Tuesday, December 2, 2008



စာပေမိတ်သဟာများသို့ ...

အခုလိုအချိန် စာဆိုတော်ရာသီကာလမှာ ကျနော်ကျင်လည်ဖြတ်သန်းမွေ့လျော်ခဲ့ဖူးရာ စာပေနယ်ကို အင်မတန်မှ တမ်းတလွမ်းမောမိပါတယ်။ ကျနော်တို့အသွင်တူအရောင်တူ တကိုင်းထဲနားခဲ့ကြတဲ့ သူငယ်ချင်းတွေရေးဖော်ရေး
ဖက်တွေ ဆရာသမားတွေကို အထူးသဖြင့် မြင်ယောင်လွမ်းမောမိပါတယ်။ အဲဒီ့ခံစားမှုကို ကျနော်လွန်ခဲ့တဲ့ ၅နှစ်
လောက်က ဧရာဝတီအင်တာနက် စာမျက်နှာမှာ ရေးဖွဲ့ခဲ့ဖူးတာလေးကို အခု ပြန်ဖော်ပြလိုက်တာပါ။ အားလုံးကို
ကျေးဇူးတင်ပါတယ်။ (စာရေးသူ)


၁။
ညနေ ညနေ .... စည်တယ်လေ စည်တယ်လေ...... ရီဝေေ၀ ရီဝေေ၀
................................................................
ညနေလေးစောင်းပြီဆိုရင်တော့ သည်လမ်းလေးထဲက ကဖေးဆိုင်လေးသည်လည်း ပါရီမြို့က ကဖေးများလို လူဝင်လူထွက်များလာလေသည်။ ဟိုမှသည်မှတဖွဲဖွဲ ၀ဲပျံကျလာသည့် ငှက်ငယ်လေးများ နှယ်ဖြစ်သည်။ ခဏနေတော့ လမ်းကျဉ်းလေးသည် ထိုငှက်အုပ်ကြီးများနှင့်ပြည့်နှက်သွားပြီး အသံများ အရုပ်များသည်လည်း ပိုမိုသက်ဝင်လာလေသည်။
ငြိမ်းချမ်းရေး၊ သစ္စာ၊ အနာဂတ်နှင့် အာရုံခံစားမှုအမြင့်ပျံငှက်များ။
သည်နေရာလေးက ပါရီက ကဖေးများလို အသားကင်နံ့သွေးစိမ်းနံ့တို့ဖြင့် ညှီစို့နေခဲ့သည်တော့ မဟုတ်။ လမ်းသားများဝတ်ပြုကိုးကွယ်ရာ ဓမ္မရုံလေး၏မျက်နှာစာဘက်တွင် လေးထောင့်စပ်စပ် စားပွဲ တလုံး မှန်ကာရှိုးကေ့စ်လေးတခုဖြင့် ကဖေးဆိုင်လေးကိုအကျဉ်းရုံးထား၏။ စားပွဲခုံပုလေးများကတော့ လမ်းတဖက်တချက်စီမှာ ပြန့်ကျဲလျက်။

