဟောက်သဟဲ မလုပ်ရဲရှာပါဘူး။ ဒီတော့ ဘိုသို့တို့လူငယ်အုပ်စုလေးနားသွားပြီး ရောတောပေါတော လုပ်နေရတယ်။ သူ လဲ ပရိတ်သတ်ထဲကတယောက်ပေါ့လေ။ အဲဒီတုန်းမှာပဲ တဖက်သင်းက ကန်လိုက်တဲ့ ပြစ်ဒဏ် ဘောဟာ ကန်ချက်အားပြင်းပြင်းနဲ့ အခြားတဖက်ဂိုးပေါက်ဝဆီအသွား ဂိုးသမားက လေထဲမှာဒိုင် ဗင်ထိုးပြီးဖမ်းသွားတာ တော်တော်လှ တော်တော်ကိုစံချိန်မီတယ်ဆိုပါတော့ဗျာ။ အိုး … ဘာပြော ကောင်းမလဲ ပွဲငတ်နေတဲ့ပရိသတ်လက်ခုပ်သံတွေတဖြောင်းဖြောင်းနဲ့ အုန်းအုန်းကိုထသွားရော။
ဒါကို ကိုဖိုးထောင်ကမြင်လိုက်ပေမယ့် သူကလက်ခုပ်မတီးဘဲ ကြောင်စီစီကြီးရပ်နေတယ်။ အရပ်လူကြီးဖြစ်နေလို့ သိက္ခာတွေ ဘာတွေ ထိန်းတာရယ်ဘာရယ်လည်း မဟုတ်ပါဘူး။ ပြောရရင် ဘာကိုခံစားရမှန်းမသိဖြစ်နေတာ။ လူတွေက ချီးကျူးဂုဏ်ပြုလက်ခုပ်တီးတာကို သူက အားကစား နားမလည်တော့ ခက်နေတာပေါ့။ ဒါကိုပဲ သူက ဘာပြောသေးတယ်မှတ်လဲ။ သြော် မှတ်လောက် သား လောက်ပါပေရဲ့ ကိုဖိုးထောင်၊ ပြောလဲ ပြောတတ်ပါပေရဲ့။ ဘာတဲ့။‘ကင်မရာထရိတ်ကြီးပါ ကွာ’ တဲ့။
ဂိုးသမားလေးဒိုက်ထိုးဖမ်းလိုက်တာကို မျက်လုံးနဲ့တပ်အပ်မြင်ပါလျက် ဘယ့်နှယ်ဘယ့်နှယ့် ကင်မရာထရိတ်ကြီးပါလို့ပြောရက် လေတဲ့အရပ်လူကြီးရယ။ ကြံကြံဖန်ဖန်။ ဆိုတော့ … သူ့ဘာသာ မသိလိုက်နားမလည်ရင် အသာမနေဘဲ ပြောချင်ရာပြောချလိုက်တာကို ဘေးက ဘိုသိုးတို့ လူငယ် အုပ်စုကြားတော့ မျက်လုံးအပြူးသားဖြစ်ကုန်ကြတာပေါ့။ အင်း…တရုတ်သိုင်းကားတွေမှာ ကင်မရာ ထရိတ် ထရိတ်နဲ့ပြောပြောနေကြတာကို ကိုဖိုးထောင်က ကြားဖူးနားဝကလဲရှိထားတော့ အံကျမ ကျတွက်မနေတော့ဘဲ သုံးလိုက်တာလေ။ သြော် ကိုဖိုးထောင်ကိုဖိုးထောင် ခေတ်ပျက်အရပ်လူကြီး ကိုဖိုးထောင်။
အဲဒီ့နောက်တော့ ကိုဖိုးထောင်တယောက် တုတ်ကောက်ကြီးထောက်ကာထောက်ကာနဲ့ ခပ်လှမ်းလှမ်းကလာနေတာတွေ့ရင် သုတတို့လူငယ်လေးတွေအုပ်စုက ဟေ့ … မင်းတို့ကင်မရာ ထရိတ်တွေ သိပ်မလုပ်ကြနဲ့နော်တဲ့။ တီးတိုးပြောကြာတာလေ။
