Thursday, October 23, 2008

(မောင်ကြီးပြည်စိုး)

ဘယ်ခေတ်ကအဆိုလဲတော့သူမသိ။ရောမလား၊ခေါမလား၊ဂရိခေတ်လား သူမသိတော့။
လူတယောက် မြစ်တမြစ်ကိုနှစ်ခါမဆင်းနိုင် ဟုဆိုကြသည်။သူကတော့ထိုမြစ်ကိုပင် အခါခါဆင်းခဲ့ ဖြတ်ခဲ့ပြီးပြီ။ဖြတ်ရအုံးမည်။ ထိုမြစ်က မြစ်သေမြစ်တစင်းပဲဖြစ်မည်။သို့မဟုတ် မြစ်သေတစင်းလိုဖြစ် နေတာမျိုးလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ငြိမ်သက်စောင့်စားနေသော မြစ်တမြစ်လည်း ဖြစ်နိုင် သည်။

သေချာတာက ရေတို့သည် မစီးဆင်၊လှိုင်းတို့သည် ခေါင်းမကြွ တေးမဆို ငြိမ်သက်လွန်းလှသည်။ ထိုမြစ်သည် နက်သည် တိမ်ကောသည် စသည်ဖြင့် သည်လိုဆို၍လည်း မရစကောင်း။

မြစ်တို့မည်သည် စုန်းရင်းဆန်ရင်း စီးရင်းတေးဆိုကြသည်သာ။သို့သော် သူဖြတ်သန်းလာသောမြစ် ကဖြင့် တေးလည်းမဆို ရေလည်းမစီးခဲ့သည်မှာကြာပြီး။ အင်း သည်သို့ဆိုရမည်းလား။ မြစ်သေမြစ် တစင်းလို။

တခုတော့ရှိသည်။ ထိုမြစ်က သူဘ၀ဟောင်းထဲက မြစ်တစင်းသာဖြစ်သည်။သူမျောခဲ့ လွှင့်ခဲ့ စုန်ခဲ့ ဆန်ခဲ့ရသော အရင်ဘ၀ကမြစ်ဖြစ်သည်။

ယခု သူ ဒုတိယဘ၀မှာရောက်နေသည်။ အတိတ်ဟောင်းကို မမေ့သော ဒုတိယဘ၀ဖြစ်သည်။ သိုက်ကြိုး မဖြတ်ရသေးသော ဒုတိယဘ၀ဖြင့် ဘ၀ဟောင်းကို သူမှတ်မိလွန်းဆွတ်နေသည်။ဘ၀ ဟောင်းက အဖေအမေ ညီအကိုမောင်နှမတို့၏မျက်နှာများ အဖြစ်သနစ်ဟောင်းများကို သူလွမ်းတ သတိရနေ သည်။ သူငယ်ချင်းတွေ မိတ်ဆွေဟောင်းတွေက အစ။သူအထိုင်စွဲခဲ့သည့် ကော်ဖီဆိုင် လေးကိုလည်း အောက်မေ့တမြမြ။ ဘုံဆိုင်ကလေး၌ ဖန်ခွက်ချင်း ထပ်ခနဲခတ်လိုက်တာလေးက အ စ သူ့စွဲလမ်းစိတ်မှာမြဲနေသည်။စွဲနေသည်။ ဖန်ခွက်တွေကိုင်ရင်း မြှောက်ချီလိုက်ကြသည့် လက် မောင်းလက်ရုန်းများ … ။

