Saturday, February 14, 2009

စာဖတ်သူ ..
အခုဖော်ပြထားတဲ့ပုံက ကျနော်မြင်ဖူးခဲ့တဲ့ တောကြီးပင့်ကူ ဆိုတာမျိုးပါ။ အင်တာနက်ကရှာပြီး တင်ရတာပေါ့ဗျာ။ အဲဒီ့ အသည်းယားစရာ သတ္တ၀ါကိုမြင်ခဲ့တဲ့နေ့က အဖြစ်အပျက် လေးတခုကို ရေးထားတာလေ။ တချို့ကလဲ အဓိပ္ပာယ်တ မျိုးရကြတယ်ထင်ပါရဲ့။ အင်း ဒါလဲ ခပ်ကောင်းကောင်း။ ဖတ်ကြည့်ပါအုံးမိတ်ဆွေ။ မိတ်ဆွေလဲ အဓိပ္ပာယ်ကောက် ချင်သလိုကောက်နိုင်ဖို့။ ကျေးဇူးတင်ပါတယ်။(စာရေးသူ)

လောကကြီးမှာ နာမည်ကြီးတဲ့ကောင် နာမည်ရှိတဲ့ကောင်ကသာ ဘာဖြစ်ဖြစ် ဘာလုပ်လုပ် ထင် ပေါ်တတ်တာ လူသိများတာ ဒါက အစဉ်အလာ။ ... အဲ နာမည်မရှိတဲ့ကောင် လူသိနည်းတဲ့ကောင် က မထင်တာတခုခုထလဲလုပ်ရော လူတွေရှော့ဖြစ်ကုန်ရောကိုယ့်လူ ရှော့ဖြစ်ကုန်ရော။ ဒါဟုတ်မှ ဟုတ်ပါ့မလားပေါ့နော။ ဒီလိုဖြစ်ကြရတာကိုး။

၁။
အဲဒီနေ့က အလုပ်ခန်းထဲမှာ မောင်လူကလေးတယောက် ထုံးစံအတိုင်း အလုပ်တွေနဲ့ဗျာများနေ တုန်း ညီလေးလိုနေတဲ့စန်းဌေးက အခန်းဝရှေ့ကိုယ်တခြမ်းပေါ်လာပြီး အကို အလုပ်ရှုပ်တယ်မ ထင်နဲ့၊ တောကြီးပင့်ကူမြင်ဖူးလား၊ မမြင်ဘူးရင် လာကြည့်လှဲ့လို့ပြောတဲ့ပြီး ချာခနဲလှည့်ပြန် သွားပါ တယ်။

အမှတ်တမဲ့ဆိုတော့ မောင်လူကလေးစိတ်ထဲ ဘာမှန်းသဲသဲကွဲကွဲ မသိလိုက်ပါဘူး။ ဒါပေမဲ့ မကြား လိုက်တာလဲ မဟုတ်ပါဘူး။ ဘာကိုဆိုလိုတာလဲ ဘာဆိုင်လို့လဲ မရှင်းတာပါ။ ကိုယ့်အလုပ်နဲ့ကိုယ် အာရုံနစ်နေတုန်းဆိုတော့ ဒီလိုပဲဖြစ်တတ်ကြတယ်မဟုတ်လား။

