(မောင်ကြီးပြည်စိုး)
၁။
ငါးမိနစ်အလွန်။
လက်ကနာရီကိုငုံ့ကြည့်လိုက်သည်။ ငါးမိနစ်လွန်သွားပြီ။ ငါးနာရီငါးမိနစ်လွန်သွားပြီ။မသေချာ။သေ ချာအောင် တခါထပ်ကြည့်သည်။ငါးမိနစ်လွန်သွားပြီမှာသေချာပြီ။ ဒီငါးမိနစ်အတွင်း ဒါမှမဟုတ် ငါးနာရီထိုးပြီးချိန်ကစပြီး နာရီကိုဘယ်နှကြိမ်ဘယ်နှခါကြည့်မိမှန်း မသိကြည့်မိသည်။ ကြည့်စရာက လည်း လောကတခုလုံး ဟောဒိ့ကျပ်စေ့အ၀န်းသာသာ နာရီမျက်နှာပြင် လေးကလွဲလို့ ဘာမှမရှိ တော့သလို။တကယ်ဆို ကားထွက်ရမည့်အချိန်ကလွန်နေပြီ။ မောင်းလိုက်ပါတော့လား။ ငါးနာရီ တိ တိတုန်းကတော့ ဂိတ်မှူးကအချက် ပေးခရာမှုတ်လိုက်သေးသည်။ ခရီးသည်အပြည့်တင်ထားပြီး ဖြစ်သည့် အဝေးပြေးဘတ်စ်ကားကလည်း ခရီးတာတခု စတင်တော့မည်ဖြစ်ကြောင်း အတိအလင်း အသိပေး ကြေညာလိုက်သလိုဟွန်း သံရှည်ရှည် ပေးပြီးခဲ့ပြီ။ခုနေဆို ကားကခရေပင်လမ်းခွဲ လောက်ပင် ရောက်နေရော့မည်။ ခုတော့ကားက မူလနေရာမှ နည်းနည်းလေးမှမလှုပ်။ အရေးထဲ ကားဆရာက နိုင်ငံကြီးသားလူကြီးလူကောင်းဆန်နေ လိုက်သေးသည်။ ဟိုကပြန်မလာမချင်းဘဲ စောင့်တော့မည့်ပုံမျိုး။ဒီမှာက သေချင်စော်နံနေပြီ။ ဆံပင်တွေကြားက ချွေးပေါက်ချွေးသီးတွေတရွရွ ထလာကာ တောင့်မတ်မတ်ကြီးဖြစ် နေသည့်ကျောပြင်ရှိရာသို့ တဒီးဒီးလိမ့်ကျလာပြီး နောက်ဆုံး တင်ပါးနှလုံးကြားအဆုံး သတ်လျက်အိုင်ထွန်းနေပြီ။ကားကမလှုပ်သေး။
ခါတိုင်းဆို ခရီးသည်တွေ က သည်လိုငြိမ်နေကြသည်မဟုတ်။ ဒီလိုပူစပ်ပူလောင်နေ့မျိုးဆို သာပြီးဆိုးပေမည်။ ကားဆရာရေ ထွက်ပါတော့ဗျို့ဟု ထအော်မှာမျိုးဖြစ်သည်။ ခုတော့ ခရီးသည်တွေကလည်းငြိမ်နေလိုက်သမှ တုပ် တုပ်ပင်မလှုပ်။ သူတို့လည်း မျက်စေ့ရှေ့မှောက်ဖြစ်သွားသည့် စောစောကအဖြစ်ကြောင့် ပုံမှန်စိတ် အနေ ရွှေ့သွားတာမျိုးလည်း ဖြစ်နိုင်သည်။ သို့လောသို့လော သိချင်ဇောလည်း ဖြစ်နေနိုင်သည်။ ခဏတာအဖြစ်အပျက်က သူတို့ကို အာစေးထည့်ခံလိုက်ရ သည့်နှယ်ဖြစ်သွားပြီး ဘာစောဒကမှ တက်မလာ။ အချိန်တန်လို့ကား မထွက်တာကိုပင်မေ့လျော့နေကြပုံပင်။ အခြေအအနေက ကိုယ် ကိုယ်တိုင် မောင်းပါတော့ဗျို့ဟု ထအော်လိုက်ရမှာမျိုးလား။ အား။ မှားပေမပေါ့။ ဒီအချိန်တွင် မိနစ်တိုင်းစက္ကန့်တိုင်း၌ ကိုယ့်အတွက်အသက်တမျှအရေးကြီးနေသည်။ အဆုံးအဖြတ်ဖြစ်နေသည်။ လက်ပတ်နာရီဆီ အကြည့်ရောက်ပြန်သည်။ နာရီလက်တံ တွေကိုမမြင်ဘဲ လက်မောင်းလက်ဖျံ လက်ဖမိုးလက်ဖ၀ါးတွေမှာ ချွေးများရွှဲနစ်နေသည်ကိုသာ သတိထားမိ၏။ ခေါင်းကိုပြန်မတ်လိုက် တော့ မျက်လုံးက ကားဒရိုင်ဘာအခန်း၏နောက်ကျောဘက် နံရံကပ်စင်ပေါ်ရှိ တီဗွီနှင့်ဘေးချင်း ယှဉ်နေသည့် တိုင်ကပ်နာရီဆီ အကြည့်ရောက်သည်။ ငါးနာရီ ခုနစ်မိနစ်။ ငါးနာရီ ခုနစ်မိနစ်။ သေချာပါသည်။ ငါးနာရီခုနစ်မိနစ်။ နောက်ထပ် နှစ်မိနစ်တိုးလာသည်။ ဒါဆို သူတို့ဆင်းသွားတာ ခုနစ်မိနစ်ရှိပြီပေါ့။ ခုနစ်မိနစ်သည် ခုနစ်မိနစ်မှာ ခုနစ်မိနစ်၌ ခုနစ် မိနစ်တွင် ခုနစ်မိနစ်အတွင်း။ သဒ္ဒါအထားအသိုတွေလည်း တည့်အောင်မဆင်နိုင်တော့။ အင်း ဒီခုနစ်မိနစ်အတွင်း ချစ်သူ့ရဲဘော် ကို သူတို့စစ်ကြော မေးမြန်းပြီးစီးနိုင်ပါသလား။သူကားပေါ်က ဆင်းလိုက်သည်နှင့်အပြင်မျက်ကွယ် တွင် အသင့်စောင့်နေသည့်လူတစုက သူ့ဘေးတ ဖက်တချက်ဆီရုတ်ခနဲရောက်လာကာ လက်နှစ် ဘက်ကိုချုပ်ဖမ်းလိုက်ပုံက အကြိမ်ပေါင်းတ သန်းမက ဇာတ်တိုက်လေ့ကျင့်ထားသလိုမျိုး ပိရိသပ် ရပ်သေချာလှသည်။ ထိုမြင်ကွင်းက ရုပ်ရှင်စွန့်စားခန်းထဲကမဟုတ်။ ချစ်သူ့ရဲဘော်သည် လွန်းထိုး လှုပ်ရှားခြင်း အလျဉ်းမလုပ်။သို့သော် ရင်ဘတ်ကိုကား ကော့ထား၏။ခေါင်းကိုလည်း မော့ထား၏။ ချုပ်ကိုင်ထားခံရသည့် လက်မောင်းနှစ်ဘက်မှာလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား လျက်။အဖြစ်အပျက်က မြန်ဆန်သည်။ သင်းသည်။ ကားထွက်ခါနီးအချက်ပေးခရာမှုတ်လိုက်သည့် တချိန်တည်း ၀တ်စုံပြည့်ယူနီဖောင်းနှင့် ဒုရဲအုပ်တယောက် ကားပေါ်တက်လာခြင်းဖြစ်သည်။ ခရီး သည်တွေအားလုံးစုံပြီ။ဝဲယာနှစ်ဘက်ခုံတန်းများသာမက