အချိုခြောက်နှပ်ထားသည့် ဒန်ကရားတလုံးက တညီးညီးထနေသည့်မီးသွေးဖိုပေါ်မှာ ပွက်ပွက် ဆူထနေပြီဆိုရင်တော့ စားပွဲခုံပုလေးမှာ ကိုယ့်ဝိုင်းနဲ့ကိုယ် မျောနစ်နေတတ်သည့် စကားသံတို့သည် လည်း တစီစီ လှိုင်လို့ ဝေလို့လေ။
ဒါကိုပင် “လေထန်ကုန်း”လို့ တယောက်က ၀ိဂြိုဟ်ပြုလိုက်ပုံရပါရဲ့။ နောက်တော့လည်း လေ ထန်ကုန်းဆိုသည့်အမည်လေးနှင့်ပင် အားလုံးအသားကျသွားခဲ့ကြပါပြီ။
သည်နေရာလေးသို့ မြန်မာပြည်တနံတလျားက စာချစ်သူကဗျာချစ်သူ အနုပညာမြတ်နိုးသူတို့ တခုတ်တရ လာတတ်ကြသည်။ မှတ်မှတ်ရရ ချိန်းချက်ဆုံတွေ့ကြသည်။ မြစ်များချောင်းများသည် ခရီး မိုင်ပေါင်းများစွာကို မောကြီးပမ်းကြီး ဖြတ်သန်းလာခဲ့ကြရင်း ပင်လယ်ထဲသို့ စီးဝင် ပေါင်းစည်းလာကြ သည့်ပမာ အနယ်နယ်အရပ်ရပ်မှ စာသမားကဗျာသမား၊ ပန်းချီဆရာ၊ ဂီတတပ်မက်သူ စသည်စသည် တို့သည် လေထန်ကုန်းသို့ တသွင်သွင်စီးဝင်လာတတ်သည်မှာ အမျှင်ပြတ်သည်မရှိ။ (ဆရာကြီးဒဂုန် တာရာ၏စကားနှင့်ဆိုရသော် ပျားအုံခံစားမှု)။
“အနုပညာမှော်ရပ်ဝန်း”လို့ ပြောရမည်လားမသိ။ သည်မှာက ကဗျာမှော်အောင်တဲ့လူ၊ ပန်းချီ မှော်အောင်တဲ့လူ၊ ဂီတမှော်အောင်တဲ့လူတွေ စုတတ် ဝေးတတ် မွေ့လျော်တတ်သည် မဟုတ်လား။
လမ်းသားများကတော့ သည်လိုညနေချိန်ဆိုလျှင် စားပွဲဝိုင်းများကိုဖြတ်၍ ကိုယ့်အိမ်ကိုယ် ပြန် ရသည်ပင် ရှိန်းဖိန်းထစ်ငေါ့နေလေသည်။
စားပွဲဝိုင်းတနေရာမှာတော့ ဇာတ်ညွှန်းသမားတဖြစ်လဲ ကဗျာဆရာက သူထိုင်နေသည့် ၀ိုင်းကို ရှင်းဖို့ လုပ်နေသည်။ စားပွဲထိုးချာတိတ်လေး ငွေရေတွက်လို့မပြီးသေးခင်မှာပင် သူ့ သူငယ်ချင်းကဗျာ ဆရာတယောက်က မတို့မထိဘဲရှိနေသေးသည့် ငါးသုံးလုံးစီးကရက်တလိပ်ကို နှုတ်ခမ်းဖျားပေါ် ကောက်ယူတင်လိုက်သည်ကို တွေ့လိုက်ရသည်။ ဒါကိုမြင်သည့် ဇာတ်ညွှန်းဆရာကလည်း သူ့ဇာတ် ညွှန်းထဲက မင်းသားတယောက်လို ပခုံးတချက်တွန့်လိုက်တာလည်း လှမ်းမြင်နေရသည်။
တဖက်ဝိုင်းမှာတော့ ခွာသံပြင်းပြင်း ခရမ်းပြာမြင်းရိုင်း ကဗျာဆရာအကျော်အမော် အောင်ဝေး၊ ဆရာကြီးဂျက်အမည်နာမနှင့် အထာကျနေပြီဖြစ်သည့် မောင်သာချို၊ မြားနတ်မောင်လေး ဒေါက်တာ လွဏ်းဆွေတို့က မြစ်ဝကျွန်းပေါ်မှအုပ်ဖွဲ့ပျံသန်းလာသည့် ကဗျာဆရာလေးများနှင့် ရင်ချင်းဆက်နေကြ သည်။
ခပ်လှမ်းလှမ်းစားပွဲဝိုင်းမှာက “မျိုးညွန့်” လို့ပန်းချီရေးပြီး “မောင်ဒီ”လို့ ကဗျာတွေ စာတွေပါရေး သည့် မော်ဒန်ပန်းချီဆရာက အာဖရိက ကင်ညာနိုင်ငံမှာ မိချောင်းသွားဖမ်းလိုသည့် သူ၏ရောမန္တိက (စိတ်ကူး) ကို ၀တ္ထုတိုသာမက၊ ကဗျာပန်းချီ စသည်တို့ကို ဖန်တီးမွေ့လျော်တတ်သူ ဆရာမ မိုချာ့နှင့် ခက်မာတို့အား စိတ်ထက်သန်စွာ ပြောပြနေပုံရသည်။ ဆရာဒီက သူ့ရောမန္တိကကို လူတိုင်းကိုမပြောဟု ဆိုလေ့ရှိသော်လည်း လေထန်ကုန်းမှာတော့ လူတိုင်းလိုလိုသိနေကြပြီဖြစ်သည်။ အာဖရိကန်သားတွေ လို ကိုယ်အပေါ်ပိုင်းဗလာကျင်းလျက် အောက်ပိုင်းတွင်နံငယ်ပိုင်းလေးပတ်ကာ လှံရှည်တချောင်း ကိုင်လျက် မြစ်ကမ်းနဖူးပေါ်မားမားကြီးရပ်၍ မိချောင်းထိုးရန်စောင့်နေသည့် ပန်းချီဆရာ၏ ရုပ်ပုံလွှာ ကို ထိုဝတ္ထုဆရာမလေးနှစ်ဦးကလည်း စိတ်ကူးဖြင့်ပုံဖော်ကြည့်နေသည်လားမသိ။ ငြိမ်လို့။
မန္တလေးသား ကဗျာဆရာအောင်ဘညိုကတော့ ရင်ဘတ်ကြီးကိုဆွဲဖွင့်လိုက်ပြီး သူ့ဘယ်ဘက် ရင်အုံပေါ်က အာဖရိကဗုံသံတွေကို ပင်လယ်အော်သံလို လှိုဏ်သံထအောင် အော်ဟစ် ရွတ်ဆိုပြနေ လေသည်။
သည်လမ်းကျဉ်းလေးထဲမှာပဲ မဂ္ဂဇင်းအယ်ဒီတာတွေ၊ စာအုပ်ထုတ်ဝေသူတွေ၊ တေးစီးရီးထုတ် လုပ်သူတွေ၊ တေးရေးဆရာတွေ၊ ပန်းချီဒီဇိုင်းသမားအကျော်အမော်တွေ၊ ပေါ့ပ် ရော့ခ် ဟဲဗီးမက်တဲလ် စသည့်စသည့် ဂီတ ကြယ်ပွင့်တွေ။
သည်လမ်းကျဉ်းလေးထဲသို့ တချို့က “လာ၊ဟူး၊ ကြာ” ဟုရက်သတ်မှတ်ကာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များသာ လာရောက်သူများလည်းရှိသည်။ ထိုလိုနေ့မျိုးတွင် “ဆရာမြ”ဟု တလေးတစား ခေါ်ကြသည့် ဆရာမြသန်းတင့်ကိုလည်း တွေ့ရတတ်သည်။ ဆရာတာရာ (ဒဂုန်တာရာ)လို ရန်ကုန်မြို့ မှ မိုင်ပေါင်းများစွာဝေးသည့်နေရာတွင် အဝေးစံနေသော ငြိမ်းချမ်းရေးအမှတ်အသားများပင် သည်နေ ရာ သည်လမ်းကျဉ်းလေးသို့ တမင် တကူးတကန့် ရောက်လာတတ်သည်။ မျိုးဆက်သစ်လူငယ်တွေနှင့် ၀ိုင်းဖွဲ့ရင်ခုန်တတ်သည်။ သမိုင်းလက်ဆင့်ကမ်းတတ်သည်။ ခေတ်ပြိုင်ခံစားမှုကို ပွေ့ဖက်သည်။ သည် လမ်းလေးသည် တနည်းအားဖြင့်တော့ ပင်မရေစီးသဖွယ်လည်း ဖြစ်နေသည်။
ဒါဟာ လေထန်ကုန်းရဲ့ရင်ခုန်သံ၊ လေထန်ကုန်းရဲ့နိမိတ်ပုံ၊ လေထန်ကုန်းရဲ့သင်္ကေတ၊ လေ ထန်ကုန်းရဲ့ ခေတ်ပြိုင်ခံစားစီးဆင်းမှု။
ပြောရလျှင်တော့ သည်နေရာလေးသည် ပင်လယ်နှင့်လည်း တူသည်။ လွတ်လပ် ကောင်းကင် နှင့်လည်းတူသည်။ ဇာတ်ကောင်တွေအမြောက်အမြား ပါဝင်ကပြရသည့် ဘရော့ဝေး ပြဇာတ်ရုံကြီးနှင့် လည်း တူသည်။ သဘာဝတရားကြီးကိုအခြေခံထားသည့် တဂိုး၏သျှန်တိနိကေတန် အနုပညာကျောင်း နှင့်လည်းတူသည်။ သည်နေရာလေး၌ သူရဲကောင်းတွေလိုမျက်ရည်ကျခဲ့ကြပြီး သူရဲကောင်းတွေလို အော်ဟစ်ရယ်မောခဲ့ကြသည်။
သည်နေရာလေး၌ ပင်လယ်လိုပေါင်းစည်းကြပြီး ပင်မသွေးကြောများလို ခက်ဖြာပျံ့နှံ့ သွားကြ သည်။