အရင်ဘ၀နှင့် ယခုဘ၀သည် ပိတ်ကားချပ်ကြီးပေါ် မီးဆလိုက်များထိုးချလိုက်သည့်အခါ ရုပ်ပုံကား ချပ်များ သက်ဝင်လှုပ်ရှားလာသည့် ညလုံးပေါက်ဘိုင်စကုပ်ကြည့်ရသည်နှင့်လည်းတူသည်။ထိုပိတ် ကားချပ်ကြီး အလယ်ခေါင်ခြားလျက် ဘက်နှစ်ဖက်လုံးကနေ သူကြည့်ခဲ့ဖူးသည်။ နှစ်ဖက်လုံးက ကြိုက်သလိုကြည့်၊ ဇာတ်လမ်းဇာတ်ထုပ်ကတော့ တခုတည်း၊ ခုလည်း သူ့အဖြစ်က သည်လိုသာ။ သည်ဘ၀ကကြည့်လျှင်လည်း သည်ဇာတ်လမ်း သည်ဇာတ်ထုပ်။အရင်ဘ၀ကြည့်ခဲ့ရတုန်းကလည်း သည်ဇာတ်လမ်းသည်ဇာတ်ထုပ်။ ပါးလွှာသော ပိတ်ကားဖြူဖြူသည် ဟိုဘက်ဒီဘက် ထုတ်ချင်း ပေါက်လှမ်းမြင်နေရပုံမျိုး။ ဘ၀နှစ်ဆက်က အဲ့သည်လောက် တဆက်တစပ်တည်း တဇာတ်လမ်း တည်း။

အခုညဆိုရင်ပဲသိသာလှသည်။ဘ၀ဟောင်းကအသံတခုသည် မှေးပျော်စသူ့ကို လှုပ်နှိုးလိုက်သည်။ ဖုန်းထဲကအသံကလွင်သည်။ယခင်လို တရင်းတနှီး။ပြီးတော့ မပြန်ချင်ဘူးလားဟင်တဲ့။ဘ၀ဟောင်း ကိုမပြန်ချင်ဘူးလားတဲ့။ခနိုးခနွဲ့နှင့်ခြောက်ကပ်နေတော့သည့် အမေ့ထမင်းဝိုင်းလေးဆီကိုလား။အ သွင်တူငှက်တို့ခိုနားရာ လမ်းကြားလေးတခုထဲက ကော်ဖီဆိုင်လေးဆီကိုလား။

ခေါ်သံက လွင်လှချိုလှသော်လည်း လိပ်ပြာကတော့ ၀ရုန်းသုန်းကားနိုင်လှစွာ လှုပ်ခတ်ကျန်ရစ် သည်။ အမြဲတမ်းလို ထုံငိုက်မျဉ်းနေသောစိတ်သည် ယာယီထိုးကပ်ထားသော ဆိပ်ကမ်းက ထွင်း လှေတစင်းကို သင်္ဘောဦးနှင့်ဝင်တိုးခံလိုက်ရသလို ကစဥ့်ကလျားလှုပ်ခါယိမ်းထိုးသွားသည်။ဘောင် ဘင်ခပ်ရင်း လူးကာလှိမ့်ကာ ကျန်ခဲ့သည်။
ဒါ လိပ်ပြာခေါ်သံလေများလား။

ဘ၀ဟောင်းကခေါ်သံပေလား။ အရင်ဘ၀က တရင်းတနှီးနိုင်လှသော ထိုသူမ၏အသံက သူ့ကိုရုတ် ချည်း အသက်နုတ်ယူလိုက်သလို မှင်တက်ကျန်ရစ်သည်။ဘ၀ဟောင်းက ခေါ်နေလေပြီ။ငါ့ကိုသိုက် ကပြန်ခေါ်နေပြီ မိန်းမရေ။စိတ်ထဲက ကြုံးအော်ပစ်နေရသည်။ ချွေစေးတို့နှင့် စေးထန်းနွမ်းလျနေ သည်။ နှုတ်ခမ်းတို့က တင်းစေ့ပိကပ်နေသည်။လူတကိုယ်လုံး ဘီလူးစီးထားသလို လှုပ်မရ ပြုမရ။

တော်တော်ကြာကြာနေကာမှ မိန်းမကနိုးလာသည်။ သူ့အဖြစ်ကိုကြည့်ပြီးမိန်းမက “တော်..ဘာဖြစ် နေတာလဲ”ဆိုပြီး သူ့ကိုယ်ကို ခပ်ကြမ်းကြမ်းလှုပ်ခါလှုပ်ကာ မေးလိုက်သည်။