အလည်ခုံတွေမှာလည်းလူပြည့်ပြီ။ ကိုယ် တို့နှစ်ယောက်က ကားနောက်ကျောမှန်နှင့်ကပ်လျက်က ခုံတန်းထွင်ထည့်ထားသော ငါးယောက် တန်းမှာနေရာရသည်။ ချစ်သူ့ရဲဘော်က ညာဘက်အစွန်ဆုံး ကားနံရံကိုအမှီပြုလျက် နေရာယူ သည်။ ကိုယ်က ဒုတိယအစွန်လူ။ ကားထွက်ခါနီးလေးတွင် ချစ်သူ့ရဲဘော်က ကိုယ်တို့နည်းနည်း ရီဝေသွားကြ ရအောင်ဟုဆိုကာ ကားပေါ်ကဆင်းသွားသေးသည်။ ခဏနေပြန်တက်လာတော့ သံဘူး ဘီယာသုံးလေးဘူးနှင့် လိမ္မော်သီးသုံးလေးလုံးပါလာသည်။ ဂိတ်မှူးကလည်း ခရာတွတ်၍ အချက်ပေးပြီးပြီ။ ကားကလည်း ဟွန်းသံရှည်ရှည်ပေးပြီးပြီ။ ကားဘီးလှိမ့်လိုက်ရုံပါပဲ။ ကားဘီးလှိမ့် လိုက်ရုံပါပဲ။
သည်စဉ်မှာပင် စောစောကပြောသည့်ဝတ်စုံပြည့်ငနဲက ဘွားဆိုပေါ်လာခြင်းဖြစ်သည်။ငနဲသား က ပေသိပ်ရှည်ချင်ပုံမရ။ကားနောက်ဆုံးထောင့်စွန်မှာထိုင်နေသည့် ချစ်သူ့ရဲဘော်ကို လက် ညှိုးတန်း ထိုးကာ အမည်တပ်ခေါ်လျက်ခဏလိုက်ခဲ့ပါဟု တချက်တည်းပြောလိုက်၏။ ရုတ်တရက် ကိုယ့်စိတ် ဗလာကျင်းသွားသည်။ဘာလဲ၊ဘာဖြစ်တာလဲ။တခဏတဖြုတ်ကိစ္စလား။ ချစ်သူ့ရဲဘော်က ထိုင်ရာ ကထရပ်ရင်း ခန္ဓာကိုယ်ချင်းထိလျက်ထိုင်နေသည့် ကိုယ့်ကိုလက်ဖြင့် ဖျစ်သွားခဲ့သေးသည်။ ဘာ အဓိပ္ပာယ်လဲ။
ထိုတဒင်္ဂလေးသည် ကိုယ့်စိတ်ကို တ၀ုန်းဝုန်းလှုပ်ခါကျန်ရစ်စေခဲ့သည်။ သူကားအောက် ရောက် ရောက်ချင်း မြင်လိုက်ရသည့်မြင်ကွင်းက သမရိုးကျမဟုတ်တော့တာကိုယ်သိပြီ။“ဒီမှာ ခုနကလူ ပစ္စည်းတွေ ဘယ်မှာလဲဘယ်မှာလဲ” လိပ်ပြာနုတ်ခံထားရသလို ကြောင်စီနေဆဲ။ နောက်ထပ်ကား ပေါ်တက်လာသည့် လူနှစ်ယောက်၏အမေးကို ပြန်မဖြေမိ။ တုံဏှိဘာဝေနေမိလျက်သာ။ သူတို့၏ ခက်ထန်ထန်မာကြောကြော မျက်နှာတွေကိုတော့ သတိထားမိသလိုလိုရှိသည်။ ကိုယ်နဲ့ဘေးချင်း ကပ်လူက ထိုင်ရာမထနေလျက်က ဟိုဟာတွေဟု လှမ်းပြလိုက်ပုံရသည်။ မသဲကွဲ။ ငေါင်ငူငူကြီးဖြစ် နေဆဲ။သတိတချက်ကပ်မိတော့ ချစ်သူ့ရဲဘော်နှင့် အတူပါလာသည့် အရာအားလုံး သူတို့ဆွဲချယူ သွားကြပြီ။လူလည်းရသွားပြီ။ပစ္စည်းတွေလည်းပါသွားပြီ။ကျန်နေသေးသည်က ကိုယ်။ လျပ်တပြက် အတွင်းကိုယ်နဲ့ချစ်သူ့ရဲဘော်တို့ တကွဲတပြားဆီဖြစ်သွား ပြီဟုခံစားလိုက်ရသည်။သူ့ကိုချက်ချင်းပဲ စစ်မေးနေပြီလား။သူ့အင်္ကျီအိတ်ထဲတွင်ပါသွားသည့် ကားလက်မှတ်နှစ်စောင်က ဟိုငနဲတွေ ကိုယ့် ဆီဒုန်းဆိုင်းပေါက်ချလာမည့် အခိုင်မာဆုံးအချက်တချက် ဖြစ်နေသည်။ သူလည်းဒါကိုကာကွယ်နိုင် တော့မည်မဟုတ်။စိတ်ထဲတွင် ချစ်သူ့ရဲဘော်တွင်ပါလာသမျှပစ္စည်းတွေကို အိတ်သွန်ဖာမှောက် တခုချင်းအထပ်ထပ်ရှာကြဖွေနေကြပုံကို မြင်နေပြီး စိတ်ထဲတင်း ခနဲဖြစ်သွားသည်။ ခုနေ ကားပေါ် က တိုးဝှေ့ဆင်းထွက်ပြီး လက်ဦးမှုယူလျှင် ကောင်းမလား။ အဲဒါကပဲ ဟန်ချက်ပျက်ပြီး ပိုဆိုးသွားမ လား။ လူစည်ကားလွန်းလှသည့် ဒီအဝေးပြေးကားဂိတ်ဝင်းထဲမှ အလွယ်တကူရော လွတ်မြောက် သွားမှာလား။ ကားဆရာကလည်း ခုမှတာဝန်ကျေ ဦးကြီးလုပ်နေသည်။ချစ်သူ့ရဲဘော်ကို ပြန်ပေါ် လာ လေဦးမလားဟု တွက်နေပုံလည်းရသည်။ ခရီးသွားတွေကရောကိုယ့်ကိုဘယ်လိုမြင်လေမလဲ။ ကိုယ်နဲ့ချစ်သူ့ရဲဘော်တို့၏နှစ်ကိုယ့်တစိတ်ဘ၀ကို ရိပ်စားမိခဲ့ကြသလား။ ကိုယ့်မှာဘာကိုမှသတိ မထားမိအောင်ဖြစ်နေရာက ဘေးဘီကိုအကဲခပ်ရသည်။ ဟောဒီ့ကားထဲကလူတွေ ကားသမားတွေ တဦးဦးတယောက်ယောက်က ကိုယ့်ကိုဘယ်သူ သတိထားမိသွားသလဲ။ ငနဲသားတွေပြန်လှည့်လာ ပြီး ဟိုတယောက်နဲ့အတူပါလာတဲ့လူ ဘယ်သူလဲ၊ ထွက်ခဲ့ပါဟုမေးလာလျှင် သူတို့လက်ညှိုးတွေ ကိုယ့်ဆီထိုးစိုက်ကျလာမှာလား။ ကံကောင်းထောက်မစွာ သူတို့ဆီမှ သံသယအရောင်သမ်းသည့် အကြည့်လေးတချက်တလေပင် ရောက်မလာဘဲ ဘတ်စ်ကားပေါ်ပြနေသည့် ဗီဒီယိုဇာတ်လမ်းပေါ် မှာအာရုံကျနေကြသည့်အတွက် ကိုယ်အသက်ရှူနည်း နည်းချောင်နေသည်။ စောစောက ချစ်သူ့ ပစ္စည်းတွေကိုညွှန်ပြခဲ့သည့် ကိုယ်နှင့်ဘေးချင်းကပ် နေသူကိုလည်း မသိမသာသတိထားရသေး သည်။သူကခပ်ငယ်ငယ် လူရွယ်လေးတယောက်။ ထူးထူးခြားခြားလက္ခဏာမရှိ။ ပုံမှန်အနေအထား အတိုင်းသာ။
“ပွမ်…ပွမ်…ပွမ်…ပွမ်…………..”