ညနေလေး ရင့်အိုလာချိန်ဆိုရင်တော့ အသွင်တူငှက်များအုပ်စုဖွဲ့ပျံသန်းကြတော့သလို သည် လမ်းလေးမှသည် တနေရာရာများဆီသို့ ဦးတည်ကာ အလျှိုလျှိုထွက်သွားကြလေသည်။
တချို့ဘားလမ်း၊ တချို့ပန်းဆိုးတန်း၊ တချို့ ၄၂ လမ်း၊ တချို့ ရှေ့ဆယ်စုနှစ်များဆီက ကြယ် တာရာများဖြစ်ခဲ့ကြသည့် မောင်လေးအောင်၊ ဖော်ဝေး၊ ရွှေမောင်မောင်တို့ ၀ိညဉ်လိပ်ပြာများ စွဲကပ် ကျန်ရစ်ရာလည်းဖြစ် မောင်သင်းခိုင်၊ မောင်ညီညွတ်၊ ကိုနောင်ကြီး(စစ်တွေနောင်လတ်)၊ ကိုညွန့်သစ် တို့ စက်ကျရာ ပုဇွန်တောင်သံလမ်းဘက်ဆီသို့။
ညနေညနေဆိုလျှင်တော့ ဒီလိုပဲလေ ရီဝေေ၀ ရီဝေေ၀။