ရေတခွက်သောက်သည်။ သက်မျှဉ်းမျှဉ်းပြန်ရှူသည်။ စိတ်ကိုသတိနှင့် တင်းတင်းဆုပ်ထားလိုက် သည်။
“ရှင်ဘာဖြစ်နေတာလဲ၊ မျက်လုံးတွေချာချာလည်နေတာပဲ၊ ရူးများနေပြီလားတော်”
သူ့မိန်းမက ချွေးစေးတွေနှင့် နုံးချည့်ချည့်ဖြစ်နေသည့် သူ့ဖြစ်အင်ကိုကြည့်ရင်းပြောသည်။
သူက
“ငါ့ကို ဘ၀ဟောင်းကပြန်ခေါ်နေပြီကွာ”ဟု တိုတိုတုတ်တုတ် ဖြေလိုက်သည်။
မိန်းမ၏မျက်လုံးကြီးများပြူးကျယ်သွားကာ
“ဘုရားရေ”
သူ့ကိုယ်သူ ပြန်လည်သတိထားမိသွားသောအချိန်တွင် သူသည် ဥစ္စာစောင့်ဘ၀ဖြင့် ဒုတိယဘ၀ သို့ရောက်ရှိနေမှန်း လက်ခံလိုက်သော အချိန်လည်းဖြစ်သည်။
“နေပါအုံး ရှင်က ဥစ္စာစောင့်ဘ၀ကလာတာဆိုရင် အရင်ဘ၀ကပစ္စည်းတွေ ဘယ်မှာရှိတယ်ဆိုတာ မမှတ်မိဘူးလား။ သွားတူချေရအောင်လေ”
“…ကျမ မရှင်းဘူးရှင့်၊ ရှင့်ဟာက သိုက်ကပြန်ခေါ်နေတယ်လည်းဆိုသေးတယ်။ ဥစ္စာစောင့်က ဖုန်း တွေဘာတွေသုံးတတ်လို့လား”ဟု မိန်းမက ဘူးလုံးနားမထွင်းဟန်နှင့် ထပ်မေးသည်။

သူက ခုခေတ်ဥစ္စာစောင့်တွေမှာ ဖုန်းနှင့်ဘာနှင့်၊ ကွန်ပြူတာနှင့်အီးမေးနှင့်အင်တာနက်နှင့် စကိုက် ပီနှင့် ဖြစ်ကုန်ကြပြီဆိုတာလည်း မပြောချင်တော့။ ပြောလျှင်လည်း အရင်ဘ၀ဟောင်းနှင့်အခုဘ၀ ကြား ပြန်လည်ဆက်စပ်ရမည့် စကားတွေကို အရိပ်မျှအယောင်မျှ ပြောကြဆိုကြရတာတွေအပေါ် ဒီမိန်းမ နားမလည်မှာ သိနှင့်နေတာလည်းပါသည်။
“ရှင့်ကို အရိပ်အယောင်ရောပြသေးလားရှင်ရယ်။ဘယ်လိုနေတုန်း၊ခေါင်းမှာ နတ်စိမ်းတွေလိုဘောင်း တော်တွေဘာတွေ စွပ်လျက်ကြီးနဲ့လားဟင်”

မိန်းမမေးသမျှသူမဖြေ။ ဖြေလည်းမဖြေတတ်။ မဖြေတတ်လို့ တုံဏှိဘာဝေလုပ်နေတော့ မိန်းမက ပိုပြီး အကဲပါလာသည်။
“ဟုတ်တယ် ဟုတ်တယ် ရှင့်ကြည့်ရတာ အရင်လိုကို မဟုတ်ဘူး။ တမှိုင်မှိုင် တတွေတွေနဲ့။ လိပ်ပြာ ကြိုးဖြတ်မှဖြစ်မယ်။ တော်ကြာ …။ အမယ်လေးတော်၊တွေးရင်း ကြက်သီးတောင် ထတယ်တော့”