ကားဟွန်းသံရှည်ရှည်ပေါ်လာသည်။ ကိုယ့်တို့ကားကမှ ဟုတ်ပါလေစ။ ကားကငြိမ့်ခနဲတချက်လှုပ် သည်။ သေချာသည်။ကားထွက်တော့မည်။ချစ်သူ့ရဲဘော်ကို မစောင့်တော့။ အဝေးပြေးကားဂိတ်ထဲ ကဘီးစလှိမ့်တော့ ခါးအတောင့်သားကြီးထိုင်လျက်က ယာဉ်မောင်းနောက်ကျောနံရံမှနာရီကိုလှမ်း ကြည့်မိလိုက်၏။
ငါးနာရီဆယ်မိနစ်စွန်းစ။
စိတ်ထဲကချစ်သူ့ရဲဘော်ကိုအလေးပြုလိုက်သည်။ချစ်သူ့ရဲဘော်ကံကောင်းပါစေ။
၂။
ထောက်ကြံ့ရာဘာတောကိုလွန်တော့ မှောင်ရီပျိုးပြီ။ စိတ်ကတော့ ခုထိဗရုတ်ဗရက်ဗြောင်းဆန် ကောင်းဆဲ။ ခန္ဓာကိုယ်က တောင့်တောင့်မတ်မတ်ကြီးဖြစ်နေသလောက် စိတ်ကစက္ကန့် ငယ်များအ တွင်း ကုဋေပေါင်းများစွာ လှုပ်ရှားပြေးလွှားနေခဲ့သည်။ ဘာဆိုဘာမှအသေအချာ ဖမ်းဆုပ်မရ။ ကား မထွက်မီအခြေအနေနှင့် ခုအခြေအနေက တမျိုးစီခြားသွားပြီ။ လူသူစည်ကားလှသည့် အဝေးပြေး ဂိတ်ဝင်းထဲမှာတုန်းကတော့ ကိုယ့်အဖို့ရုန်းထွက်ဖို့ရာမလွယ်။ကြိုးစား လည်းအချည်းအနှီး သာဖြစ် မည်ဟု ကိုယ်ထင်သည်။ ခုရော။ သေချာတာက ချစ်သူ့ရဲဘော်တွင် ပါလာသမျှအချက်အလက်နှင့် နောက်ဆုံးအခြေအနေကို သူတို့ရသွားလောက်ပြီ။သူနှင့်အတူပါ လူတယောက်၏အမည် နေရပ် လိပ်စာခရီးလားရာဘာဘာညာညာတွေရသွားလောက်ပြီ။
ဆယ်မိနစ်နောက်ကျထွက်လာသည့်ကားက အရှိန်မြှင့်၍မောင်းနေသည်။ ကိုယ့်ခေါင်းထဲမှာလည်း အတွေးစတွေဗရပွနှင့် အရှိန်မြင့်သထက်မြင့်လာသည်။ ငါ့အတွက် ထွက်ပေါက်ကဘာလဲ။ လွတ် မြောက်ရာလမ်းကဘာလဲ။ အဖြေက ရှင်းရှင်းလင်းလင်းမရှိ။ အားလုံး လုံးထွေးပတ် ချာလည်နေဆဲ။
ခဏနေတော့ အမှောင်က အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ။ အပုပ်ချိန်။ ကိုယ်ကကားတစီး၏ နောက်ဆုံးထောင့်စွန်း ၀င်မလွယ်ထွက်မလွယ်နေရာမှာ ထိုင်နေသည်။ တယောက်ယောက် နှင့်နေ ရာချင်း လဲလိုက်လျှင်လုံခြုံသွားမလား။ ဒါလည်းမဟုတ်သေး။ တခရီးထဲသွားများ၏ အမြင်အတွေး ကိုပြောင်းပစ်တာမျိုးမလုပ်သင့်။ ဒီအတိုင်းဟန်မပျက်ဘဲကောင်းသည်။ထိုစဉ်မှာပင် ကားကထောက် ကြံ့တိုးဂိတ်ရှိရာရောက်လာရာ ခါးကိုပိုမတ်လိုက်ပြီး ရှေ့ကိုကဲကြည့်ဖြစ်သည်။အားပါးပါး။ လူတွေ တသန်းလောက်တောင်ရှိမလား ထင်ရသည်။ အမှောင်ထုကိုဖြိုခွင်းသည့် နှင်းခွဲမီးဝါ၀ါကြီးတွေ ၀ါနီ ပြာစိမ်းရောဖက် စူးစူးဝါးဝါးအလင်းတန်းတွေ၊ ကားရပ်ရန်အချက်ပြသည့် လက်ကိုင်မီးတုတ်တွေ၊ ယူနီဖောင်း ၀ါပြာစိမ်းတွေ၊ ဖြူကြောင်ကျား အရပ်ဝတ်တွေ။ လောက်ကောင် ဖုတ်ကောင်တွေလို ရွစိတက်နေသည်။ အို…တသန်းလောက်တောင် ရှိမလား။ကားကအချက်ပြရာနေရာမှာ ထိုးရပ် လိုက်သည်။ သွားပြီ။ ချစ်သူ့ရဲဘော်ဆီမှလက်မှတ်ဖြတ်ပိုင်းအရ ကိုယ်ဒီကားနှင့် ပါလာမည်ကို ဖုတ် ကောင်တွေ သိပြီးရော့မည်။ ကိုယ့်မှာ ဖင်တကြွကြွ။ အဖြစ်က ခုန်ချထွက်ပြေးဖို့နေနေသာသာ ထိုင်ခုံမှ ကားတံခါးပေါက်ရှိရာထွက်ဖို့အရေးကပင် သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ်။ အလယ်ခုံ တန်းထိုးစနစ်ကြောင့် ကျဉ်းထဲ ကျပ်ထဲပို ရောက်နေပြီး ထောင်ချောက်ထဲပိတ်မိနေသည့် သား ကောင်တကောင်၏အဖြစ်မျိုး ခံစားနေရသည်။ လူနှစ်ယောက် ကားပေါ်တက်လာသည်။ တ ယောက်ကအ၀ါ၊ တယောက်က အပြာ။ အ၀ါက ရဲ။ အပြာက မီးသတ်။ ထွီ၊ ရှီးတဲ့မှပဲ။ ကျိတ်ဆဲမိ သည်။ အစိမ်းတွေ ဖြူကြောင်ကျားတွေက ကားအောက်မှာ အနန္တ။အဝေးပြေးဘတ်စ်ကားကြီးတွေ ဆိုတော့ ကားအတွင်းခန်းမှာလည်း ထိန်ထိန်လင်းနေသည်။ မြင်ကွင်းကရှင်းနေသည်။ သူတို့မျက် လုံးတွေက ခရီးသည်အားလုံး အပေါ်ခြုံပြီးကြည့်သည့် အကြည့်။
တစက္ကန့်၊ နှစ်စက္ကန့်၊ သုံး လေး ငါး … စက္ကန့်များ။