၂။

ကဗျာဆရာအောင်ဝေးက သူ့ဇနီးချောလေး ယာမာဂူချီခင်ဆွေရီ၏ ဘ၀အမောများအတွက် အားပေး ထွေးသိပ်သည့် ကဗျာတပုဒ်တွင် သည်လိုရေးခဲ့ဖူးသည်။

ခင်ဆွေရီရေ.. တဲ့။ “ ဘ၀ဆိုတာ လှပစွာ ဆင်းရဲတတ်ဖို့ပဲ လိုတယ် ” တဲ့။
သည်နေရာလေး၌ သူတို့သည် လှပစွာဆင်းရဲ တတ်ခဲ့ကြသည်။ သည်နေရာလေးမှာပင် ချစ်သူတွေချင်း တယောက်ရင်ဘတ် တယောက် ဆွဲဖွင့်ကြသည်။ တယောက်နှင့်တယောက် ရင်ချင်းဆက်ခဲ့ ကြသည်။ ကိုင်းကူးဆက်ဖြာခဲ့ကြသည်။ ၀တ်မှုန်ကူးခဲ့ကြသည်။ လိပ်ပြာကူးခဲ့ကြသည်။ တယောက်အိပ်မက်ကို တယောက် ဖွင့်ဖတ်ခဲ့ကြသည်။ တယောက်လက်ကိုတယောက်ကမ်းရင်း လမ်းတိုင်းကိုဖွင့်၊ ပန်းတိုင်းကို ပွင့်စေခဲ့ကြပါသည်။
လက်တဖက်ဖြင့် အနာဂတ်ကိုလှမ်းဆွတ်ခူးချိန်တွင် ကျန်တဖက်က ပစ္စုပ္ပာန်ကို လွတ်ကျခဲ့ကြ သည်။ ထမင်းမေ့ဟင်းမေ့ ငွေကြေးဥစ္စာ ရုပ်ဝတ္ထုပစ္စည်းတွေ သားသမီးဇနီးမယား မိဘတွေ အိမ်မှာအိုး မှာ ရိက္ခာမပြည့်မ၀ဖြစ်ရခြင်းတွေကို မေ့လျော့ခဲ့ကြသည်။ သို့မဟုတ် မေ့ပစ်ရစ်ခဲ့ကြသည်။

ဆရာမောင်ဒီက “ သိန်းငှက်တို့၏သဘာဝ ” ဆိုသည့်ကဗျာကို သည်လိုဖွင့်ခဲ့သည်။

“ သိန်းငှက်တို့ရဲ့ဘ၀အစဆိုတာ
ဟိုးသစ်ပင်အမြင့်ကြီးတွေဆီကနေ
အောက်ကို ခုန်ချလိုက်တာပဲ ... ” တဲ့။