ဒါနဲ့ပဲအခန်းအပြင်ဘက်ကိုနားစွင့်ကြည့်လိုက်တော့ ..
“ဟေ့၊ သွားမထိနဲ့မထိနဲ့။ တော်တော်အဆိပ်ပြင်းတဲ့အကောင်နော်။ ဘာအောက်မေ့လို့လဲ။ မြွေပွေး ထက်ဆိုးတယ် ”
“ဟယ် ပင့်ကူကြီးက အကြီးကြီးပဲနော်။ လှလိုက်တာ။ အမွှေးလေးတွေက ကတ္တီပါသားလေးကျနေ တာပဲ ”
“တောကြီးပင့်ကူကွ၊ မြွေဟောက်တောင် ဦးနှောက်ဖောက်စားတာ ”
ဒီလိုအသံတွေမျိုးစုံနေရတော့ မောင်လူကလေးလဲ လုပ်လက်စအလုပ်တွေ ခဏရပ်လိုက်ပြီး အသံ တွေလာရာကို ထသွားလိုက်ပါတယ်။ ပင့်ကူတွေတော့မြင်ဖူးနေကြပါ။ နံရံတွေမှာ၊ မျက်နှာကျက် တွေမှာ၊ လူနဲ့ကင်းဝေးနေတဲ့ အိမ်တအိမ်ရဲ့ချောင်ကလောင်ထဲမှာ၊ စာအုပ်စင်တွေမှာ စသဖြင့် ပင့် ကူတွေဟာ သူတို့အမျှင်တွေကို ကွန်ယက်လိုယှက်ပြီး အိမ်ဖွဲ့နေကြတာတွေ။

ဒါပေမဲ့ တောကြီးပင့်ကူဆိုတာကိုတော့ မောင်လူကလေးလဲ တခါကမှ မမြင်ဖူးဘူးလေ။
“ ဒီမှာလေအကို၊ ကြည့်ကြည့်ပါအုံး ”

ခေါင်းလေးငါးလုံးဆိုင်နေတဲ့ဝိုင်းအလယ်မှာ စန်းဌေးက ဆောင့်ကြောင့်လေးထိုင်ပြီး ပင့်ကူကိုတုတ် ချောင်းလေးတချောင်းနဲ့ ဟိုဘက်လှည့်ကြည့်လိုက်၊ ဒီဘက်လှည့်ကြည့်လိုက်နဲ့ ဖင်ပြန်ခေါင်းပြန် လုပ်ရင်း မောင်လူကလေးမြင်သာအောင် ပြပါတယ်။

ခပ်ငယ်ငယ် လယ်ပုစွန်လုံးလောက်မရှိတတ်ရှိတတ်ကိုယ်ထည်မှာ လက်ချောင်းတွေ ကိုးရိုးကား ယားနဲ့ ဦးမှင်နှစ်ချောင်း မိုးပေါ်ထောင်ပြီး အာရုံခံနေဟန်ရှိတဲ့ ပင့်ကူကြီးတကောင်။ ကတ္တီပါး သာလို အရောင်စိုနေတဲ့ သူ့အမွှေးသူ့အမျှင်တွေက အဆိပ်ရှိတဲ့ သတ္တ၀ါတကောင်အဖြစ်ကို ဟန်လုပ်ဖုံး ကွယ်ထားသလိုမျိုး အမြင်ကတော့လှပါဘိ။ အရွက်ဖားဖားတွေဝေနေတဲ့ ဂမုန်းပင်တွေကြားက ထွက်လာတာတဲ့။ ဘယ့်နှယ့် တောကြီးမျက်မည်းထဲမှာ ရှိရမယ့်အကောင်က ဘယ်လိုဘယ်လို နဲ့ များ ဒီမြို့ပြမှာရောက်နေပါလိမ့်ကွယ်လို့ မောင်လူကလေး တွေးလိုက်မိပါသေးတယ်။

ဘာပဲပြောပြော မြို့ပြရိပ်သန်းနေတဲ့ဒီလိုနေရာမှာ ဒီပင့်ကူကြီးကပဲ ၀ိုင်းကြည့်နေတဲ့ လူတွေကို စ ကားဝိုင်းတခုဖြစ်စေခဲ့တော့ မောင်လူကလေးလဲ အသာငြိမ်ပြီးနေလိုက်ပါတယ်။
သူတို့စကားဝိုင်းက
တောကြီးပင့်ကူဆိုတာ၊ တောကြီးပင့်ကူဆိုတာ ...။