အသက်မှရှူမိရဲ့လားမသိ။တကိုယ်လုံးအေးစက်တောင့်ခဲ။ မရှေးမနှောင်းတွင် ခရီးသည်တင်ဘတ်စ် ကားကြီးတစီးက ကိုယ်တို့ကားနောက်ကျောသို့ ထပ်မံထိုးစိုက်ဝင်လာခဲ့၏။ ကံကောင်းခြင်းပေ လော။ကားပေါ်က ဖုတ်ကောင်နှစ်ကောင် အာရုံပြောင်းသွားပုံရကာ စွေ့ခနဲပြန်ဆင်း သွားကြသည်။ ဟင်း … ။ သည်တော့မှကိုယ့်မှာ အောင့်သက်နှင့်ပြွမ်းသော သက်ပြင်းရှည်တချက် ချမိလေသည်။
အမှောင်ထဲတွင် ကားကတရိပ်ရိပ် ဆက်လက်မောင်းနှင်လာသည်။ မြို့စဉ်ရွာတန်းတို့ ဖျတ်ခ နဲဖျတ် ခနဲ ကျန်ရစ်ခဲ့ကြ၏။ ကိုယ့်အတွေးလျဉ်မှာလည်း တနေရာမှတနေရာ တခုမှတခုဖျတ်ခနဲဖျတ်ခနဲ။
ချစ်သူ့ရဲဘော်သည် သူ့အင်္ကျီအိတ်ထဲမှကားလက်မှတ်ကို ရသလောက်အချိန်ဆွဲနေပုံရသည်။ ကိုယ့် အတွက် အခွင့်အလမ်းတရပ် ဖန်တီးပေးတာမျိုး။ နို့မဟုတ် စောစောက တိုးဂိတ်မှာပင် ကိစ္စပြတ်ပြီ။ ဆိုတော့ ခုချိန်ထိ သူနှင့်ကိုယ်၏အဆက်အစပ်ကို သူတို့ရသေးပုံမပေါ်။ ဒါကို ကိုယ်ကအသုံးချ တတ်ဖို့လိုမည်။
ကိုးနာရီလောက်မရှိတတ်ရှိတတ်တွင် ခရီးသည်များညစာအတွက် ကားကမြို့တမြို့မှာနားသည်။ ကိုယ်က ထမင်းဆိုင် တန်းသို့မ၀င်ဘဲ အပြင်ဘက် ချောင်ကောင်းကောင်းတနေရာတွင် တယောက် ထဲ ဦးနှောက်သွားစားသည်။ ခေါင်းထဲမှာ ဆူပွက်ထနေသည်။ လွတ်မြောက်ရေး။ အင်ဂျင်တလုံးဆို ၀ုန်းခနဲတောင် ထပေါက်သွားမလား။ သည်အချိန်တွင် ချစ်သူ့ရဲဘော်၏ ရုပ်သွင်ကအတွေးထဲ ဝေ့၀ဲ ပေါ်လွင်လာသည်။“တခုခုဖြစ်လာရင် ခင်ဗျားရွေးချယ်ရမှာက ချစ်သူတွေရှိရာကိုသာ ဦးတည်ဗျ။ ကွင်းဆက်ပြတ်မသွားစေနဲ့။ နို့မဟုတ်ရင် ခင်ဗျားအဓိပ္ပာယ် ပျောက်သွားလိမ့်မယ်။ ကိုယ်လုပ်စရာရှိ တာဆက်လုပ်ဖို့အရှေ့ဘက်ရပ်ဝန်းကိုသာထွက်ဗျာ”မြို့တော်၏ကဖီးတခုမှာအတူထိုင်ရင်း ပြောဖြစ် ခဲ့ကြသည့်သူ့မှာတမ်းတွေကို ကြားယောင်နေ ခြင်းဖြစ်သည်။ ထိုစဉ်က အခုအခြေအနေမျိုး ဗြုန်း စားကြီးဖြစ်လာမည်ဟု ကိုယ်မထင်ခဲ့။ စည်းကတနေရာမှာပေါက်သွားပြီလား။ ဘယ်သူက ဘယ်နေ ရာကစပေါက်လဲ။ကိုယ်တွေးမရ။ကိုယ်တို့ကြားမှာ ထရိုဂျင်မြင်းတကောင်ရောက်နှင့် နေပြီးဖြစ်မည် ဟု ကိုယ်ထင်သည်။“နောက် ဆုံးပြောမယ်ဗျာ၊ရန်သူက ပန်းကုံးစွပ်သူကောင်းပြုတာထက် ချစ်သူ က ခါးသီးရက်စက်ခဲ့ရင် တောင် ပိုချိုမြိန်မှာပါ ဒါသေချာတယ်” သူက ဘေးစားပွဲဝိုင်းကလူတွေ အလွယ်တကူနားမလည်စေနိုင်သောဘာသာစကားတွေသုံးလျက်ပြောသည်။
ကိုယ်မှတ်မိနေသည်က တစုံတခုအကြောင်းဖန်လာခဲ့ရင် ချစ်သူတို့ရပ်ဝန်းရှိရာ အရှေ့ယွန်းယွန်း သို့ဦးတည်ထွက်သွားဖို့။ထိုနေရာတွင် ကိုယ်တို့ကသိုက်နန်းဟု ဘုံသုံးသည့် သူတို့ကိုယ်တို့ ပါဝင် စိုက်ပျိုးခဲ့ရာ ဥယျာဉ်တခု ရှိနေပြီမဟုတ်လား။ အင်း။ လောလောဆယ်တော့ ဒီတညတာ လွန် မြောက်ဖို့ရာပါပဲ။ သွေးဆာနေသည့် ဖုတ်ကောင်တွေလက်က ဒီတညတာ လွတ်မြောက်ဖို့ပါပဲ။ နောက်တနေ့အရုဏ်အသစ်တွင် ကိုယ့်ဘက်က အသာစီးရမည်ဟု ကိုယ်တထစ်ချ ယုံကြည်နေ သည်။
ကိုးနာရီခွဲတွင် ကားဆက်ထွက်သည်။ သည်အချိန်လောက်ဆိုလျှင် သူတို့ကားလက်မှတ်ရသွား လောက်ပြီ။ ကိုယ့်ခရီးလားရာကို သူတို့သိသွားပြီ။ ခရီးဆုံးထိစီးမလား။ ဒါဆိုရင်တော့ကိုယ့်လောက် မိုက်မဲသည့်သတ္တ၀ါ ဒီကမ္ဘာမြေတွင်ရှိတော့မည်မထင်။ ရှေ့ဆက်တိုးလျှင် ကျော့ကွင်းရှိရာ တိုးဝင် သလိုသာ ဖြစ်မည်။ဟုတ်ပြီ။ ကားလမ်းနှင့်ရထားလမ်းဆုံရာ မြို့တမြို့တွင် ကိုယ်ဆင်းမည်။ မူလ အစီအစဉ်အတိုင်း ဆက်လုပ်ရန် အလျဉ်းမသင့်တော့။ ချစ်သူရပ် ၀န်းကပါးလိုက်သည့် တာဝန်တွေ ကိုတော့ တတ်နိုင်သမျှနောက်ဆုံးအချိန်အထိ ကိုယ်နှင့်မကွာ ထိန်းထားကြည့်မည်။မရလျှင် အား လုံးဖျက်။စိတ်က ပြတ်သွားသည်။ ကြည်သွားသည်။ ည ၁၂နာရီလောက်သာသာတွင် ကားက မြေလတ်မြို့ကြီးတမြို့မှာဆိုက်၏။ ကားလမ်းမှ ဘူတာရုံကိုလှမ်းမြင်နေရသည့်မြို့။ မှိန်ဝါးဝါးလျှပ်မီး အလင်းအောက်အိပ်မှုန်စုံမွှားငြိမ်ကုပ်နေသည့်ဘူတာရုံလေးနှင့်မြို့။