သည်လိုပါပဲ၊ အနုပညာဆိုသည့် နက်ရှိုင်းလွန်းလှသည့် ချောက်ကမ်းပါးကြီးထဲသို့၊ လွတ်လပ် ကျယ်ပြောသည့် လဟာပြင်ကြီးထဲသို့ ခံစားမှုအာရုံသစ်ကို ရှိုက်မက်ကြီးစွာရှာဖွေရန် ခုန်ချပျံသန်းခဲ့ကြ သူများလည်း ဖြစ်သည်။
တခါတခါတော့လည်း ချစ်သူတွေချင်းပဲရန်ဖြစ်ကြပြန်ပါသည်။ တယောက်က အနုပညာဆိုတာ ပြည်သူတွေအတွက်ဆိုသည့် အလံကိုလွှင့်ထူလိုက်သည့်အချိန်၊ တယောက်က အနုပညာဆိုတာ အနု ပညာအတွက်ပါလို့ အလံလွှင့်တင်လိုက်သည့်အချိန်မျိုး။ သည်စဉ်မှာပဲ တနေရာက အနုပညာဆိုတာ ဘယ်သူ့အတွက်မှမဟုတ်ပါဘူး ဆိုသည့် အလံကို တင်လိုက်ကြပြန်တာမျိုး။
သည်နေရာတွင် တိုက်ပွဲတွေ၊ ပဋိပက္ခတွေလည်းရှိ။ အဖြေတွေ မေးခွန်းတွေ အငြင်းအခုံတွေ လည်း ရှိသည်။ ကာရန်ရှိနှင့် ကာရန်မဲ့၊ အသစ်နဲ့အဟောင်း။ လွတ်လပ်ကာရန်၊ မော်ဒန်ပိုထရီ။ ပို့စ် မော်ဒန်ပိုထရီ စသည်စသည်ဖြင့် ခြေလှမ်းများ အသံများ လမ်းသစ် လမ်းဟောင်းများ ရနံ့သစ် ရနံ့ ဟောင်းများ။
တချို့က ရင်ခုန်ပေါက်ကွဲပွင့်အန်ကြ။ အချို့က တိုးတိတ်တိတ်ဆိတ် ပုရောဟိတ်ဟန်၊ အကဲ ဒမစ်ဆန်ဆန်။ သည်လိုနှင့် အသွင်တူချင်းတွေ တကိုင်းတည်းနားကြ၊ တအုပ်တည်း ပျံသန်းကြ။ သံပြိုင်တေးဆိုကြ။ မျက်နှာချင်းဆိုင်ခဲ့ကြ။ ကျောချင်းခိုင်းခဲ့ကြ။ မျက်လုံးချင်း ဆုံခဲ့ကြ။ မျက်လုံးချင်းလွှဲခဲ့ကြ။
ကိုချောနွယ်ရဲ့ စစ်ပြီးခေတ်ပြဇာတ်မင်းသားဟန်နဲ့ ခနဲ့တဲ့တဲ့ ဒိုင်ယာလော့တွေ။ ရွှေလမင်း (ကဖေး)ဂူဝမှာ ခြင်္သေ့ထိုင်ထိုင်ပြီး လောကကြီးကို ဈာန်သမာပ္ပတ်ဝင်စားနေပုံမျိုးနှင့်နေတတ်သည့် ဆရာအောင်ချိမ့်၏ အနုပညာယုံကြည်မှုမာန ဆေးသားထူထူတွေ။ ရေဆေးပါးပါး ကြည်ကြည်လေးကို အကြည်ဓာတ်နှင့်ရေးတာပါဆိုသည့် မျက်မှန်ထူထူအောက်က မျက်လုံးကြည်ကြည် ဖိတ်ဖိတ်တောက် နေသည့် ပန်းချီကျော်မုတ်သုန်၏ အပြုံးရိပ် လွင်လွင်တွေ။
အားလုံးကတော့ သောကပရိဒေ၀တွေကို အနုပညာသစ္စာတခုမှာသာ အရင်းတည်ပြီး ဘ၀ကြီး တခုလုံး ပုံအောပေးဆပ်နေကြသူများ၊ အနာဂတ်ကို ချစ်မက်မျှော်လင့်နေကြသည့် သူတို့၏အာရုံခံစားမှု ပုံရိပ်လွှာများ။
လက်တဖက်က အနာဂတ်ကိုလှမ်းဆွတ်ခူးနေချိန်တွင် ကျန်လက်တဖက်ကတော့ဖြင့် ပစ္စုပ္ပာန် ကို လွတ်ကျနေခဲ့ကြရပုံများ။