၂။
ကဗျာဆရာအိမ်က ပန်းအိုးထဲ အဆိပ်ပြင်းတဲ့ပင့်ကူတကောင်ရောက်နေတာဟာ နိမိတ်ပုံ တခုဗျလို့ သူကိုယ်တိုင်ကဗျာတွေရေးနေတဲ့ မောင်ငြိမ်းလူက မှတ်ချက်ချပါတယ်။ ဒါပေမဲ့ သွားတော့မထိနဲ့ နော်။ တုံးခနဲပဲတဲ့။

ကြည့်ရတာ ဒီပန်းမျိုးရင်းက တောထဲကဖြစ်မှာဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင် ဥအနေ နဲ့ပါလာ ပြီး ဒီရောက်တော့မှ ပေါက်တာ။ ဒါ တကယ့်တောကြီးပင့်ကူမျိုး။ တောထဲမှာ မျောက်တွေ ဘာတွေ လိုအကောင်မျိုးရဲ့ဦးနှောက်ကိုတောင် ဖောက်စားတဲ့အကောင်မျိုးလို့ တောထဲတောင်ထဲမှာ ဆယ့် လေးငါးနှစ်ကျင်လည်ခဲ့ရတဲ့ ကိုဝင်းကိုနိုင်ကလဲ သူ့အတွေ့အကြုံကို ပြောပါတယ်။
ဟုတ်တော့လဲ ဟုတ်ပါရဲ့လို့ မောင်လူကလေးထင်မိပါတယ်။ တကယ်က တောတောင်တွေ ပတ်ချာဝိုင်းနေတဲ့နယ်စပ်မြို့လေးဟာ သူ့အကျိုးပေးနဲ့သူ တနေ့ထက်တနေ့ ကြီးထွားလာနေပေ မယ့် တောရဲ့အငွေ့အသက်တွေ တောရဲ့ဗီဇစရိုက်တွေက စွန်းပေကျန်ရစ်နေဆဲပဲဆိုတာ ဒီပင့်ကူ ကြီးက ပြောပြနေတာမျိုးပဲလို့ မောင်လူကလေး ထင်မိပါတယ်။ ပန်းချစ်တဲ့ သူ့သူငယ်ချင်း ကဗျာ ဆရာဟာ ပန်းအမျိုးမျိုးကိုဝယ်ခြမ်းပြီး အိုးနဲ့အလှစိုက်ထားတဲ့နေရာမှာ ဒီပင့်ကူက ဘယ်တုန်းက ရောက်နေမှန်းမသိ ရောက်နေတာဆိုတော့ သူတို့တွေ ထင်ကြေးကလဲ ဖြစ်နိုင်တာပဲလို့ မောင်လူ ကလေး တွက်မိပါတယ်။

ဒီပင့်ကူမျိုးတွေက သိပ်အဆိပ်ပြင်းတာဗျ။ သစ်ဖောင်မျှောတဲ့လူတွေဆို သူတို့ဖောင်မှာ ဒီလို ပင့်ကူ ကြီးတွေရှိရင် သိပ်သဘောကျကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သစ်ဖောင်ဆွဲရင်း ငန်းမြွေတွေ ဒီ့ ပြင့်မြွေတွေ ပါလာတတ်ကြတာဆိုတော့ အဲဒီ့အကောင်တွေဦးနှောက်ကို ဒီပင့်ကူတွေက ဖောက် ဖောက်စားပစ်လိုက်တာလေ။ ဖောင်သမားတွေအဖို့တော့ မိတ်ဆွေပေါ့ဗျာတဲ့။ ဒါပေမဲ့ အန္တရယ်ရှိ တဲ့မိတ်ဆွေပေါ့တဲ့။ တလောကမှ နိုင်ငံရေးမှုနဲ့ ထောင်ကထွက်လာပြီး ဒီဘက်ကမ်း လွတ်မြောက်ရာ မြို့ကလေးဆီကိုရောက်လာတဲ့ ပန်းချီဆရာ ကိုတင်ကိုကိုဦးက ပြောတာပါ။ သူက ကျနော်တို့ အတွက် ပင့်ကူဆိုတာ ထောင်ထဲမှာကြည့်ရတဲ့ ဒစ်စ်ကာဗာရီပေါ့ဗျာ။ ပင့်ကူရယ်၊ အိမ်မြှောင်ရယ်၊ ပုရွက်ဆိပ်တွေရယ်လို့ သူ့အကျဉ်းသားဘ၀ကို ပြန်မြင်ယောင်ပြီးတောင် ထည့်ပြောလိုက်ပါသေး တယ်။

