Wednesday, March 25, 2009

မနက်လင်းတာနဲ့
အိပ်ယာကထတယ်
ရုံးက ရှားရှားပါးပါးကွန်ပြူတာကလေး အားနေတုန်း
ယူကျုကို ဖွင့်တယ်
မိုက်ကယ်ဂျက်ဆင်ရဲ့
ဟီးလ်သည်ဝါး(ကမ္ဘာမြေကို ကုစားပါ) ကိုခံစားတယ်။


စစခြင်းမှာကိုပဲ
ဗုံးဆံ၊ ကျည်ဆံတွေ ထိမှန်ထားတဲ့
အပြစ်မဲ့ ကလေးငယ်တွေကို…
ဒဏ်ရာတွေ၊ ပတ်တီးတွေနဲ့ ရိုက်ပြတယ်၊
နောက်ပြီး
ဟိုဘက်နဲ့ ဒီဘက်
မောင်းပြန်သေနတ်တွေ၊ အမြောက်တင့်ကားတွေ
ရန်စောင်နေတဲ့ စစ်သားတွေကို ပြတယ်၊
ရိုက်ကွင်းနေရာက
မငြိမ်းနိုင်သေးတဲ့
ဘုမသိ၊ ဘမသိ ပဋိပက္ခတွေ ဖြစ်ပွားနေဆဲ
အရှေ့အလယ်ပိုင်း ဒေသလို့ထင်တာပဲ။

နှစ်ဘက် စစ်သားတွေကြားမှာ
နှစ်ဘက် ကလေးငယ်တွေက
အမုန်းမရှိ၊ ရန်ငြိုးမရှိ
တားမြစ်ထားတဲ့ နယ်နိမိတ်စည်းတွေကို မသိ
စုဖွဲ့ ပြေးလွှား ဆော့ကစားကြတဲ့ အခါ
တဘက်က ကလေးငယ်မလေးက
တခြားတဘက်က လက်နက်ကိုင်စစ်သားတယောက်ကို
ကြောက်ရ လန့်ရမှန်းမသိ
ပန်းလေးတပွင့် ပေးလိုက်တဲ့အခါ….
နှစ်ဘက် စစ်သားတွေ စွန့်ပစ်လိုက်တဲ့
မောင်းပြန်သေနတ်တွေဟာ လေထဲမှာ ၀ဲကာပျံလို့ပေါ့ …။

သန္တ(ကြည်နူးခြင်း)ရသ ဆိုတာ
ဒါပဲဖြစ်မယ်ထင်တယ်။

အဲဒီလို ကြည်နူးမှုဟာ
တဒင်္ဂပဲ ကြာလိုက်တယ်…
ကြောင်းကျိုးဆက်စပ် အတွေးတွေက
လက်တွေ့ကျကျ ပေါ်လာတယ်၊
ကမ္ဘာပေါ်မှာ
ငြိမ်းချမ်းရေး အကြောင်း
စစ်ဆန့်ကျင်ရေးတွေ အကြောင်း
အာပေါင်အာရင်းနဲ့
ကျယ်ကျယ်လောင်လောင်ပြောနေကြသံကို
နေ့တဓူဝ ကြားကြားနေရတယ်…။

ခက်နေတာက
နားမလည်ချင်လို့မရအောင် သိသာထင်ရှားနေတာက
ကမ္ဘာပေါ်မှာ
စစ်ပွဲတွေနဲ့ ချမ်းသာကြွယ်ဝနေသူတွေက
စစ်ပွဲတွေကို ပို့ကုန်အဖြစ် ထုတ်လုပ်နေပြီး
လက်နက်ကိုင် အကြမ်းမဖက်ရေးကို
အော်ကြီးဟစ်ကျယ်…
လူကြားကောင်းအောင် ပြောဆို ၀ါဒဖြန့်နေတာကိုပဲ…။

သြော်
မိုက်ကယ်ဂျက်ဆင်ကိုလည်း သနားတယ်၊
ကမ္ဘာ့ ကလေးငယ်တွေကိုလည်း သနားတယ်၊
ကိုယ်ကိုယ်တိုင်လည်း
ဘာမှမတတ်နိုင်တဲ့အကောင် ဖြစ်နေတာကို
သနားတယ်…။ ။

ကမာပုလဲ
မတ်လ၊ ၂၀၀၉
http://www.naytthit.com ...မှ

1 Comment:

  1. မမသီရိ said...
    မငြိမ်းချမ်း လိုက်တာ

Post a Comment