စာဖတ်သူ ..
တမနက်မှာတော့ ကျနော်ဟာ စိတ်ရှုပ်ထွေးစွာနဲ့ အိပ်ရာက ထလာပါတယ်။ အဲဒီ့ညက အိပ်လို့လဲကောင်းကောင်းမပျော် ခဲ့ပါဘူး။ အတွေးတွေ ဗလပွနဲ့ပါ။ ဖြစ်ရတာက ကျနော်မြင် တွေ့ထိတွေ့ဆက်ဆံနေရတဲ့ လူတွေထဲကတချို့ကို ကျနော့် စိတ်ထဲခိုးလုခုလုဖြစ်ရာက စတယ်ထင်ပါတယ်။
လူတွေမှာ မြေခွေးနဲ့တူတဲ့လူ၊ ယုန်သူငယ်နဲ့တူတဲ့လူ၊ ဝံပုလွေနဲ့တူတဲ့လူ၊ ကေသရာဇာခြင်္သေ့မင်းနဲ့ တူတဲ့လူ။ .. စသဖြင့် ပုံပြင်ထဲမှာ ကျနော် ကြားခဲ့ဖူးတာတွေလို အမျိုးမျိုးရှိပါရဲ့။ ခုခေတ်နဲ့ဆိုရင် စက်ရုပ်နဲ့တူတဲ့လူ၊ ဂဏန်းတွက်စက်နဲ့တူတဲ့လူ၊ လမ်းဘေးတယ်လီဖုန်းရုံနဲ့တူတဲ့လူ။ တခါသုံး ကင်မ ရာနဲ့ တူတဲ့လူတွေရှိသလို အဘိဓာန်စာအုပ်ကြီးတွေ၊ ဘာသာရပ်ဆိုင်ရာ ကျမ်းကြီးတွေနဲ့တူတဲ့လူ တွေတောင်ရှိကြရဲ့။ ကျနော်ကိုယ်တိုင်က တော့ အဲဒီမနက်မှာ လိပ်တကောင်နဲ့တူခဲ့တယ်ထင်ပါရဲ့။ ဒါ နဲ့ပဲ ဒီကဗျာလေးကိုရေးဖြစ်ပါတယ်။ ခုဆို ၅ နှစ်သားကဗျာလေးတောင်ဖြစ်ခဲ့လေပြီ။
ခေတ်ပြိုင်ဝက်ဘ်ဆိုက်ဒ်မှာတင်ခဲ့ဖူးပါတယ်။
ဖတ်ကြည့်ပါအုံး ချစ်မိတ်ဆွေ။ (ကဗျာရေးသူ)
လိပ်တကောင်၏ အိပ်ရာထအတွေး
ထုံစံအတိုင်းမနက်လို
ယောင်ချာချာ
တကယ်လုပ်ရမှာတွေက အများကြီး
ချိန်းထားတဲ့လူတွေရှိ
စကားတခွန်းပြောရမယ်
မေးခွန်းတခုမေးရမယ်
ဟင့်အင်း သို့မဟုတ်
အင်း လုပ်ရမယ်
မသိသလိုနေလိုက်ရမယ့်
နည်းဗျူဟာသုံးရမယ်
ကိုယ့်စိတ်ကို မမြင်စေရဘူး။
လူဟာ
ကိုယ့်အတွက်ကိုယ် စဉ်းစားကာ နိုးလာတာဖြစ်တယ်
မဟုတ်မှလွဲရော
ဒါ ငါမှမဟုတ်ပါဘူးလို့
တန်းညှိမိသေး
နောက်တကြိမ်လူဖြစ်ဖို့ဆိုတာက
ပိုပြီး ဒုလ္လဘဆန်သွားတယ်လို့တွေး...။
ကိုယ်ဖို့ချန်ထားပြီးမှ ဝေပါ
ကိုယ့်ဖို့ပါ ထည့်ဝေပါ
အညီအမျှလို့ထင်စားခံလိုက်ရချိန်မှာ
ဣနြေ္ဒမပျက်နေပါ
လူဟာ အထင်တလုံးနဲ့နေရဖို့ထက်
အထင်ကြီးခံလိုက်ရတာ ကောင်းတယ်
မျက်နှာမသစ်ခင်အထိ။
“ ပုထုဇနော ဥမ္မတကော” တဲ့
လိပ်တကောင်က
ဘယ်တော့မှ မျက်နှာမသစ်ဘူးလေ။ ။
ခင်လွန်း
ဒီဇင်ဘာ၊ (၂)ရက်၊ ၂ဝဝ၎
Tuesday, December 8, 2009
Labels: ကဗျာ
3 Comments:
Subscribe to:
Post Comments (Atom)
(တကယ်က ကိုခင်လွန်း ကဗျာတွေကို အရင်ကတည်းက ရင်းနှီးပါတယ်။ ဘလော့ဂ်ကိုလည်း ရောက်ဖြစ်ပါတယ်။)
လိပ်တကောင်က
ဘယ်တော့မှ မျက်နှာမသစ်ဘူးလေ။ ။
............
ဒါဆို ကျနော်လည်း လိပ်ပဲဗျ ။
ခင်လျက် ..
မင်းဒင်