တချို့ကတော့ ပင်ကိုယ်အရိပ်အာဝါသကောင်းကောင်းအောက်က လမ်းလျှောက်ထွက်လာ ကြသူများပီပီ လေဒဏ်မိုးဒဏ် နေလောင်ခံရတာတွေက အပယိက။ များသောအားဖြင့် ဘ၀များက မိုး ထဲလေထဲ မုန်တိုင်းများထဲက လယ်ထဲချောင်းထဲ ပက်ကြားအက်ထဲက။ မြို့ပြ၏မွန်းကျပ်မှု ဂယက် ၀ဲသြဂမှ။
သည်လိုနှင့် သူတို့၏အနုပညာတွေနှင့် သူတို့ကိုယ်သူတို့ ထွန်းညှိခဲ့ကြ။လောကကို ထွန်းညှိခဲ့ကြ။ အနာဂတ်ကို လင်းဖြာဝင်းပစေခဲ့ကြ။ စုန်ရင်းဆန်ရင်း မာနကြီးရင်း၊ ငတ်ရင်းပြတ်ရင်း သောက်ရင်းမူးရင်း ဝေခဲ့ကြ၊ ကြွေခဲ့ကြ။
မည်းညစ်နံဟောင်စုတ်ပဲ့နေတော့သည့် မိုးကောင်းကင်ကြီးကို တွန်းရွှေ့ဖျက်သိမ်းပစ်ဖို့ ကြိုး ပမ်းနေကြ ကြိုးပမ်းခဲ့ကြသည်လေ။
ရွှေကြည်အေး၊ ၃၃ လမ်းထိပ်က ရေတမာပင်ရိပ်လေး၊ လေထန်ကုန်း။
အချိန်ကာလများ၊ လူပုဂ္ဂိုလ်များ၊ ခေတ်များ၊ တဖြည်းဖြည်းရွေ့လျားပြောင်းလဲသွားသော်လည်း ၃၃ လမ်းကျဉ်းလေးကတော့ အနာဂတ်ကို လှမ်းမျှော်ခူးဆွတ်နေကြဆဲ။

၃။

၃၃ လမ်းကျဉ်းလေးကား အတိတ်တွင် မှုန်ရီလျက်။

အနာဂတ်ကိုယုံကြည်၊ အာရုံခံစားမှုကိုတပ်မက်၊ သူတို့ရဲ့အိပ်မက်တွေကိုလောကအတွက် ပန်း တွေလိုဖူးခဲ့ပွင့်ခဲ့ကြ။ လမ်းတွေဖောက်ခဲ့ကြ။ မည်းညစ်ပိတ်မှောင်နှောင်တည်းချထားသည့် ကောင်းကင် ကြီးကို ဟင်းလင်းပွင့်သွားအောင် သူတို့နုလုံးသားတွေနဲ့ ဆွဲဖွင့်ခဲ့ကြ။

သည်လမ်းလေးထဲမှာပဲ တချို့က အစွမ်းကုန်ထွန်းပလင်းလက်နေဆဲ။ အချို့က ကြယ်ပွင့်လေး များကြွေသလို ကျွမ်းလောင်ကြွေပျက်ခဲ့ကြ။ တချို့လည်း ငှက်ငယ်လေးများအိပ်တန်းပျောက်ခဲ့ကြသလို သည်နေရာလေးမှ ပဟေဠိဆန်စွာ ပျောက်ကွယ်သွားခဲ့ကြ။ ကာလအတော်ကြာမှ ရင့်ကျင်တည်ကြည် စွာ ပြန်လည်ရောက်ရှိလာခဲ့ကြ။
တချို့သက်လုံမကောင်းနိုင်ခဲ့သူတွေ ကိုယ်ခံအားနည်းသူတွေကျတော့လည်း သည်နေရာလေး ကနေ မသိမသာဖယ်ကြဉ်ထွက်ခွာသွားခဲ့ကြရာမှ တစစ ထာဝရ ပျောက်ကွယ်သွားခဲ့ကြ။
လမ်းကျဉ်းလေးကတော့ သူ့ပခုံးပေါ်မှာ မိုးထဲလေထဲ မုန်တိုင်းတွေထဲက ရာသီမရွေး ပျော်ရဲသူ တွေကို သယ်ပိုးရင်း သမိုင်းခေတ်များကို စီးဆင်းဖြတ်သန်းနေဆဲလေ။
အမှောင်ခေတ်ကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ်ထွန်းညှိရင်း အနာဂတ်ကိုလင်းလက်စေခဲ့ကြသူများ။