၃။
ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးမှ တခုခုစားသောက်ရန်အကြောင်းပြကာ တည်းခိုခန်းမှ ပြန်ထွက် ခဲ့သည်။
အကဲစမ်းသည့်အနေဖြင့် တည်းခိုခန်းသို့ တမင်သွားခဲ့ခြင်းဖြစ်၏။ မှတ်ပုံတင်ထုတ်ပေးတော့ ပုံမှန် အတိုင်းစာရင်းသွင်းသည်။ တစုံတရာထူးခြားဟန်မပြ။“ရန်သူကလက်တံရှည်သလောက် ကွန်ယက် ကလဲ အကျယ်ကြီးဗျ။ အချက်အလက်ကလည်း သူ့မှာအပြည့်ရှိတယ်။ လူတွေကိုလဲ နေရာတကာ မှာ မြှုပ်ထားနိုင်တယ်။စိတ်ပိုင်းကျတော့လဲ သူ့ကျေးဇူးကိုယ့်ကျေးဇူးရှိခဲ့ဖူးရင်တောင် ဘာမှထောက် မနေဘူး။ ခင်ဗျားဘာကိုမှ ပိုမတွက်ထားနဲ့။ ရန်ငါစည်းပြတ်တာ သူတို့ဘက်ကပိုတယ်” အရှေ့ ဘက်ရပ်ဝန်းဒေသမှ ချစ်သူတဦး၏အသံကို ပြန်ကြားနေသည်။ သေချာတာက ဒီမြို့ဒီနေရာအထိ ကိုယ့်အကြောင်း တစုံတရာရောက်လာသေးပုံမရတာကို တည်းခိုခန်းကပြနေသည်။တညတာနားခို ခပေးချေကာ မှတ်ပုံတင်ပြန်တောင်းတော့ ရှောရှောရှူရှူ အထစ်အငေါ့ မရှိပြန်ရတာပဲကြည့်။ အပြင် ထွက်လာတော့ လမ်းမီးတိုင်ကျိုးကျိုးကျဲကျဲသာရှိသည့်မြို့လယ်လမ်းမတွင် လူရိပ်လူခြေသိပ်မတွေ့ တော့။ ခွေးလေခွေးလွင့်တွေပင် ကတ္တရာလမ်းမပေါ် ဟိုနားတစုဒီနားတစု ခွေခွေလေးအိပ်နေကြ ပြီ။
ဘူတာရုံဘက်တခါတည်းဆင်းရကောင်းမလား စိတ်ကူးသည်။ ဗိုက်လည်းဆာနေပြီ။ ဘူတာရုံမှာ တော့ အနည်းဆုံးကဖေး ဆိုင်လေးတဆိုင်လောက်တော့ ရှိမည်မှန်းသည်။“ဘယ်သွားမ လို့လဲ” ထိတ်ခနဲဖြစ်သွားသည်။ လမ်းဘေးတနေရာက ထွက်လာသည့်အသံ။ ဟန်ချက်မပျက်အောင်ထိန်း ရင်း အသံလာရာလှမ်း ကြည့်လိုက်တော့ ကုက္ကိုပင်ကြီးတွေအုံ့ဆိုင်းနေသည့် ညရိပ်အောက်တွင် ဆိုက္ကားတစီး၊လူတယောက်။“စားသောက်ဆိုင်တခုခုသွားချင်လို့ဗျာ” ဆိုက္ကားကိုလမ်းပေါ်တွန်းတင် ရင်း ကိုယ်ရှိရာရောက်လာသည်။ တယောက်ရှေ့တယောက်ရပ်ကာ အပြန်အလှန်အကဲခပ်သည်။ မေးရိုးထည်ထည် ညိုညိုမောင်းမောင်း၊ အရောင်မပေါ်တော့သည့် ကပ်ဦးထုပ်တလုံးစောင်းထား သည်။ “ကားဂိတ်မှာ ညလုံးပေါက်ဆိုင်တွေရှိတယ်၊ သွားမလား”ကိုယ်ကအဲဒီ့ဘက်ကိုပြန်မလှည့် ချင်။ “နီးနီးနားနားလက်ဖက်ရည်ဆိုင်လေးဘာလေးမရှိဘူးလားဗျာ” ဟုမေးတော့တက်ဆိုပြီး ကိုယ် တို့ထွက်လာသည်။
“အကိုကြီးကညလုံးပေါက်နင်းတာလား”လေးပင်နေသည့်စိတ်ကိုဖော့သည့် အနေနှင့်စကား စမြည် စကြည့်သည်။ သူက ဒီညတော့ တညလုံးနင်းရမှာပေါ့ဟုပြောသည်။ ကိုယ်နားမလည်။ ဆိုတော့ နောက်နေ့တွေရောမေးတော့ နောက်နေ့တော့လည်း နောက်အလုပ်ပေါ့ကွာ ဟုဆိုကာ “ဒီလိုပဲ ညီ လေးရ လည်နေတာပေါ့ကွာ။စက်ဝိုင်းတခုလိုပေါ့”ဆက်ပြောသည်။ ခုထိလည်း သူပြောတာကိုယ် နားမလည်။ သူကအဘိဓမ္မဆရာလား။ ပြဇာတ်မင်းသားရူးလား။ဒါမျိုး တွေကိုဆုံဖူးသည်။ တမျိုး တော့လည်းကောင်းသည်။ ကိုယ့်အတွက် အန္တရာယ်မဟုတ် မြွေပွေး မဟုတ်သည့်လူတယောက်နှင့် ရသမျှအချိန်ယူဖို့။ ဘာပဲဖြစ်ဖြစ်စိတ်ပြေလက်ပျောက် သူနဲ့စကားတွေပြောနေလိုက်မည်။ ဒါပေမင့် ရထားချိန်တော့သိထားဖို့လိုမည်။ သူ့ကိုမေးတော့ ရန်ကုန်စာပို့က မနက်သုံးနာရီ လောက်ဟုပြော သည်။ လက်ဖက်ရည်ဆိုင်ရောက်တော့မှ သူ့ကိုလူလုံးကွဲကွဲပြားပြား မြင်လာရသည်။ သူလည်း ဒီလို ပဲဖြစ်မည်။ အသက်ငါးဆယ်ခန့်၊ နယ်သူနယ်သားဖြစ်ပုံရသော်လည်း အူတူတူအတတဟုတ်ပုံမရ သည့် မျက်လုံးအကြည့်ရှိသည်။ သူကလည်း ကိုယ့်အကဲကိုခပ်ကာ ဘယ်ကလာလို့ ဘယ်ကိုသွားမ လဲဆိုသည့် မေးရိုး မေးစဉ်မျိုးတွေမေးသည်။ ဘာလုပ်လဲဆိုတာပါသည်။ သိပ်ထူးခြားလှသည်မရှိ။ ထူးခြားချက်က ဆာဆာနှင့်တွေ့ရာလွေးနေသောကိုယ့်ကို ဒီအတိုင်းငုတ်တုပ်ထိုင်စောင့်နေရတာ မျိုးမဖြစ်စေလို၍ ကိုယ့်နည်းတူ တခုခုစားစေလိုကြောင်းပြောလည်း ဘာတခုမှယူမစား။ စီးကရက် လေးတော့သောက်ဗျာ ဟုဆိုလည်း သူ့အိတ်ထောင်ထဲက ပေါ့လိပ်ကိုထုတ်ကာသောက်သည်။ အင်း ဒါမျိုးလည်းတွေ့ဖူးသည်။ ဆိုက္ကားခရှင်းချိန်ကျမှ မြိုးမြိုးမြက်မြက်လေး တောင်းတတ်ကြခြင်း ဖြစ်သည်။ ဘာတတ်နိုင်မလဲ။ ဒီညတော့ ဒါမျိုးလူဆုံရတာပဲ ကိုယ့်အဖို့အကောင်း ဆုံးဟုဆိုနိုင် သည်။