စန်းဌေးကတော့ တောကြီးပင့်ကူဆိုတဲ့ကောင်ကို တုတ်ချောင်းလေးနဲ့ မရဲတရဲဆွကြည့်လိုက်၊ သူ များပြောတာနားထောင်လိုက်နဲ့နေရင်း ကျနော်လဲ ဒီအကောင်အဆိပ်ပြင်းတယ်ဆိုတာ ယုံတယ်ဗျ။ ခပ်ငယ်ငယ်ကကြည့်ဖူးတဲ့ ဂျိမ်းစ်ဘွန်းကားတကားထဲမှာ လူဆိုးတွေက ဂျိမ်းစ်ဘွန်းကို ဟိုတယ်တခု မှာ ပင့်ကူတကောင်နဲ့လုပ်ကြံတဲ့အခန်းတခန်းပါတယ်လေ။ ဒီပင့်ကူက အဲဒီလိုအရောင်မျိုး။ နီညို ညိုကြီး။

စန်းဌေးပြောတာကြားတော့ မောင်လူကလေးကိုယ်တိုင်လဲ ရုပ်ရှင်ထဲမှာလိုလို ဖတ်ဖူးခဲ့တဲ့ ၀တ္ထု တွေထဲမှာလိုလို ပင့်ကူနီတွေ အဆိပ်ပြင်းတဲ့ပင့်ကူနက်ကြီးတွေကို ပြန်သတိရမိပါတယ်။ ဒါပေမဲ့ သူ တို့လို ပိုင်ပိုင်နိုင်နိုင် မှတ်မှတ်ရရမရှိလှတော့တဲ့အတွက် စကာဝိုင်းထဲ ၀င်ပါမနေဖြစ်တော့ပါဘူး။ လက်ချောင်းတွေတရွရွလှုပ်နေတဲ့ တောကြီးပင့်ကူဆိုတဲ့အကောင်ကိုသာ ဘာရယ်မဟုတ်ဘဲ ကြည့် နေမိပါတယ်။ ခဏနေတော့မှ လုပ်ရမယ့်အလုပ် ခေါင်းးထဲပြန်ဝင်လာတာနဲ့ ကဲ ကဲ အဆိပ်သိပ်ပြင်း ရင်လဲ ကြည့်မနေနဲ့ကွာ၊ ခပ်ဝေးဝေးမှာ သွားပစ်လိုက်ချေအုံးလို့ပြောပြီး အဲဒီ့နားက လှည့်လာခဲ့ပါ တယ်။

အထူးအဆန်းဆိုတော့ လူတွေက အဆိပ်တွေဘာတွေကြောက်ရကောင်းမှန်းမသိ မေ့ချင်မေ့နေ တတ်တာကိုး။

၃။
ဒီလိုနဲ့တနေ့လုံးကိုယ့်အလုပ်နဲ့ကိုယ် လုံးချာလိုက်ရာက ညရောက်တော့မှပဲ စန်းဌေးနဲ့ ထမင်းဝိုင်း မှာအတူထိုင်ကြရင်း မောင်လူကလေးက ဟ ဒါနဲ့ မင့် ပင်ကူကြီးဘယ်ရောက်သွားပလဲဟ လွှင့်မှ လွှင့်ပစ်ကြရဲ့လားလို့ သတိတရ မေးမိပါတယ်။

မပစ်ရသေးဘူးအကို၊ ကျနော်ဘယ်ပစ်ရမှန်းမသိတာနဲ့ ဖန်ဗူးတခုထဲ ထည့်ထားတယ်။ မနက်ကျမှ တောင်ပေါ်လူကြုံရှာပြီး ပစ်ခိုင်းမလားလို့ လို့ဆိုတော့ မောင်လူကလေးက ဖန်ဗူးထဲ ပိတ်နေလို့လေ လုံပြီး သေသွားပါအုံးမယ်ကွာ၊ ကြည့်လုပ်ပါအုံးပေါ့။ စန်းဌေးကလဲ ကြံကြံဖန်ဖန် အကိုရာ ဒီလို အ ကောင်မျိုးတွေက ဒီလောက်နဲ့မသေတတ်ပါဘူး။ အဲ အကို့တူကတောင် ပင့်ကူကြီး ဗိုက်ဆာနေပဲ မှာပဲဆိုပြီး ပိုးကောင်လေးတွေ ပုလင်းထဲထည့်ပေးထားသေးတယ်။ သူစားချင် စားရအောင်တဲ့လို့ သူ့သားတော်မောင်လေးကိုရည်ညွှန်းပြီး မောင်လူကလေးကို ပြန်ပြောရှာပါတယ်။

ဒါပေမဲ့ မောင်လူကလေးက နည်းနည်း နားမရှင်းပြန်ဘူးလေ။ စန်းဌေးသားက ပင့်ကူကြီး ဆာနေမှာစိုးလို့ပိုးကောင်လေးတွေ လိုက်ဖမ်းပြီး ပုလင်းထဲထည့်ပေးထားတာဆိုတာကို နားမလည် တာ။ ပင့်ကူဆိုတာ ဘယ်လိုအစာ စားသလဲပေါ့။ ဒါနဲ့ပဲ မြိန့်မြိန့်ကြီးလုပ်မနေအားတော့ဘဲ နို့နေပါ အုံး၊ ပင့်ကူက ဘာတွေစားလဲ ဘယ်လိုစားလဲကွဆိုပြီးလုပ်ရတော့တာပေါ့။ ဒီတော့မှ စန်းဌေးက ဟာ အကိုကလဲ သူက အင်းဆက်လေးတွေဘာတွေစားတာပဲဟာပေါ့လို့ဆိုပြီး မောင်လူကလေးကို ညံ့ရန်ကောဆိုတဲ့အကြည့်မျိုးနဲ့ ကြည့်လို့။

နို့၊ ဒါကတောကြီးပင့်ကူဆိုကွ၊ မြွေတွေဘာတွေရဲ့ ဦးနှောက်မှစားတာဆိုလို့ ထပ်ကျော့တော့ စန်းဌေးက တကယ့်စိတ်ပျက်လက်ပျက်ဖြစ်သွားပုံနဲ့ အကိုရာ ဒါက တောကြီးမျက်မည်းထဲ ရောက် နေတာမှမဟုတ်တာဗျာ၊ ပိုးကောင်လေး ဘာလေးပဲစားပေါ့လို့ဆိုပြီး နဝေးပဝေးနိုင်လှတဲ့ မောင်လူ ကလေးနားက စိတ်မရှည်ဟန်နဲ့ ထသွားပါလေရော။