၃၃ လမ်း၊ လွမ်းဖွယ်အတိတ်၊ ချစ်သူတို့၏ပုံရိပ်များ ...

“ ကြယ်တွေကြွေသွားကြတယ်ဆိုပေမယ့် သူတို့ရဲ့အလင်းရောင်တွေက ကမ္ဘာမြေမှာ နှစ်ပေါင်းများစွာ ကျန်ရစ်ခဲ့စမြဲပဲလေ”

ခင်လွန်း

5 Comments:

  1. Nyo Htet Nyo said...
    ခေတ်ပြိုင်မှာ “၅၀သံခိပ်” ရေးခဲ့တဲ့ ဆရာခင်လွန်းပဲထင်ပါရဲ့ခင်ဗျာ။ အဲဒီကဗျာလေးကတော့ အခု ကျွန်တော့်ဒိုင်ယာရီထဲ ရောက်နေပြီပေါ့။ ဒီအက်ဆေးလေးကလဲ ၃၃လမ်းကို ပြန်ခေါ်သွား တယ်ဗျာ။ ကျွန်တော့်ကို။ တင်ထားတာတွေအားလုံး အခုစပြီး ဖတ်ရှုနေပါပြီ။ ကျန်းမာပါစေ
    Han Thit Nyeim said...
    မရောက်ဖူးပေမယ့် ဖတ်ရတော့ ရောက်သွားသလိုလို လွမ်းကျန်ခဲ့သလိုလို ခံစားရတယ်ဗျာ။ စာကောင်းလေး တစ်ခုပါ။
    ယောနသံစင်ရော် said...
    ကိုးတန်း ဆယ်တန်း ကျောင်းသူဘဝ မှာ ၃၃ လမ်းထဲက လေထန်ကုန်းမှာ ထိုင်ဖူးတယ်။ ကျူရှင်က ၃၄ လမ်းမှာရှိတော့ အမြဲရောက်တယ်။ စာရေးဆရာကြီးတွေ ပြောဆိုနေတာတွေကို သိသိသာသာရော။ မသိမသာနဲ့ ပါ နားစွင့်ထောင်ဖူးခဲ့တယ်။ သူတို့ကို အားကျတဲ့စိတ်လည်း အမြစ်တွယ်ခဲ့ဖူးတယ်။ ဘဝသမား စစ်စစ်တွေကို တွေ့ချင်မြင်ချင်လို့ .. လေထန်ကုန်းကိုသွားထိုင်ဖူးတဲ့ ခပ်ငယ်ငယ် ကလေးတအုပ်ကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး...။
    Anonymous said...
    စာလေးဖတ်ပြီး တကယ်ရောက်သွားသလိုပါပဲဗျာ
    k said...
    ၃၃ လမ်းကျဉ်းလေးထဲ ၀င်ရောက်လာသူအားလုံးကို ကျေးဇူးတင်ကြောင်းပါ။
    ကျနော်တို့ဘ၀တွေကို အခုလို မိတ်ဆက်ပေးလိုက်တဲ့ကျနော့်မှာ မျှော်လင့်ထားတာတွေရှိပါတယ်။
    အဲဒါက သူတို့တွေဘ၀နဲ့ ပေးဆပ်မှုတွေကို
    အလေးထားစေချင်တာပါဗျာ။
    တကယ်က ဒီ့ထက်ကျနော် ပြောပြချင်ပါတယ်။
    နောက်များတော့ ကြိုးစားရအုံးမယ်လို့
    ကျနော် စိတ်ထဲ တေးလိုက်မိတယ်။
    အားလုံးကိုလေးစားလျက်
    လွန်း

Post a Comment