“ညီလေးက စာရေးဆရာဆိုတော့ ဘာအကြောင်းတွေရေးတာလဲကွ”သူက ပေါ့လိပ်တိုကိုဖွာရင်း မေးသည်။
ကိုယ့်ကိုယ်ကို စာရေးဆရာတယောက်အဖြစ် သူနှင့် မိတ်ဆက်ထားခဲ့သည်။ ဒါကို ကိစ္စမရှိဟု ကိုယ် ယူဆသည်။ သူနဲ့က ခဏပဲနေကြရမှာပဲဟာ။ ပြီးတော့ ကိုယ့်အတွေ့အကြုံအရ မြို့စိမ်းနယ်စိမ်း ဒေသစိမ်း တွေရောက်တိုင်း စာရေးဆရာဟုဆိုလျှင် တစုံတရာအလေးပေးမခံရသည့်တိုင် ပြဿနာ သိပ်မရှိ။ အေးချမ်းသည်။ အများအားဖြင့် လူတော်တော်များများက စာရေးဆရာဆိုတာ လူတွေအ ကြောင်း လောကအကြောင်း ရေးဖွဲ့နေကြသူများဟုနားလည်ထားပြီးဖြစ်ရာ ကြုံတုန်းကြုံခိုက်သူတို့ ၏ လွမ်းမောဖွယ်အဖြစ်သနစ်များကိုလည်း ရင်ဖွင့်ပြတတ်ကြပြီး ထိုခဏအတွင်း သူတို့ကိုယ်သူတို့ ပြန်သနားလာရင်း မျက်ရည်မဆယ်နိုင် ဖြစ်လာကြသူမျိုးတွေလည်း တခါမက ကြုံဖူးသည်။ ခုလည်း လူညိုမောင်ကြီးက (ကိုယ့်စိတ်ထဲကနာမည်) ဘာက စပြောလာလေမည်မသိ။ “လူ့ဘ၀အတွေ့အ ကြုံလေးတွေရေးတာပေါ့အကိုရာ၊ လွယ်လွယ်ပြောရရင် လူတွေအကြောင်းပေါ့”ကိုယ်ကသူစကား စလာရန် အလိုက်သင့်ခင်းပေးလိုက်သော်လည်း သူ့ဆီက တော်တော်နှင့်ဘာစကားမှထွက်မလာ။ သူ့ကိုကြည့်လိုက်တော့လည်း ထူးခြားခြား သိပ်ပြောချင်ပုံမရှိ။ကိုယ်ငုပ်သွားသည်။စကားစပြန်ရှာရ သည်။
“အကိုရောစာတွေဘာတွေဖတ်တာဝါသနာမပါဘူးလား”
“အရင်ကတော့ဖတ်ခဲ့တာပေါ့ကွာ၊သခင်မြသန်းတို့ဗန်းမော်တင်အောင်တို့ဘာတို့”
ဟား…မဆိုးဘူးဟလို့ ရင်ထဲမှာပြောမိသည်။ အခုရောမဖတ်ဖြစ်တော့ဘူးလားဟု ဆိုတော့ နောက် ပိုင်း အလုပ်မအားတာနဲ့ မဖတ်ဖြစ်တော့ကြောင်းပြောပြီး နောက်စာရေးဆရာတွေက သိပ်မစွံ့တော့ ဘူး၊ အပေါ်ယံကြောတွေများတယ်ဟုဆိုသည်။ ကိုယ်ကလည်း သူ့စကားကိုထောက်ခံပြီး အရင့်အ ရင်ဆရာကြီးများရေးသားခဲ့တာမျိုး ရေးသားရန်ကြိုးစားနေကြောင်းပြောတော့ ဒီခေတ်မှာ သူတို့လို ရေးလို့မရတော့ဘူးထင်ပါတယ်ကွာဟု သူကဆိုသည်။ ကိုယ်ဖျားသွားသည်။ ကိုယ်ထင်သလို ပြဇာတ်မင်းသားရူးမျိုးမဟုတ်။ ဖီလိုဆိုဖီကြောင်မဟုတ်။ အတန်အသင့် နှိုင်းနှိုင်းဆဆချင့်ချင့်ချိန်ချိန် ရှိသည့်လူမျိုး။ ဒီလိုနှင့်ကိုယ့်အတွက် အချိန်ကုန်မှန်းမသိကုန်စေမည့် ရောက်တာရာရာတွေ ပြော ကြသည်။ အချိန်ကလည်း ညတနာရီခွဲသွားပြီ။ ခုလောက်ဆို ကိုယ်စီးလာသည့်ကားက ခရီးဆုံးသို့ ရောက်လောက်ပြီဟုအတွေးရောက်တော့ စိတ်တွင်ဂယောက်ဂယက်လှိုင်းပြန်ထသည်။ ကိုယ်ပါ လာခြင်းမရှိသည့်နောက် ဘာတွေဆက် ဖြစ်လေမလဲ။ “ကလင်…ကလင်…ကလင်” လမ်းပေါ်က စက်ဘီးဘဲလ်သံတွေကြားသဖြင့် အတွေးစပြတ်သွားသည်။ ကိုယ်တို့နှစ်ယောက်လုံး လမ်းပေါ်သို့အ ကြည့်ရောက်၏။ အားပါး။ ဖုတ်ကောင်တွေတသိုက်။ စက်ဘီးကိုယ်စီနှင့် ကိုယ်တို့ ထိုင်နေရာသို့ လှမ်းကြည့်နေတာမြင်ရ၏။ ခေါင်းနပန်းကြီးသွားသည်။ ထိုင်နေရင်း လိပ်ပြာလွင့်သွားလားတောင် ထင်မိ၏။ထပြေးရအောင်လည်း အချိန်မရတော့။ဘုရားတကာနေနေရသည်။ “ညီလေးခဏနေအုံး။ ဒီမှာပဲထိုင်နေနော်”လူညိုမောင်ကြီးသည် ပြောပြောဆိုကိုယ့်ကိုထားခဲ့ကာ ဖုတ်ကောင်တွေဆီထ သွား၏။ ဘာဖြစ်လာမလဲ။ ခဏကြာသွားသည်။ ကမ္ဘာတည်သလောက်ရှည်ကြာမည်ထင်ရသည့် ခဏတာမျိုး။
