Friday, April 23, 2010

မြစ်ဝကျွန်းပေါ်သား ငါ
မွေးကတည်းက ရေကူးတတ်တယ်
မြစ်လယ်မှာ ကိုယ်ကိုဖော့ မျက်နှာလေးဖော်
ကောင်းကင်းပေါ်မော်ကြည့်ရင်း အကြာကြီး နေနိုင်တယ်။
နားနှစ်ဖက် ရေပြင်မှာ မြုပ်နစ်နေတဲ့ တချိန်လုံး
နွံဝါတွေ ပို့ချသံ တစ်စီစီ ကြားရတယ်။
ဒါ တပြည်လုံး မြစ်ချောင်းစိမ့်စမ်းတွေက
သယ်ဆောင်လာတာ
စိုက်ကြစမ်း ပျိုးကြစမ်း ရှင်သန်ကြစမ်း
ကျေးဇူးတော် ဖော်ကျူးသံတွေ။
အညာဒေသက တို့သွေး တို့သားတွေ
ရေကြည်ရာ မြက်နုရာ ရှာ လာ အခြေချကြတယ်။
ဘဝသစ်ရွာတွေ ဒီမှာ လာတည်ကြတယ်။
ကရင်စု၊ ရှမ်းစုတဲ့ တိုင်းရင်းသားအမည်နဲ့ ရွာတွေ ရွာတွေ
ဘယ်ကြည့်ကြည့် ရေရှိတယ် မြေဆီရှိတယ်
နာဂစ်တဲ့
သဘာဝဖောက်ပြန်တဲ့ဒဏ် ငရဲပွက်ပွက်ညံပကော
အကြွင်းအကျန် ဒီရေတောလေးက
ရွာတရွာကို အသက်ကယ်နိုင်ခဲ့သတဲ့
မုန်းမှ ကျိုက်လတ် ဒေးဒရဲ
မုန်းမှ ကာလီဖိုးနီးယား ယဉ်ကျေးမှုချင်း
ဘယ်လောက်ဝေးသွားလဲ။
တို့ ဘိုးဘေးဘီဘင်တွေနဲ့ အခု တို့မျိုးဆက်တွေ
ယဉ်ကျေးမှုချင်း ဘယ်လောက် ဝေးသွားလဲ။
နာဂစ်ဟာ
ငါ့ရင်ထဲ အခုထိ ဝင်မွှေနေတုန်းပဲ။

မောင်အောင်ပွင့်

မေရဲ့ ပန်းပွင့် သို့မဟုတ် ကမ်းပါးပေါ်က ကျွံကျသွားခဲ့သော
နာဂစ်နေ့ နာဂစ်ည နာဂစ်အလွန် ခံစားမှုကဗျာများထဲမှ တင်ပြပါသည်။

2 Comments:

  1. မန်းကိုကို said...
    ကဗျာတွေကို သိပ်မခံစားတတ်ပေမယ့်၊ အသံနဲ့တွဲပြီး နားထောင်လိုက်တော့ စိတ်ကိုလှုပ်ခတ်နိုင်တယ်လို့ ခံစားမိပါတယ်။ ကျေးဇူးပါ။
    k said...
    မန်းကိုကိုခင်ဗျာ

    ကဗျာကို ဖတ်ပြီး ခံစားပေးတာ ကဗျာရွတ်ဆိုတာကို ခံစားပေးတာအတွက် အများကြီးကျေးဇူးတင်ပါတယ်။
    အဲဒီ့ မူရင်းကဗျာကို ရွတ်ဆိုထားတဲ့ ကဗျာဆရာဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆုနဲ့ အမေရိကားကပေးတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆုရှင်ပါ။
    သူကိုယ်တိုင်လဲ မြစ်ဝကျွန်းပေါ်သားဆိုတော့ နာဂစ်ကြောင့် သူ့စိတ်မှာ ဖြစ်ပေါ်လာမှုကို ဖော်ကျူးရေးသားတာမို့ ကျနော်တို့ မျှဝေခံစားသင့်ကြတယ်လေ။
    ဒါကြောင့် မန်းကိုကို ကို ကျေးဇူးတင်ကြောင်း ပြောရတာပါဗျာ။ နောက်လဲ သစ်ခက်သံလွင်ဘလော့ကို အလည်လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

    ချစ်ခင်မှုဖြင့်
    သစ်ခက်သံလွင်

Post a Comment