ထိုမှစ၍ သူ့အိမ်တွင် ဘုရားပန်းတွေ တချိန်လုံးဝေလာသည်။ကက်ဆက်က ပရိတ်သံလည်း စဲ သည်ဟူ၍ မရှိတော့။ပါးစပ်ကလည်းအမြဲတမ်း တရွရွလှုပ်နေရာ ပူစီပေါင်းတွေ အမြှုပ်တွေ ထွက် လာမလားအောက်မေ့ရသည်။ သူ့ကို ကြည့်သည့်အကြည့်ကလည်း လူတယောက်နှင့်တယောက် အထူးသဖြင့် လင်နှင့်မယား ကြည့်ပုံကြည့်ပေါက်မျိုးမဟုတ်တော့ဘဲ တကယ့်ရာဇ၀င်သိုက်နန်းကား ထဲက အကြည့်မျိုးဖြင့် မသိုးမသန့် ကြည့်လာသည်။ ဒီမိန်းမဖြင့် ခက်ပါပြီဟု သူက စိတ်ထားမှာထား လိုက်သော်လည်း ထိုမိန်းမသည် နာနာဘာဝတကောင်ကို လက်ခံထားရပုံမျိုးနှင့်သာ သူ့ကိုတုံ့ပြန် လာခဲ့ပြီ။

ဟူး..မတတ်နိုင်ဘူး မိန်းမရေ၊ငါ့ကိုတော့ဘ၀ဟောင်းက ပြန်ခေါ်နေတာအသေအချာပဲဟု သက်ပြင်း
တမချကာ ကိုယ့်ဘာသာ ညည်းပြောပြောမိသည်။

တကယ်လည်း သူအဖြစ်က ဘ၀ဟောင်းကပြန်ခေါ်လေသည်နှင့်မခြားဟု သူခံစားနေရသည်။ သူ့ ဘာသာလည်း မေးခွန်းထုတ်မိသည်။အခု လက်ရှိဘ၀က ငါ့ဘ၀အစစ်လား။အရင်နေခဲ့ထိုင်ခဲ့ ဖြတ် သန်းခဲ့ရတာက ငါဘ၀အမှန်လား။သူကိုယ်တိုင်မကွဲပြား။ ဘ၀နှစ်ခုက အရောရောအထွေးထွေး။ အ ဖြစ်သနစ်တွေ မြင်ကွင်းပုံရိပ်တွေ အသံဗလံတွေ စကားလုံးတွေ အားလုံးအရောရောအထွေးထွေး။

ဘ၀နှစ်ခုလုံးမှာ မက်ခဲ့ရသည့် သူ့အိမ်မက်တွေကလည်း မထူးခြားမကွဲပြား။အားလုံးအတူတူ။အရင် ဘ၀ကလည်းသူ ဒီအိပ်မက်ကို မက်ခဲ့သည်။ ယခုဘ၀မှာလည်း ဒီအိမ်မက်အပြင် အခြားဖောက် ထွက်မလာ။ဘ၀ဟောင်းမှသခင်က လိပ်ပြာကြိုးကို အညှာကိုင်ထားလေရော့သလား။

ဖြစ်ပုံကတိုက်တိုက်ဆိုင်ဆိုင်။ သည်တလောလေးမှာပဲဖြစ်သည်။ ဘာကြာဦးမလဲ။ လွန်ခဲ့တဲ့တလ ကျော်လောက်ကပဲဖြစ်သည်။လောလောလတ်လတ် သူနေထိုင်ရာမြို့လေးသို့ သူ့အစ်မတယောက် ဗြုန်းစားကြီးပေါက်ချလာသည်။ သူတို့မောင်နှမခြောက်ယောက်ထဲတွင် ထိုအစ်မကအကြီးဆုံး။ ခြေ လေးတဖက် မသန်စွမ်းရတဲ့အထဲ ဘ၀က မလှမပရှာ။အခုအသက်(၆၀)နားနီးသည့်တိုင် ခေါင်းရွက် ဗျက်ထိုး လမ်းဘေးဈေးသည်ဘ၀ဖြင့် ရုန်းနေရသေးသည်။သားလေးတွေချည်းမွေးထားရာ ပညာ ရေးမှာ ချွန်ကြသော်လည်း အစ်မက ငါတော့ ကျောင်းမထားနိုင်တော့ဘူးဟာ၊ သူတို့ကျောင်းစရိတ် က မသေးဘူး ဟုဆိုသည်။ သူ နားပင်းသလိုလို လုပ်နေလိုက်သည်။ စိတ်ထဲကတော့ မကောင်း။ နောက်အစ်မ တယောက်ကတော့ လေးဖက်နာဖြစ်ရာက နောက်ဆုံး ဆေးမကုနိုင်တော့၍ သက် တမ်း မစေ့မီ ဆုံးပြီ။