သူပြန်လာထိုင်တော့ ဟိုငနဲတွေဆက်ထွက်သွားကြသည်။ ကိုယ့်မှာဟန်ကိုယ့်ဖို့ပင်မလုပ်နိုင်အောင် မျက်စေ့မျက်နှာပျက်နေမည်ထင်သည်။
“အလကားကောင်တွေ၊ ညဆို ပတ်တရောင်လှည့်ပြီး အစာရှာပြီလေ”လူညိုမောင်ကြီးက ကိုယ့်ကို အကဲခပ်သလို ကြည့်ရင်းပြောသည်။ ပြီးတော့ မီးသေနေသည့်သူ့ပေါ့လိပ်တိုကို မီးညှိ ကာတရှိုက် ရှိုက်ဖွာသည်။ “ဒီလိုပဲငါ့ညီရေ၊ လူစိမ်းမြင်ရင် ရစ်ချင်တာ သူတို့အကျင့်ပဲ”ဟု ကိုယ်စိတ်သက်သာ ရာရအောင်ပြောသည်။ “ငါ့ညီလေးလို့ပြောလိုက်တယ်ကွာအေးရောမဟုတ်လား ဟားဟား”သူက သူ့စကားနဲ့သူ တဟားဟားရယ်ပြောပြောသည်။ ကိုယ့်မှာတော့ ကယောင်ချောက်ချားဖြစ် နေသည့် စိတ်ကို မနည်းပြန်တည်နေရကာ သူမသိအောင် သက်မမောတခု ခိုးပြီးချရ၏။“ကဲကဲ ညီလေးလဲ အဆာပြေရောပေါ့ အကိုတို့ဘူတာဘက်ဆင်းကြရအောင်” ပြောပြောဆိုဆို သူက ထရပ်လိုက် သည်။ မှန်တာပြောရရင် ဒီအလင်းရောင်ထဲမှာ ဆက်ထိုင်ချင်စိတ်ကိုယ့်မှာ မရှိတော့။ ပိုက်ဆံရှင်း တော့လည်း “ညီလေးပိုက်ဆံအိတ်ကိုသတိထားကွ။ ခရီးသွားရင် ငွေက အရေးကြီးတယ်”ဟုလှမ်း သတိပေးလိုက်သေးသည်။
ဘူတာရုံဘက်ဆင်းလာတော့ ဆိုက္ကားသံတကျွီကျွီကြောင့် လမ်းဘေးခွေးတကောင်ခေါင်းထထောင် ကာ အူလိုက်၏။ သူက“ခွေးကလဲ ရှီးတဲ့မှပဲ” ဟုဆိုကာ ပစ်ခနဲတံတွေးနဲ့လှမ်းထွေးရင်း ဆက်နင်း၏။ ဘူတာနားရောက်တော့ ဆိုက္ကားထိုးရပ်လိုက်ပြီး “ညီလေးရန်ကုန်ကိုသွားမှာ မဟုတ်လား၊ ပေးပိုက် ဆံ၊ မင်းဒီကစောင့် အကိုလက်မှတ်သွားဝယ်လိုက်မယ်” ဟုဆိုကာ ခြေလှမ်းကျဲကြီးနှင့်ထွက်သွား သည်။ အမှောင်ထဲမှာကိုယ်ကျန်ခဲ့၏။ အခြေအနေက ပုံမှန်မှဟုတ် သေးရဲ့လား ဟုတွေးရသည်။ စောစောက ဖုတ်ကောင်တသိုက်က လူညိုမောင်ကြီးကိုမြင် တာနဲ့ ဘာကြောင့် ဘဲလ်သံပေးကာ အ ချက်ပြခဲ့ တာလဲ။ ငါပဲ အစိုးရိမ်လွန်နေတာမျိုးလား။ စင်စစ် ဘူတာရုံသွားပြီးရထားလက်မှတ်ဝယ်ဖို့ ကိုလည်း အရင်ထဲက သူ့ကိုပဲလွှတ်ဖို့ စဉ်းစားထားခဲ့သည်။ ကိုယ်ကရထားလာခါမှ တက်လိုက်သွား ရုံ။ ခုတော့ မစို့မပို့သာလင်းသည့် ဘူတာရုံသို့လည်း ကိုယ်မသွားရဲတော့။ သူက လက်မှတ်ဝယ်ပေး ပြီး ကိုယ်နဲ့လမ်းခွဲတော့မယ် ဆိုပါတော့။ ကိုယ်ဘယ်လိုလုပ်မလဲ။ ဒီအမှောင်ထဲမှာ ကိုယ်တကိုယ် ထဲ ဘာဆက်လုပ်မလဲ။ စောစောကပတ်တရောင်တွေပြန်လှည့်လာခဲ့ရင် အကိုမရှိတော့သည့် ညီ လေးတယောက် အဖြစ် ဘာဆက်လုပ်မလဲ။ ရထားလာမည့်သုံးနာရီထိ ကိုယ်တယောက်ထဲ ဘယ် လိုရှေ့ဆက်စခန်းသွားမလဲ။
“ဟေးညီလေး၊ ရုံပိုင်ကြီးပြောပြီး လက်မှတ်ယူခဲ့တယ် ဒီမှာ။ ပျောက်သွားအုံးမယ်နော် အိတ်ထဲ ထည့်ထား” သူက ရထား လက်မှတ်ကိုသေချာအောင်သိမ်းဖို့ပြောပြီး ပေါ့လိပ်ကိုမီးညှိကာဖွာသည်။ “လက်မှတ်ကိုအကို့နာမယ်နဲ့ဝယ်ခဲ့တာ၊ မေးရင် ကျနော့်အကိုဝယ်ပေးလိုက်တာလို့ပြော၊မှတ်ပုံတင် မပြနဲ့ဟုတ်ပလား” ဆေးလိပ်ဖွာရင်းပြောသည်။အားပါး။ သိကြားမ,တာတောင် ဒီလိုအဆင်ချောပါ့ မလားမသိ။“ကူညီတာကျေးဇူးတင်တယ်အကို၊ တကယ်ပါဗျာ အကိုစောစောက ပြောခဲ့သလို အကို ဟာ ကျနော့်အကိုလိုပါပဲ” ဟု နှစ်နှစ်ကာကာ ပြောမိသည်။ မျက်လုံးမှာ မျက်ရည်က၀ဲချင်ချင်။ “အခု အကို ပြန်တော့မလား၊ ကျနော် ကျနော် ဟို ဘယ် လောက်ပေးရမလဲဟင်”ဟု တဆက်ထဲ မရဲတရဲမေးဖြစ်သည်။ ဒီညအဖို့ ကိုယ်နှင့်အတူ သူနေခဲ့ချိန်က မနည်းတော့။ ဆိုက္ကားခဆိုသည့် အသုံးအနှုန်း ကိုယ်မသုံးချင်မသုံးရက် ဖြစ်နေသည်။ ထင်ထားသလို မြိုးမြိုးမြက်မြက်လေးတောင်း စေချင်သည်။ “မပြန်သေးပါဘူးညီလေးရာ၊ မင်းရထားလာမှ အကိုပြန်မယ်၊ ဆိုက္ကားခကတော့ ငါးဆယ်ပေါ့ကွာရတယ်မဟုတ်လား”