အဲဒီတော့မှ မောင်လူကလေးလဲ အမေးအမြန်းရပ်သွားရတော့တယ်။ ဟုတ်တာပေါ့။ ဒီအ ကောင် ကြီးက ဒီလိုပဲ အင်းဆက်လေးတွေစားပြီး ကဗျာဆရာရဲ့ရွက်လှပန်းအိုးထဲမှာ ငြိမ်ငြိမ် ကုပ် ကုပ် နေ ခဲ့မှာပေါ့။ အခက်အရွက်တွေဖားဖားဝေနေတဲ့ကြားမှာ သူ့ကိုမမြင်အောင်နေခဲ့တာ နေမှာပေါ့လို့ တွေးမိတယ်။ နောက်ပြီး ပင့်ကူဆိုတဲ့ကောင်မျိုးက အင်းဆက်ပိုးလိုအကောင်မျိုးကို တကိုယ်လုံး ကျွတ် ကျွတ် ၀ါးစားတာမျိုးမဟုတ်ဘဲ ဦးနှောက်ကိုသာရွေးပြီး ဖောက်စားတတ်ကြတာကလား။ အင်း အင်း အင်းလို့ ကိုယ့်အတွေးနဲ့ကိုယ် မောင်လူကလေးတယောက် ခေါင်းတညိတ်ညိတ်လုပ်ကာ ထမင်းဝိုင်းက ထလာပါတယ်။

ထမင်းစားပြီးခါစ ခံတွင်းချင်လေးပြေအောင် ဆေးပေါ့လိပ်လေးတော့ ဖွာလိုက်အုံမှပဲဆိုပြီး အပြင် ထွက်လာတော့ တောက်တိုမယ်ရတွေတင်ထားတဲ့စင်လေးတခုပေါ်မှာ ဖန်ဗူးတခုထဲထည့် ထားတဲ့ တောကြီးပင့်ကူဆိုတဲ့မောင်မင်းကြီးသားကို ခြေကားယားလက်ကားယားနဲ့ မြင်လို့ ဘာရယ်မဟုတ် ကြည့်လိုက်မိပါသေးတယ်။ ဖန်ဗူးထဲမှာတော့ စန်းဌေးသားလေးက သူဖို့အစာအဖြစ် ဆက်သထား ရတဲ့ လက်မအရွယ်လောက် အင်းဆက်ပိုးကောင်လေးတကောင်လဲ လှုပ်တုတ်လှုပ်တုတ်။ ဘာ ကောင်မှန်းညာကောင်မှန်းတော့ မောင်လူကလေးလဲ မသိပါဘူး။ နောက်ချေးပိုးလိုလို အခွံမာမာ အမျိုးအစားထဲက အင်းဆက်ပိုးအကြီးစားတကောင်။

စန်းဌေးသားလေးက ကလေးအတွေးနဲ့ သူ့ဘာသာဖမ်းထည့်ထားတာ။ ကိုယ်ချင်းစာတရား ပေါ့ လေ။ ပင့်ကူကြီး ဆာရှာမှာစိုးလို့တဲ့။ မောင်လူကလေးကတောင်ထပ်ပြီး ကပ်ကပ်သပ်သပ်တွေး မိ သေးတာ။ ရေဆာရင်သောက်ဖို့ ရေခွက်လေးလဲ ခပ်ထားပေးလိုက်ပေါ့ကွာလို့။

၎။
“ အကိုအကို ထထ ဒီမှာလာကြည့်ပါအုံး ”
မနက်အိပ်ရာကထမယ်ကြံကာရှိသေး စန်းဌေးအလန့်တကြားလာနှိုးတာနဲ့ မောင်လူကလေးလဲ ပျင်း ကြောတောင်မဆန့်အားဘဲ ဟ ဘာဖြစ်ကုန်ပြန်ပလဲဟ ဆိုတဲ့စိတ်နဲ့ ပုဆိုးစွန်တောင်ဆွဲပြီး သူခေါ် တဲ့နောက် ကမမ်းကတမ်းလိုက်သွားပါတယ်။

အိပ်ရာကထခါစမို့ မျက်လုံးက ကောင်းကောင်းမှကြည့်မကောင်းသေးခင် စန်းဌေးက ကဲ ဒီမှာကြည့် အကိုရေ သေသေချာချာကြည့်ဆိုလို့ကြည့်လိုက်တော့ မနေ့က တောပင့်ကူကြီးထည့် ထားတဲ့ဖန် ဗူး။

အေးလေ ဘာဖြစ်လို့လဲကွ၊ မောင်လူကလေးကမရှင်းဘူး။ ပင့်ကူကိုဖမ်းထည့်ထားတာ ဘာဖြစ် လို လဲပေါ့၊ လွတ်များလွတ်သွားသလား။ ချောင်တချောင်ချောင်ထဲမှာခိုပြီး လူတွေကိုများ ဒုက္ခပေးမှာ စိုးလို့လားပေါ့။

“ ဟာ အကိုကလဲ သေသေချာချာကြည့်ကြည့်ပါအုံး။ နောက်မှပြော ”
စန်းဌေးဆိုလိုချင်တာကိုသိဖို့ မောင်လူကလေးလဲ မျက်လုံးကိုအားထိုးပြီးကြည့်တဲ့အနေနဲ့ မျက် မှောင်ကြီးကြုတ်ကာ သေသေချာချာထပ်ကြည့်လိုက်တော့ ..
တောကြီးပင့်ကူဆိုတဲ့ကောင်က မလှုပ်မခြောက်ငြိမ်လို့။
သူ့အစာဆိုပြီး ဖမ်းထည့်ထားတဲ့ အင်းဆက်ပိုးကောင်ကတော့ သူ့ရဲ့ဦးမှင်နှစ်ချောင်းကို တထောင် ထောင်တကားကားလှုပ်လို့။
အကိုရေ၊ ပင့်ကူကြီးကို အဲ့ဒီ့ကောင်က ဦးနှောက်ဖောက်စားလိုက်လို့ သေပြီဗျ။ အဲဒါ အကို့ကိုခေါ် ပြတာတဲ့။
မောင်လူကလေးလဲ မြတ်စွာဘုရားလို့ အသံထွက်အောင်တမိလိုက်ရုံမက မျက်လုံးအပြူးသားနဲ့ မှင် တက်မိလျက်သားပေါ့ဗျား။

ခင်လွန်း
၂၅၊ မေ၊ ၂၀၀၅

21 Comments:

  1. HAPPYCLOUD said...
    ကောင်းတယ်ဗျိုး..
    ဖိုးမောင်
    Han Thit Nyeim said...
    လောကနိယာမပါပဲဗျာ...
    ကိုရင်နော်ခင်လေးငယ် said...
    ဟုတ်ပါ့.. လောကနိယာမ..း)
    ဖတ်ရင်းစိတ်ဝင်စားလာတယ်..
    ကလေးကိုများ ဦးနှောက် ဖောက်စားတော့မှာလားလို့..း)
    ဆိုးသွမ်း said...
    ပို့စ်ကောင်းတခုပါပဲ။
    ကျေးဇူးတင်ပါတယ် လာဖတ်ဖို့ ဖိတ်ခေါ်တဲ့အတွက်။
    Dream said...
    တော်သေးတယ်... ပင့်ကူက မြွေကိုပဲဖောက်စားလို့ .. အဟီး.. ဖတ်ရင်းနဲ့ ကြောက်လာတယ်.. အရေးအသားကလည်းရှယ်ပဲနော်..
    မင်းဒင် said...
    အကိုရေ၊ ပင့်ကူကြီးကို အဲ့ဒီ့ကောင်က ဦးနှောက်ဖောက်စားလိုက်လို့ သေပြီဗျ။ ။

    စားတဲ့ကောင်ကို ပြန်စား ၊ ရိုက်တဲ့ကောင်ကို ပြန်ရိုက် ။။ အော် ရိုက်စားသံသရာထဲ ကိုယ်ပါပါနေရော့သလား .. ။

    မင်းဒင်
    Nge Naing said...
    စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့ ပို့စ်လေးပါ။ အကြောင်းအရာက သိပ်မထူးဆန်းပေမယ့် မိတ်ဆက်ထားပုံနဲ့ စာဖတ်သူကို ဆွဲခေါ်သွားပုံက အရေးအသား သိပ်ကောင်းတော့ အချိန်သိပ်မရတဲ့ကြားက အဆုံးထိ ဖတ်ဖြစ်သွားတယ်။
    masumon said...
    ကောင်းလိုက်တဲ့ ပို့စ်လေး နောက်ဆုံးတော့ သူများကို လုပ်ခဲ့သမျ သူ့အလှည့်ပြန်ရောက်သွားတာပဲ
    ourstream said...
    အင်းးးးးးးးးးး စဉ်းစားစရာ
    နှင်းပွင့်ဖြူလေး said...
    အင်းး...... နော်
    ဒီလိုပါပဲ လောကကြီးထဲမှာ
    အလှတရား said...
    သံဝေဂရတယ်ဗျာ
    အိမ် said...
    ဘာပဲပြောပြော တောကြိးပင့်ကူအကြောင်းတော့ သိသွားတာပေါ့
    ဗျာ။ကောင်းတယ်ဗျာ ဆိုလိုချင်တာကို ရေးရေး
    လေး သိလိုက်သလိုပါပဲ။
    TNS said...
    အကိုခင်လွန်း...
    တောကြီးပင့်ကူကိုဖတ်သွားတယ်...
    ပုံသဏ္ဏာန်ပြောင်း တောကြီးပင့်ကူတွေကိုပါ အတွေးဖြန့် ကျက်သွားပါတယ်ဗျာ....
    နေသစ်ဆိုတဲ့ လူတစ်ယောက်ကတော့ သစ်ခက်သံလွင်ကို မမေ့ပါဘူး...
    အမြဲ ရောက်ပါတယ်...။
    ပန်းချီတွေဆွဲရင်း ဘလော့ဂ်လေးတစ်ခုလုပ်ထားပါရဲ့ ....။
    လင်းဦး(စိတ်ပညာ) said...
    တကယ် သံဝေဂရစရာပါပဲဗျာ
    တောင်ပေါ်သား said...
    This comment has been removed by the author.
    တောင်ပေါ်သား said...
    အကိုရေ ဖတ်ပြီး အတွေးတွေ ဖြန့်ခဲ့ပါတယ်။ ဒီပင်ကူလိုပဲ ဦးနှောက်ဖောက်စားနေတဲ့လူတွေ လဲ ရှိသလို တနေ့ ဒဏ်ပြန်ခံရမယ်ဆိုတာ.......


    လေးစားလျက်
    တောင်ပေါ်သား
    ငြိမ်းဝေ said...
    This comment has been removed by the author.
    ငြိမ်းဝေ said...
    Sayar lun
    you should be post this story before all of your old posts. this is my favourite story, you know.Great!
    မေမိုးမခ said...
    အရေးအသားကောင်းလိုက်တာ....
    ပင့်ကူကလဲကြောက်စရာကြီး
    များများထပ်ရေးပါဦးလို့တောင်းဆိုပါတယ်
    တားမြစ် ထားသော... said...
    ဦးနှောက်ဖောက်စားသွားတဲ့ကောင်။
    ဒီကောင်က နောက်ချေးပိုးထိုးကောင်လိုလို၊
    အင်းဆက်အကြီးစား။

    ဆက်တွေးဖို့ အတွေးချန်တဲ့ စာတစ်ပုဒ်ပါ။

    “““““““““““

    စာဖတ်လာဖို့ခေါ်လို့လည်း ကျေးဇူးပါ။

    သုခမိန်(E-Journal)
    choco thazin said...
    သူများ ဘလော့ဂ်တွေမှာ ဖိတ်ခေါ်ထားတာ တွေ့ လို့ လာဖတ်ပါတယ်။
    တော်တော် ကောင်းတဲ့ အရေးအသားနဲ့ အတွေးအခေါ်ပါပဲ။
    ဖတ်ခွင့် ရလို့ကျေးဇူးတင်ပါတယ်။
    နောက်များမှ ဘလော့ဂ်တစ်ခုလုံး အသေးစိတ်လာဖတ်ပါဦးမယ်

Post a Comment