အမေရော နေကောင်းရဲ့လားဟုမေးတော့ အစ်မကြီးလုပ်သူက အမေ့အခြေအနေကို ပြောပြသည်။ အမေ့အသက်က-၇၅။သတိတွေမကောင်းတော့ ပါဘူးဟာ။ အဖေ့ဓါတ်ပုံကို ကြည့်ပြီး နင်လို့ပဲ ထင် နေတယ်။နင်နဲ့အဖေနဲ့ကို လူချင်းမကွဲတော့ဘူး။ဟိုတလောက အိမ်ပေါ်ကချော်ကျလို့ လက်တဖက် လည်း ကျိုးနေသေးတယ်။ လက်ကျိုးကြီးနဲ့ လျှောက်လျှောက်သွားနေလို့ နင့်တူတွေက နောက်က တကောက်ကောက် လိုက်နေရတယ်လေ။

သူ့ရင်ထဲ နင့်ကနဲဖြစ်သွားပြီး မျက်ရည်စို့လာသည်။အမေက လမ်းထိပ် ပိတောက်ပင်အောက်ကနေ ညနေညနေဆိုရင် လမ်းမဘက်ထွက်ထွက်ပြီး မျှော်နေတတ်သတဲ့။ဘ၀ဟောင်းက သူ့ကိုလား။ဆုံး သွားတဲ့ အဖေ့ကိုလားတော့မသိ။ ဗေဒင်မေးရတာလည်း အမောပါပဲဟာ။

နင့်မှာဂြိုဟ်စီးဂြိုဟ်နင်း မကောင်းဘူးလို့များ ဗေဒင်ဆရာကဟောရင် ချေလိုက်ရတဲ့ ယတြာ၊ သူမို့ မမောတယ်။တော်သေးတယ် ဘုရားမှန် တရားမှန်းတော့ သိသေးလို့။ ညရောမနက်ရော ခိုးလိုက်ရ တဲ့ ဘုရား။တောင်းလိုက်တဲ့ဆု။ နင့် အကြောင်းချည်းပေါ့ဟာ …တဲ့။

ဒါနဲ့ တလောက အိမ်ကိုသန်းခေါင်စာရင်းလာစစ်သေးတယ် ငါ့မောင်ရဲ့။ ရဲရော ဘာရောပါတယ်ဟ။ သူတို့ကအမေ့ကို အဖွားကြီး ခင်ဗျား သား လာရင် သတင်းလာပို့နော်။ထိန်ချန်ထားရင်ကတော့ ဥပ ဒေအတိုင်းပဲ ဆိုပြီးပြောသွားလို့ အမေရယ်လေ အဲဒီ့တလော မျက်နှာလေးညှိုးနေလိုက်တာ၊တော် တော်နဲ့ကိုမပြေတော့ဘူးဟာ။ ထမင်းတောင် ကောင်းကောင်းမစားလို့ အမေရယ် အမေ့သားက ရာဇ၀တ်သားမှ မဟုတ်တာဘာညာနဲ့ မနည်းချောမော့ကျွေးရတာ။ အင်း သူတို့က သက်ကြီးရွယ် ကြီးတောင် ခြိမ်းလားခြောက်လားလုပ်ကြတာလေ။ အဲဒီလို ငါ့မောင်၊ အဲဒီလို။

ခြေကလေးထော့နင်းထော့နင်းနှင့် အမ်မပြန်သွားတော့ ဘာကိုမှမကူညီလိုက်နိုင်။အခုဘ၀မှာလည်း အရင်ဘ၀နည်းတူစွာရယ် ဘာရယ် ရှာဖွေတတ်တဲ့ကောင်မှမဟုတ်ဘဲလား အစ်မရယ်၊ ခွင့်လွှတ် တော့ဟု စိတ်ထဲက ကန်တော့လိုက်ရသည်။
သြော် ဒီတသက် ပြန်မှ ဆုံနိုင်ကြဦးမလား အမေရယ်။
ထိုကြေကွဲမှုက ဘ၀ဟောင်းက သူ့လိပ်ပြာကို ပြန်လည်နိုးဆွကာ ချန်ရစ်ခဲ့သည်နှင့်မခြား။