“ဗျာ” ကိုယ်အံ့အားသင့်သွားသည်။ ဆိုက္ကားခ ငါးဆယ်ပဲပေးတဲ့။ ကိုယ်က ငွေသုံးရာလောက် ထုတ် ပေးသည်။ သူခေါင်းခါသည်။ “ဒါ ပုံမှန်ဈေးပဲညီလေးရ၊ ငါလဲ မင်းဆီက ပိုမယူချင်ဘူး၊ မင်းလဲပိုမ ပေးနဲ့၊ အဲဒါပဲ ကောင်းပါတယ်ကွာ” ဟုဆိုသည်။ ငါး ဆယ်ထက် ဘယ်လိုပိုပေးပေး မယူ။ “ကဲ ရထားမလာမချင်း ဒို့ ဒီလိုပဲ ထိုင်ကြတာပေါ့ကွာ”ဆိုပြီး ကတ္တရာလမ်းပေါ် ဖိနပ်ခုထိုင်သည်။ ကိုယ်လည်း သူ့လိုလိုက်ထိုင်သည်။“အေးကွာ၊လူတွေက ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ကောင်းတယ်ထင် တာလုပ်ကြတာပဲ၊အကိုတို့ကျတော့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် သိပ်မနေရပါဘူးကွာ”တဲ့။ သခင်မြသန်း ဗန်းမော်တို့၏ရဲဘော်ကြီးက အဆက်အစပ်မရှိဆိုသည်။ ပစ္စည်း မဲ့ဆိုက္ကား ဆရာကြီး၏စကားများက အမှောင်အောက်တွင် တချက်တချက် သဲ့သဲ့မျှလွှင့်၍နေသည်။ ရထားလာမည့်အချိန်တိုင် ကိုယ်နဲ့ အတူနေပေးမည့် ကိုယ့်အပေါ်ထားသည့်စိတ်ကို ကိုယ်တိုင် အံ့အားသင့်နေသည်။ ညီရင်းအကို မေတ္တာစိတ် ငတ်မွတ်နေသူလား။ မိသားစုနှင့် ကင်းဝေးနေသူလား။ တချိန်တည်းတွင် ခရီးဆုံးထိ လိုက်ပါမလာသည့်ကိုယ့်နောက် ဖုတ်ကောင်တွေ ပျားပန်းခတ် ခြေရာခံနေမှာ မြင်နေမိသည်။ အ မှတ်မထင်အဖြစ် ကိုယ်ကျန်ရစ်ခဲ့သည့်မြို့ကို သူတို့ရသွားကောင်းလည်း ရနိုင်လောက်ပြီ။ သို့မ ဟုတ် ထိုခရီးစဉ်တန်းက မြို့တွေဆီ သတင်းရောက်ကောင်းရောက်နေမည်။ ဘယ်သို့ဆိုစေလော လောဆယ်ကိုယ့်အနီးမှာအဖော်တယောက်ရှိနေတော့ဟန်မပျက်လှ။
သို့နှင့် အမှောင်အောက်မှာ ညီးစီစီအချိန်ဖြုန်းရင်း ရထားအလာကို စောင့်ကြရသည်။သုံးနာရီစွန်း စွန်းအချိန်လောက်တွင် စာပို့ရထားက ဘူတာဆီသို့ဦးတည်လာနေပြီဖြစ်ကြောင်း အဝေးမှလွင့်လာ သည့် ဥသြသံကြောင့် သိနေရသည်။သူက ခါးကိုတချက်ဆန့်ရင်း “ကဲညီလေးရေ၊ ဘူတာကိုဆင်း ကြစို့”ဟုဆိုတော့ ပြိုင်တူထကြသည်။ နှစ်ယောက်သားဘူတာထဲရောက်တော့ စောစောက ပတ်တ ရောင်အဖွဲ့နှင့်ထပ်ဆုံနေရာ ကိုယ့်စိတ်ထဲ ဗရုတ်ဗရက်ပြန်ဖြစ်လာသည်။ ဘာများလာရစ်လေဦးမ လဲ။ ရထားဆလိုက်မီးက ကိုယ့်မျက်နှာသူ့မျက်နှာအားလုံးအပေါ် ထိုးထားသလိုဖြစ်နေ၍ လက်ဖြင့် ကာသလိုလိုလုပ်ရင်း ခေါင်းကိုငုံ့စိုက်ချထားရသည်။မျက်နှာကို သဲသဲကွဲကွဲမမြင်စေချင်။ ရထားစိုက် တော့ သူကနီးရာတွဲဆီ ကိုယ့်လက်မောင်းကိုဆွဲ၍ တွန်းတင်သည်။ ရထားကခဏလေးသာရပ်ပြီး ဂတ်ဗိုလ်တွဲဆီမှ ခရာမှုတ်သံထွက်လာ၏။ လူညိုမောင် ပစ္စည်းမဲ့ဆိုက္ကားဆရာကြီးက ကိုယ်တက် သွားရာတွဲ၏ အနီးဆုံးပြတင်းပေါက်ဘေးတွင်လာရပ်ကာ ကိုယ့်ကိုလက်ယပ်လှမ်းခေါ်သည်။ ကိုယ် ကခရီးသည်တွေ ကြားတိုးဝှေ့ကာ သူ့ရပ်နေရာပြတင်းပေါက်တွင် ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။ သူကလည်း ကိုယ့်နားဆီသို့ကပ်ကာ တိုးတိုးမျှင်းမျှင်းပြောသည်။ “ကိုယ့်ညီလေးကံကောင်းပါစေ၊ ကိုယ်က (++++) တပ်က တပ်ကြပ်ကြီး စိန်ဖေပါ။ ဒီည အကို မြို့ထဲတာဝန်ကျတယ်။ သူတို့က ရန်ကုန်စာရေးဆရာတယောက်ကို သိပ်လိုချင်နေကြတာ။ နောင်တနေ့ ရေစက်ကြုံရင်ဆုံကြသေး တာပေါ့ကွာ”
“ဗျာ…”
သူ့စကားအဆုံး ကိုယ့်အာမေဍိတ်သံက ရထားဥသြသံနှင့်အပြိုင် ရင်ဘတ်ထဲ ဟိန်းထမြည်ဟီးကျန် ရစ်သည်။သံလမ်းပေါ်မှာတော့ရထားဘီးကတဖြည်းဖြည်းလှိမ့်စပြုနေလေပြီ။
မောင်ကြီးပြည်စိုး
( လွန်ခဲ့သည့် (၉)နှစ်က ကိုယ်တွေ့ညတညကို သတိရပြန်လည်ခံစား ရေးဖွဲ့ပါသည်)
Sunday, October 5, 2008
Labels: ၀တ္ထုတို
1 Comment:
Subscribe to:
Post Comments (Atom)
နှက်သက်စွာ ဖတ်ရှု့သွားပါတယ်။ တော်တော်ကောင်းတဲ့ ၀တ္တုတို ဖြစ်ပါတယ်။ အားပေးလျက်ပါ
နောက်အသစ်တင်ရင် ဖတ်ရအောင်လို့ လခ့်ယူ သွားခဲ့ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ...