Friday, September 18, 2009

လဒ

စာမိတ်ဆွေ
လွန်ခဲ့တဲ့ ၂ နှစ် ရွှေဝါရောင်တော်လှန်ရေးကာလရက်များမှာ ဒီကဗျာ ကို ရေးဖြစ်ခဲ့တာပါ။ ဒုက္ခသည်စခန်းထဲမှာနေရင်း ပြည်တွင်းသံဃာ တော် အထောင်ထောင်အသောင်းသောင်းရဲ့ ဆုတောင်းဝတ်ပြုချီ တက်ပွဲတွေကို ကြည်ညိုသဒ္ဓါပွားနေတုန်း စစ်မိစ္ဆာတွေက ပက်ပက် စက်စက် ယုတ်ယုတ်မာမာ ဖြိုခွင်းနေတာကြားတော့ စိတ်ထဲက မခံ ချိမခံသာဖြစ်ပြီး ဆဲရေးဖြစ်လိုက်တဲ့ ကဗျာပေါ့။
ဒီ မိစ္ဆာကောင်တွေကို ကျနော်က လဒလို့ဆဲဖြစ်လိုက်တော့ တကယ့် လင်းတငှက်တွေကို စိတ်ထဲက အားနာပါးနာဖြစ်မိတယ်။ ကျနော့် စိတ်ထဲဖြစ်နေတဲ့ ဒေါသက ငှက်လင်းတတွေနဲ့ ဘာမှကို မဆိုင်တာပါ။ ဒါနဲ့ ကွဲပြားလိုတဲ့ စိတ်အရင်းခံနဲ့ လင်းတငှက်က လင်းတ။ လဒက လဒ။
၂၅၊ စက်တင်ဘာ၊ ၂၀၀၇ - ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှာ ဒီကဗျာကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ နည်းနည်းပါးပါး တို့ထိပြင်ဆင်ထားတာကိုလည်း ၀န်ခံရပါမယ်။ ကျေးဇူးတင်ပါတယ်။
စာရေးသူ


လဒ

အလို...
မြန်မာပြည်က
မြို့ကြီးတွေပေါ်မှာ လဒတွေဝဲလို့

၁။

မြန်မာပြည်၊ ဟိမ၀န္တာ
စသည် စသည်
တချို့နေရာအနည်းအကျဉ်းလေးမှတပါး
တခြားကမ္ဘာမှာ
လင်းတငှက်တွေ မျိုးသုဉ်းသွားတော့မတဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက
အလန့်တကြားပြောဆို
ဘယ်လိုမျိုးစိတ်မျိုးလဲ

အသေအပုပ်ကောင်တွေက
သူတို့သဘာဝရဲ့ သူတို့အာဟာရ
မသဒီစရာ အမင်္ဂလာသတ္တ၀ါ
ဒီလိုအစွဲကြီးခဲ့တဲ့ ငှက်မျိုးစိတ်ဟာ
ကမ္ဘာမှာ လိုအပ်တယ်
ဂေဟဗေဒစနစ်တွေ ဟန်ချက်မပျက်ယွင်းရေး
ရေ မြေ လေ မီး ဓာတ်ကြီးလေးပါး ထိန်းညှိသန်စွမ်းရေး
သူတို့ကို အလေးထား နေရာပေးရမယ်
လင်းတငှက်တွေ မျိုးတုံးမသွားရေး
စောင့်ရှောက်ကာကွယ်ပေးရမယ်
ကမ္ဘာကြီး ရင်လေးနေတာလေ

၂။

စက်တင်ဘာ ၂၀၀၇
အလို...
လဒတွေ မြို့ကြီးတွေပေါ်ဝဲလို့

သွေးစိမ်းသွင်သွင် အရှင်လတ်လတ်
ထိုးသတ်နေကြပေါ့
ဗုဒ္ဓရဲ့သားတော်တွေကိုတောင်မထားဘူး
ဘယ်လိုလင်းတအမျိုးအစားလဲ
ပုဏ္ဏကတိုက်ထားတဲ့ ကောင်တွေလား
အာဠာဝကတိုက်ထားတဲ့ ကောင်တွေလား
အရက်ကိုးမောင်းတိုက်ထားသတဲ့
တိုင်းပြည်ပျက်တော့မယ်
အမျိုးပျောက်တော့မယ်
သာသနာကွယ်ရချည့်
အို
ဒါ လင်းတငှက်မဟုတ်ဘူး
လဒ
လဒ

လဒ
မြေကမ္ဘာကိုစောင့်ရှောက်တဲ့ ငှက်လင်းတမဟုတ်
မြေကမ္ဘာကိုဖျက်တဲ့
လဒ
လဒ
လဒ
လူသားမျိုးနွယ်ဖျက်တဲ့ လဒ
သာသနာဖျက် လဒ
ဟိတ် ...
ဒို့
ဒီလဒတွေကို မချေမှုန်းနိုင်တော့ဘူးလား

ချေမှုန်းကြ
အမြစ်ဖြတ်ချေမှုန်းကြ
မြန်မာပြည်က
မိစ္ဆာလဒတွေ မျိုးဆက်တုံးသွားအောင်
ချေမှုန်းကြ
အမြန်ကျဆုံးပါစေ
အာဏာရှင်လဒတွေမှန်သမျှ
အပြီးတိုင် ကျဆုံးပါစေ
ကမ္ဘာမြေကြီး အရှည်တည်တံ့ခိုင်မြဲရေး
ဒို့ချစ်တဲ့ငှက်လင်းတတွေ
ထာဝရအဓွန့်ရှည်ပါစေ။ ။

ခင်လွန်း
စက်တင်ဘာ၊ (၁၇)ရက်၊ ၂၀၀၇

0 Comments:

Post a Comment