ထိုရက်ပိုင်းများမှာပင် မိတ်ဆွေဟောင်းတယောက်ဆီက သူ့ဆီအီးမေးတစောင် ၀င်လာသည်။ ဓါတ် ပုံတချို့လည်း အတက်ခ်ျဖိုင်နှင့်ပို့လိုက်သေးသည်။ အနောက်တိုင်း ရုပ်ရှင်တွေထဲက မြင့်တွေ့နေကျ ပုံမျိုးတွေဖြစ်သည်။ တခါဖူးမက စိတ်ကူးယဉ်ထားပုံပင်မပေါ်သည့် ၀တ်စုံမျိုးတွေကို သူတို့တော် တော်နေသားတကျ ၀တ်ဆင်ထားတတ်ကြပြီ။ လူတွေက ဒီမှာနေတုန်းကနှင့်မတူ။ တသွေးတမွေး စိုရွှမ်းနေကြသည်။ မျက်လုံးတွေက လက်နေကြသည်။ အပြုံးတွေလည်း ၀င်းပနေကြသည်။

သူပြန်တွေးကြည့်တော့ ထိုမိတ်ဆွေသည် သူ့၏ ဒုတိယဘ၀ထဲမှာဖြစ်ကာ သူသည်လည်း ထိုမိတ် ဆွေ၏ ဒုတိယဘ၀ထဲကပင်ဖြစ်နေသည်။ သူလက်ခနဲပြုံးဖြစ်သွားသည်။ အင်း လက်စသတ်တော့ ဒီလူလည်း ဥစ္စာစောင့်ပဲဟာကိုးဟု အတွေးဝင်သွားပြီး ပြုံးမိသွားခြင်းဖြစ်သည်။ သူတို့ကတော့ ဒုတိ ယ ဘ၀ကိုလွန်ကာ တတိယဘ၀သို့ပြောင်းသွားခဲ့ပြီ။ သူ့မိန်းမစကားနှင့်ဆိုရင်တော့ လိပ်ပြာကြိုး ဖြတ်ပြီး ဘ၀တွေပြောင်းသွားတာပဲဖြစ်မည်။ ပထမဘ၀လိပ်ပြာကြိုးကို ဖြတ်လိုက်တာလား၊ ဒုတိယ ဘ၀လိပ်ပြာလိပ်ပြာကြိုးကိုဖြတ်လိုက်တာလား နှစ်ခုလုံးများလားတော့ သူ မသိ။

သူဆက်တွေးသည်။ သူ့ပတ်ဝန်းကျင်ကို အခြေခံပြီးတွေးသည်။ သူမြင်နေကျ တွေ့နေကျသူများ အ ကြောင်းများကိုတွေးသည်။ အားလုံးကို သူက သူ့လိုဥစ္စာစောင့်တွေ အဖြစ်သာမြင်နေသည်။ ဟုတ် တယ်။ အားလုံးဟာ ပထမဘ၀က ဝေဒနာတွေနဲ့ ဒုတိယဘ၀ကို ရောက်လာကြတာ။ ကိုယ်စီကိုယ် စီတွင် ပထမဘ၀တုန်းက နှောင်ကြိုးတွေရှိမည်။ ဘ၀ဟောင်းက လိပ်ပြာနှောင်ကြိုးတွေ။ သို့သော် သူ့မိန်းမထင်သလို ရာဇ၀င်သိုက်ကားထဲက ဥစ္စာစောင့်တွေလိုမျိုးတော့ ဟုတ်မည်မထင်။

သူတို့စောင့်ခဲ့ကြသည်က စိန်ရွှေရတနာ ကျောက်သံပတ္တမြားများမှ မဟုတ်တာပဲလေ။

တခုတော့ရှိသည်။ တချို့ကျတော့ ဘ၀ဟောင်းနှင့်အဆက်ပြတ်ကာ အခုဘ၀က ရတနာဥစ္စာတွေ အပေါ်ငြိတွယ်ရင်း သည်ဘ၀ကို စွဲကောင်းစွဲနေနိုင်သည်။ ဒုတိယဘ၀ရောက်ကာမှ တကယ့်ပိဘိ ဥစ္စာစောင့်ဘ၀ ရောက်သွားတာမျိုးလည်း ခြွင်းချက်အဖြစ် ရှိကောင်းရှိမည်။ ဒါတော့ သူ သေသေ ချာချာ မပြောနိုင်။

သူကတော့ ဘ၀ဟောင်းကခေါ်သံတွေသာ ကြားကြားနေရသည်က များလာသဖြင့် ညညများတွင် ဖိုလှိုက်တုန်ရင်နေအောင် မောလျ ပင်ပန်းနေသည်။ နေရာမျိုးစုံက ပုံစံမျိုးစုံ သဏ္ဌန်မျိုးစုံနှင့် ခေါ်နေ ကြသည်များ၊ လိပ်ပြာခေါ်သံများ။

ညကြီးမင်းကြီး အိပ်ရာထဲမှာ ငေါက်ခနဲ ထထိုင်ဖြစ်တော့ မိန်းမကပါ ပြူးပြူးပျာပျာဖြစ်ကာ နိုးလာ သည်။ ပြီးတော့ ရေတခွက်ကိုခပ်ကာ ဖန်ခွက်ကိုကိုင်ရင်း ပါးစပ်က ဆီမန်းမန်းသလို တတွတ်တွတ် ထိုးပြီး ပေးသည်။
သူပြိုက်ခနဲမော့ချလိုက်သည်။
ခေါ်သံတွေကတော့ ရပ်မသွား။

မျက်လုံးတွေကြောင်စီစီဖြစ်ကာ စိတ်လက်လေးလံလှသဖြင့် ကော်ဖီဆိုင်လေးသို့ထွက်ကာ ကော်ဖီ ခါးခါးတခွက်သောက်သည်။ ပြန်လာတော့ အိမ်ထဲသို့ မ၀င်ရသေးမီကပင် စူးရှပြင်းထန်လှသည့်အနံ့ များ ထောင်းထောင်းထနေသည်ကို သူသတိထားမိသည်။

အိမ်ထဲရောက်တော့ သူမြင်လိုက်ရသည့်မြင်ကွင်းက သူတခါမှမမြင်ဘူးသည့် လူတဦးက ခေါင်းရင်း ခန်းမှ မြိန့်မြိန့်ကြီးထိုင်လျက်။

ထိုသူ့တကိုယ်လုံး အညိုရောင်လွှမ်းနေသည်။ ခေါင်းမှာပတ်ထားသည်က အညို။ ကိုယ်မှာဝတ်ထား သည်ကလည်း အညို။ ခါးမှာစည်းထားသည်ကလည်း အညို။ လူကလည်းအသားအရည် ခပ်ညိုညို ခပ်မည်းမည်း။ ထိုလူညိုကြီးကအရောင်များထွက်နေသည့်အကြည့်ဖြင့် အိပ်မှုံစုံဝါးဝင်လာသော သူ့ ကို ဖျက်ခနဲ လှမ်းကြည့်သည်။ ထိုအကြည့်က စူးရဲလွန်းလှသဖြင့် ရုတ်တရက် လဲကျသွားမလားပင် အောက်မေ့ရသည်။
“အတော်ပံလာလာ၊ရှင်ဒီမှာထိုင်။ ဆရာကြီးကရှင့်ကို လိပ်ပြာကြိုးဖြတ်ပေးမလို့၊ ကဲကဲ လက်အုပ်ချီ ပြီး ဦးချလိုက်”
မိန်းမကပြောလည်းပြော သူ့လက်ကိုလည်းဆွဲကာ ထိုလူညိုကြီး၏အရှေ့ အုန်းပွဲငှက်ပျောပွဲ အမွှေး တိုင်ဖယောင်းတိုင်များကြား ထိုင်ခိုင်းသည်။ ပထမတော့ သူ ကြောင်စီစီ ကြက်သေသေဖြစ်လျက် မိန်းမခိုင်းသလို ၀င်ထိုင်မိသည်။
“ကဲကဲ ဆရာကြီးကို ဦးချလိုက် ရှင် ဒီဘ၀အတွက် လိပ်ပြာဆက်ဖို့ ဘ၀ဟောင်းကသိုက်ကြိုးကို ဖြတ်ရတော့မယ် သိလား”
“ဘာကွ ဒီလူကြီးကို ငါက ဘာဆိုင်လို့ဦးချရမှာလဲ မင်းရူးနေသလား”