အဲဒီလိုနဲ့ နှစ်နှစ်လောက်ကြာတော့ ရပ်ရွာငြိမ်ပိလို့ခေါ်မလား၊ ရ၀တလို့ခေါ်မလား၊ အဲဒီ့အဖွဲ့ တို့ကို အထက်အမိန့်နဲ့အပြောင်း အလဲတွေလုပ်ကြရာမှာ ဖေဇော်ဂျီကိုဖိုးထောင်လဲ ပါသွားရှာပါ တယ်။ ပြောကြတာတော့ အများကြီးပေါ့ဗျာ။ ရ၀တရုံးမှာ စာရေးဆရာဆို လားဘာဆိုလား မျက်မှန် လေးတကားကားနဲ့လူတယောက်ကို သူ့ရိရပါ့မလား ထေ့ရပါ့မလားဆိုပြီး ကိုဖိုးထောင်က စိန်ခေါ် တာတ။
ဖြစ်ပုံက ရွှေမျက်မှန်က တနေ့ခရီးသွားဖို့ထောက်ခံစာလေးလုပ်တယ်တဲ့လေ။ ခေတ်ကာလ ကလဲ ကိုယ့်အိမ်ကိုယ်နေတာတောင် ထောက်ခံစာနဲ့ဖြစ်ရတဲ့အချိန်ကိုး။အဲဒီ့ထောက်ခံစာမှာ အကျင့် စာရိတ္တကောင်းကြောင်း အမှုအခင်းကင်းစင်ကြောင်းဆိုတာကပါလေတော့ အရပ်လူကြီးရဲ့အခန်း ကဏ္ဍပေါ့လေ။ အရပ်လူကြီးထဲက အမြင့်ဆုံးပုဂ္ဂိုလ်က လက်မှတ်ထိုးပေးရတာ။ ဒါပေတဲ့ လက်မှတ် အသင့် ထိုးပြီးသားထောက်ခံစာဖြတ်ပိုင်းလေးကို ရ၀တရုံးမှာ ငွေတကျပ်ပေးလိုက်ရုံနဲ့ရတာပါ။ ဆို တော့ စာရေးဆရာဆိုတဲ့လူကလဲ ပေါက်ပေါက် ရှာရှာပြောသတဲ့ဗျာ။ ဟာ… အကျင့်စာရိတ္တက ငွေ တကျပ်ပဲဆိုတော့ တန်တာပေါ့တဲ့။ သူ့ကို တရာဖိုးလောက် ပေးပါဗျာလို့ ဆိုသတ။
ဒါကို ကိုဖိုးထောင်က ဘယ်လိုဘယ်လိုသဘောပေါက်သွားတယ်မဆိုနိုင်ဘူး။ ယမ်းပုံမီးကျ သလို ဒေါသတွေဖြစ်ပြီး မင်းက ဒို့ရုံးကို မရိုမသေလုပ်တာလား ရိရသလား ထေ့ရသလား ဘာညာ ဖြစ်ကြတာတဲ့ဗျာ။ အဲဒါက အမှုတမှု။
အဲ…နောက်တမှုက ကိုဖိုးထောင်ရဲ့ဝါသနာဘာဂီပဲဆိုရမလား၊ လူကြီးမဖြစ်ခင်ကတည်းက အရပ်ထဲ မိုးလင်းပေါက်ရုပ်ရှင်တို့ အရပ်စတိတ်ရှိုးတို့ဆိုရင် ကိုဖိုးထောင်တို့လင်မယားက ရှေ့ဆုံး ထဲကပါ။ အပျော်အပါးကလဲ ဒါပဲတတ်နိုင်ရှာတာကိုး။ အဲ..လူကြီးဖြစ်လာတော့ တိုးတိုးရုံလေးတွေ မှာ သရဲကားတို့ ဘီလူးကားတို့ ကာလသားတွေနဲ့ နသိုးကြီးတွေလို အဘိုးကြီးတွေအကြိုက် ဗွီဒီယို ရုံကို တုတ်ကောက်ကြီးတကားကားနဲ့ ညတိုင်းသွားသတဲ့။ထားတော့ဗျာ။ ဒါလဲ သူလဲလေ လောကီ သားပေမို့ဆိုသလို နားလည်လို့ရသေးတယ်တဲ့။ ခုဟာက ပြတဲ့ကားတိုင်းလည် အလကားမတ်တင်း အခမဲ့အားပေးသွားသေးရဲ့၊ ပြီးတော့ ငါရှိလို့ မင်းတို့ကို ရဲက လာမဖမ်းတာမဆီးတာ ဘာညာဆိုပြီး ကြေးစကားကလဲ ပြောသေးတာတဲ့။
ဒါတွင် ကရိုးလားဆိုတော့ သိတယ်မို့လား။ အဲဒီကာလက နေရာတကာမှာ အရက်ပုန်းဆိုင် လေးတွေ မှိုလိုပေါက်နေချိန်ဆိုတော့ ကိုဖိုးထောင်က အဲဒီမှာလဲ ဆက်ကြေးလိုလို အပိုင်စားလိုလိုနဲ့ အာလေးစိုသွားအောင် ၀င်ကစွပ်၊ ထွက်ကစွပ်လုပ်တဲ့ပြီးတဲ့အပြင် လက်ကလည်းဖြန့်သေးတာတဲ့၊ လိုင်းကြေးသဘောမျိုး၊ ဆိုတော့ လက်ရဲဇက်ရဲနိုင်တယ်ပေါ့ဗျာ၊ ဟုတ်တာမဟုတ်တာတော့ မသိပါ ဘူး။ ကိုဖိုးထောင်ကလဲ ကိုဖိုးထောင်၊ လူတွေကလဲ လူတွေလို့ပဲ ထားလိုက်ကြပါစို့ရဲ့။
အင်း..အရပ်လူကြီးပြုတ်ဘ၀ရောက်သွားရရှာတဲ့ ကိုဖိုးထောင်ခမျာ ဘယ်လိုခံစားရမယ် ဆို တာမသိပေမယ့် သူ့မိန်းမ မလေဒီကတော့ ဟိုးအရင်အတိုင်း လမ်းဘေးလေးတိုင်စင်ကလေးမှာ ကုန်စိမ်းအရောင်းမပျက်ပါဘဲ။မျက်နှာမှာတော့ သေနပ်ခါးမကပ်ပြန်တော့ ဘူးပေါ့။
ကိုဖိုးထောင်ကိုကြည့်ပြန်တော့ အရင်လိုလည်ပင်းမှာတွေ့တွေ့နေရတဲ့ မာဖလာလေး မရှိရှာ တော့ပါဘူး။ ခက်တာက နှစ်နှစ်လောက် မျက်လုံးထဲစွဲကျန်ခဲ့တဲ့ တုတ်ကောက်တချောင်းနဲ့ ပုံရိပ် ကတော့ မပြောင်းမလဲပါဘဲဗျား။ အဲ..အမြင်စူးရှတဲ့ သုတဆိုတဲ့ ကောင်လေးကတော့ အခု ကိုဖိုးထောင် လက်ထဲကိုင်ထားတာက အောင်မင်္ဂလာဘုန်းတော်ကြီးစွန့်လိုက်တဲ့ အရင်တုတ် ကောက်မဟုတ်တော့ပါဘူးတဲ့၊ သာမန်အဆစ်ပိတ် ၀ါးလုံးတချောင်းပါတဲ့။ သူ့ကြည့်ရတာ ရုတ်တ ရက်ကြီးအပြောင်းအလဲဖြစ်ခဲ့ရတဲ့လူဆိုတော့ လက်ထဲမှာ အကျင့်ပါနေသေးလို့ ရရာစွဲထားရ တဲ့ပုံ ပဲတဲ့။ သူဆိုလိုတာက အာဏာပါဝါလေးမရှိရှာတော့တဲ့ဘ၀မှာ မနေတတ်မထိုင်တတ်ဖြစ်ပြီး ခေတ္တ ယာယီ မှေးကန်ထားတဲ့သဘောမျိုးနေမှာပေါ့။
ဘိုသိုးကတော့ သိတယ်မဟုတ်လား။ အိမ်နီးနားချင်းကလည်းဖြစ်၊ သူများအပေါ်ချိုးချိုးဖဲ့ဖဲ့ လဲ သိပ်မပြောတတ်သူဆိုတော့ မဟုတ်ဘူးကွ၊ တလောက ကိုဖိုးထောင်တယောက်ချော်လဲပြီး ခြေသပွတ်တိုင်လည်သွားတာနဲ့ တောင်ဝှေးထောက်ပြီးသွားနေရတာပါတဲ့။ အရင်လိုသဘောမျိုး မ ဟုတ်ဘူးလို့ ဆိုချင်တယ်ထင်ပါရဲ့။
အင်းလေ၊ ခြေသပွတ်တိုင်လည်ထားတဲ့လူဆိုတော့ တောင်ဝှေးလေးမှဆောင်မထားရင် ပိုး လိုးပက်လက် အကျနာမှာကိုး။ ဒါလဲ ဟုတ်မဟုတ်တော့ တကယ်မသိရပါဘူး။ ဟုတ်ရင်တောင် ဒီ သပွတ်တိုင်က ဘယ်တော့များမှပြန်ကောင်းပါ့မလဲပေါ့နော။ ကိုဖိုးထောင်ကကော ခြေသပွတ်တိုင် ပြန်ကောင်းသွားသည့်တိုင် ဒီအကျင့်က ဖျောက်ပစ်နိုင်ဦးမှကိုး။

(ခင်လွန်း)

0 Comments:

Post a Comment