အဖြစ်အပျက်တွေကြောင့် ဒေါသတွေ လိပ်တက်လာပြီး အသံနက်ကြီးဖြင့် သူအော်လိုက်သည်။ ရူး ပေါပေါနိုင်လှသည့် သူ့မိန်းမကိုတလှည့် နှုတ်ခမ်းမွှေး မေးစေ့မွှေးထူလဗျစ်ကြီးနှင့်လူညိုကြီးကို တလှည့် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးအစုံဖြင့် ကြည့်လိုက်သည်။

လူညိုကြီးက သူ့ကိုကြည့်ကာခေါင်းတဆတ်ဆတ်ညိတ်ရင်း နှုတ်ခမ်းမွှေးမေးစေ့မွှေးထူလဗျစ်ကြီးကို တသသလုပ်ကာ သူ့ဘေးမှာချထားသည့် မဟော်ဂနီရောင် တုတ်ချောင်းတုတ်တုတ်ကြီး တချောင်း ကို ဆွဲကိုင်လိုက်တာ တွေ့ရသည်။

လူညိုကြီးက သူ့မိန်းမဘက်ကို မျက်နှာရိပ်မျက်နှာကဲလုပ်ကာ အချက်ပေးလိုက်တာလည်း သူသတိ ထားမိသည်။

မိန်းမက ဘယ်လိုအချက်ပြန်ပေးလိုက်သည်မသိ။ တုတ်ချောင်းတုတ်တုတ်ကြီးက သူ့ခေါင်းပေါ်ဝဲ သွားတာကိုတော့ သိလိုက်သည်။ သူ လက်ကိုကာလိုက်သေးသော်လည်း နောက်ကျသွားခဲ့ပြီး။

ထူပြိန်းမှောင်မည်းလှသည့် အမှောင်ထုကြီးထဲတွင် သူက အလင်းတန်း၏အလျင်နှင့် လွင့်နေမျော သည်။ လွင့်နေဆဲအခိုက် သူ့အမြင် အာရုံထဲတွင် အဖေအမေတို့၏မျက်နှာများ မောင်နှမတို့၏မျက် နှာများ တွေ့ရမြင်ရသည်။ နေပူစပ်ခါးထဲ အားလုံးဖော်နေသည့် အညာကျေးလက်က သူ့တူမလေး မျက်နှာလေးကိုလည်း ရိပ်ခနဲမြင်လိုက်ရသည်။ သူတို့တွေအားလုံးက သူ့ကို အော်ဟစ်ခေါ်နေကြ သည်ကိုလည်း သူသတိထားမိသည်။

တနေရာမှာတော့ မျောလွင့်နေသည့် သူ့အလျင်သည် တုံ့ခနဲ တန့်သွားသည်။ ရပ်သွားသည်။ မြင့် မားလှသည့် တနေရာမှ ရုတ်ချည်းပြုတ်ကျလိုက်သလိုမျိုး။
ခေါ်သံတွေက ဘ၀ဂ်တမျှပြန့်ကား လှိုင်းထသွားသည်။
ဘ၀ဟောင်းက ခေါ်သံများ .....

မောင်ကြီးပြည်စိုး
(မြတ်နိုးဆုံး “ပွင့်” သို့ အမှတ်တရ)

1 Comment:

  1. အိမ်လွမ်းသူ said...
    ခံစားချက်တူနေသလိုခံစားရလို့ အမှတ်တရ ဝင်ရေးမိပါတယ်။ ကျမလည်း ငယ်စဉ်ကဘဝကို တခါတခါ အရမ်းသတိရရင် အသက်ရူမဝသလို ခံစားရတယ်။ ဇာတိမြေနဲ့ဝေးကွာနေသူတိုင်း ဒီလိုခံစားရမယ်လို့ ထင်မိတယ်...

Post a Comment